လှိုင်သာယာ၌ လူမိုက်ဆန်ဆန် အုပ်စုဖွဲ့ ကျူးလွန်သူများကို ရဲတပ်ဖွဲ့က ဖမ်းဆီး

လှိုင်သာယာ၌ လူမိုက်ဆန်ဆန် အုပ်စုဖွဲ့ ကျူးလွန်သူများကို ရဲတပ်ဖွဲ့က ဖမ်းဆီး

လှိုင်သာယာမြို့နယ်၌ လူမိုက်ဆန်ဆန် အကြမ်းဖက်မှုများ ကျူးလွန်နေသူနှင့် အပေါင်းပါ ခုနစ်ဦးကို
ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့တာဝန်ရှိသူ
တစ်ဦးကပြောသည်။

"လှိုင်သာယာမြို့နယ်မှာ ခြိမ်းခြောက်တောင်းယူမှု၊ အုပ်ချုပ်ရေးမှူးတွေကို အနိုင်ကျင့်တောင်းယူမှု
တွေ၊ အခကြေးငွေရယူပြီးတော့ လူမိုက်ဆန်ငွေကြေး တောင်းခံမှုတွေ ပြုလုပ်နေတဲ့ မျိုးလွင်အောင်
နဲ့ အပေါင်းပါ ရှစ်ဦးကို ပြည်သူသတင်းပေးမှုနဲ့ မနေ့က ဖမ်းဆီးခဲ့ပါတယ်။ ဒီလိုရပ်ကွက်ထဲမှာ
မိုက်ကြေးခွဲပြီးတော့ ရပ်ရွာအေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုးရေးကို နှောင့်ယှက်ရာ
ရောက်တဲ့အတွက်ကြောင့် ပြည်သူပါ၀င်တဲ့ သတင်းပေး ဆောင်ရွက်မှုနဲ့ဖမ်းဆီးခဲ့တာပါ"ဟု
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ရေးဌာန၏ ပြောရေးဆိုခွင့်ရှိသူ အရှေ့ပိုင်းခရိုင်
ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မြင့်ထွေးက နို၀င်ဘာလ ၁၇ ရက်နေ့က မီဒီယာများနှင့် တွေ့ဆုံစဉ်
ပြောကြားခဲ့သည်။

နို၀င်ဘာ ၁၆ ရက်နေ့ ညနေ ၆ နာရီ ၁၅ မိနစ်ခန့်တွင် လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းရပ်ကွက်
မူကြိုလမ်းဆုံအိမ်ရာ တိုက် ၄၊ အခန်း (၀၀၂) တွင် ငှားရမ်း နေထိုင်သည့် မျိုးလွင်အောင်(ခ)နှင်းဆီ
(၃၅နှစ်)၊ ဖိုးတုတ် (၃၈ နှစ်)၊ သန်းဇော်ဦး(ခ)ဖိုးဇော်(၃၈ နှစ်)၊ နေလင်းဦး(၂၀ နှစ်)၊ ရှိုင်းမင်းဦး(ခ)
ရှိုင်းလေး (၁၉ နှစ်)၊ ရဲကျော်သူ(၁၆ နှစ်) သူရစိုး(ခ)ဘိုဘို(၂၆ နှစ်)၊ မျိုးလွင်အောင်(ခ) နှင်းဆီး ၏
ဇနီးဖြစ်သူ မမြအေး(ခ) မအေးစိုး(ခ) မအေးလေး(၃၆ နှစ်) တို့ကို ဓား ၃၇ ချောင်း၊ မော်တော်ကား
တစ်စီး၊ လိုင်စင်မဲ့ ဆိုင်ကယ်လေးစီး၊ မူးယစ်ဆေးဝါး (၂ ဒသမ ၈၅) ဂရမ်နှင့်အတူ
ဖမ်းဆီးရမိခဲ့သည်။

"အခုဖမ်းဆီးရမိတဲ့ မျိုးလွင်အောင် ပါ ရှစ်ဦးက အကြမ်းဖက်ဖို့အတွက် လူတွေ စုနေတယ်ဆိုတာ
သတင်းရရှိခဲ့တယ်။ ပြည်သူက ပေးတဲ့ သတင်းကို ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးကို
တင်ပြတယ်။ တိုင်းတပ်ဖွဲ့မှူးက ဘယ်လောက် အင်အားပဲဖြစ်ပါစေ၊ တပ်ဖွဲ့ ရှိလျက်သားနဲ့
တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားလာမယ်ဆိုရင် အင်အားသုံး ဖြေရှင်းဖို့အတွက်
ညွှန်ကြားထားတယ်။ ကျွန်တော်တို့ သတင်းရလို့ သွားဖမ်းတယ်။ ကားရပ်ရုံပဲ ရှိသေးတယ်။
ရဲတွေကို တုတ်နဲ့ လှမ်းရိုက်တယ်။ ဓားဆွဲတဲ့ လူက ဆွဲတယ်။ ဒါကြောင့် အင်အားသုံးပြီး
၀င်ဖမ်းတယ်"ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ဦးစီး(၁) ဌာနခွဲမှူး ရဲမှူးသိန်းထွန်း ကပြောသည်။

ရဲတပ်ဖွဲ့ဝင်များသည်် ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရာတွင် ငဲ့ညှာသောအားဖြင့် လက်နက်မဲ့
ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ရာ ပြစ်မှုကျူးလွန်သူက ပြန်လည်ခုခံသည့် ဖြစ်စဉ်များရှိသဖြင့်
နောင်တွင် ထိုသို့ပြန်လည် ခုခံကာကွယ်ပိုင်ခွင့်ဥပဒေပုဒ်မ ၁၀၀ ပါ ပြဋ္ဌာန်းချက်နှင့်အညီ
ဆောင်ရွက်သွားရန်ကို တပ်ဖွဲ့ဝင်များကို ညွှန်ကြားထားပြီးဖြစ်ကြောင်း ဦးစီး(၂) ဌာနခွဲမှူး
ဒုရဲမှူး ပြည်စုံက ပြောသည်။