ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင် ဈေးဝယ်ရန် ထွက်လာသူကို
တရုတ်ပြည်သူသို့ ပို့ဆောင်ရောင်းစားခဲ့သူကို အရှေ့ပိုင်းခရိုင်တရားရုံးက အောက်တိုဘာလ
၃၀ ရက်နေ့တွင် အလုပ်နှင့် ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခဲ့သည်။
၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက် နေ့ မွန်းတည့် ၁၂ နာရီအချိန်ခန့်တွင် ရန်ကင်းမြို့နယ်နေ
ဒေါ်တင်တင်အေး သည် အတူနေ အသက် ၂၈ နှစ်အရွယ် ညီမဖြစ်သူကို ဈေးဝယ်ခိုင်းရာက
ပြန်မလာသဖြင့် အစ်မဝမ်းကွဲ တော်စပ်သူနေထိုင်သည့် ဒဂုံမြို့သစ်တောင် ပိုင်း(၂၁)ရပ်ကွက်သို့
သွားရောက်မေးမြန်းခဲ့သည်။
ထိုသို့ သွားရောက်စုံစမ်းစဉ် ညီမဖြစ်သူကို ယခင်က ခင်မင်ရင်းနှီးသူ မနုနုထွေး(ခ)မဗိုက် (၂၅ နှစ်)
နှင့်တွေ့ရပြီး ၎င်းက ညီမဖြစ်သူကို အဆိုပါနေ့၌ပင် တရုတ်ပြည်တွင် ကလေးထိန်းရန် တစ်လလျှင်
ကျပ် တစ်သိန်းဖြင့် ပို့လိုက်ကြောင်း၊ ယခု ကျပ် ၈၀,၀၀၀ ယူထားရန် ပြောဆိုပေးအပ်ခဲ့သည်။
၎င်းက ငွေများကို ယူထားလိုက်ပြီး မနုနုထွေး(ခ) မဗိုက်အကြောင်းကို စုံစမ်းခဲ့ရာ လူကုန်ကူးသူ
တစ်ဦးဖြစ်ကြောင်း စုံစမ်းသိရသဖြင့် သွားရောက်မေးမြန်းခဲ့သည်။
ညီမဖြစ်သူကို တရုတ်နိုင်ငံ နန့်ယန်မြို့ ဖူချိုက်ကျေးရွာနေ ဒေါ်မူမူ နေအိမ်တွင် ပို့ထားကြောင်း
သိရပြီး ပြန်လည်ခေါ်ခိုင်းသော်လည်း ပြန်ခေါ်ပေးခြင်း မရှိသဖြင့် အရေးယူပေးရန် စက်တင်ဘာလ
၂၃ ရက်နေ့တွင် ဒဂုံမြို့သစ်တောင်ပိုင်း မြို့မရဲစခန်း၌ လူကုန်ကူးမှု ပုဒ်မ ၂၄ အရ အမှုဖွင့်
တိုင်ကြားခဲ့သည်။
အရှေ့ပိုင်းခရိုင်တရားရုံးက ပြစ်မှုကြီးအမှတ် ၁၇/၁၂ ဖြင့် လက်ခံစစ်ဆေးခဲ့ကာ အောက်တိုဘာလ
၃၀ ရက်နေ့တွင် ပြစ်မှုကျူးလွန်သူ မနုနုထွေး(ခ)မဗိုက် ကို လူကုန်ကူးမှုတားဆီးကာကွယ်ရေး
ဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့် ထောင်ဒဏ် ၁၂ နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။
















