၂၀၁၄ ခုနှစ် တက္ကသိုလ်များ မော်ဒယ်ပြိုင်ပွဲ အတွက် စခန်းသွင်း လေ့ကျင့်ခဲ့နေစဉ်
ရေနစ်သေဆုံးခဲ့သည်ဆိုသူ အမှုကို သေမှုသေခင်းမှ လူသေမှုဖြင့် အမှုဖွင့်ပြန်လည်စစ်ဆေးရန်
အင်းစိန် မြို့နယ်တရားရုံးက အမိန့်ချမှတ်လိုက်ကြောင်းသိရသည်။
အမှုဖြစ်ပွားပုံမှာ ယခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ရန်ကုန်အနောက်ပိုင်း တက္ကသိုလ် ဒုတိယနှစ်
(အင်္ဂလိပ်စာ) ကျောင်းသား တောင်ဥက္ကလာပမြို့နယ် မောင်ကျော်ဇောဟိန်း (ခ)ကောင်းမြတ်ဟိန်း
(၂၀ နှစ်)သည် ကျောင်းသား ၁၈ ဦးနှင့် ကျောင်းသူ ၁၈ ဦးပါ၀င်သည့် တက္ကသိုလ်များမော်ဒယ်
ပြိုင်ပွဲအတွက် စခန်းသွင်းလေ့ကျင့်ရန် အင်းစိန်မြို့နယ် ရွာမအရှေ့ရပ်ကွက်ရှိ မြို့တော်ဂေါက်ကွင်း
ဟိုတယ်သို့ ရောက်ရှိခဲ့သည်။
ထိုသို့နေထိုင်စဉ် ဇန်နဝါရီလ ၂၁ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်တွင် မောင်ကျော်ဇောဟိန်း
အပါအဝင် ကျောင်းသားကျောင်းသူများ ဟိုတယ်ဝင်းအတွင်းရှိ အလျားပေ ၅၀၊ အနံ ပေ ၃၀
အနက် ၁၀ ပေ ရှိ ရေကူးကန်အတွင်း ရေဆင်းကူးခဲ့သည်။
ညနေ ၅ နာရီ ၄၅ မိနစ်ခန့်တွင် ရေကူးပြီးနောက် ညနေ ၆ နာရီ မိနစ် ၄၀ တွင် စာသင်ခန်း
၀င်ခဲ့ကြသည်။
ည ၈ နာရီ မိနစ် ၄၀ ခန့်တွင် ထမင်းစားရန်အတွက် ရန်ကုန်အင်တာနေရှင်နယ် ဟိုတယ်သို့
ကားဖြင့်သွားရောက်ရာ မောင်ကျော်ဇောဟိန်း(ခ)ကောင်းမြတ်ဟိန်း ပါ၀င်ခြင်း မရှိသဖြင့်
တာဝန်ခံဆရာမ ဒေါ်စုစုလှိုင်က မြို့တော်ဂေါက်ကွင်း ဟိုတယ်မန်နေဂျာ ကိုရန်နောင်စိုး ထံ
ဆက်သွယ်ခဲ့သည်။
ည ၁၂ နာရီ ၁၀ မိနစ်ခန့်တွင် ကျော်ဇောဟိန်း(ခ)ကောင်းမြတ်ဟိန်း မှာ ရေကူးကန်အတွင်း
သေဆုံးနေသည်ကို တွေ့ရသဖြင့် အင်းစိန်မြို့မရဲစခန်းမှူး ဒုရဲမှူးမောင်မောင်ဦးက သက်သေများနှင့်
အတူ စစ်ဆေးခဲ့ပြီး အလောင်းကို အင်းစိန်ဆေးရုံသို့ ပို့အပ်ခဲ့ပြီး ရဲစခန်းက သေမှုသေခင်း
အမှတ်စဉ် ၅/၁၄ ဖြင့် အမှုဖွင့်စုံစမ်းခဲ့မှုဖြစ်သည်။
သေဆုံးမှုနှင့် ပတ်သက်၍ ဖေဖော်ဝါရီ လ ၃ ရက်နေ့တွင် မှုခင်းရဲတပ်ဖွဲ့က လွှဲပြောင်း စစ်ဆေးခဲ့ပြီး
မှုခင်းပိုင်းဆိုင်ရာ စစ်ဆေးချက်များအရ အင်းစိန်မှုခင်းဆရာဝန်ကြီးက သေဆုံးသူမှာ ပြင်ပပွန်းပဲ့
ဒဏ်ရာများ ရှိနေသော်လည်း သေဆုံးနိုင်သည့် ဒဏ်ရာ မဟုတ်ကြောင်း၊ သေဆုံးရခြင်း
အကြောင်းရင်းမှာ ရေနစ်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဆေးစာပြန်ကြာခဲ့သည်။
ဆေးစာပြန်ကြားချက်အရ ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် အင်းစိန်မြို့နယ် တရားရုံးသို့ တရားစွဲဆို
တင်ပို့ခဲ့ရာ ပြစ်မှုအထွေထွေမှု အမှတ် ၄၁/၁၄ ဖြင့် စတင်စစ်ဆေးခဲ့မှုဖြစ်သည်။
နို၀င်ဘာလ ၂၀ ရက်နေ့တွင် တရားရုံးက မှုခင်းဆိုင်ရာ ဆရာဝန်ကြီး၏ ထွက်ဆိုချက်များအရ
သေဆုံးသူ၏ ခန္ဓာကိုယ်တွင် ရရှိထားသည့် ခန္ဓာကိုယ်တွင် ပွန်းပဲဒဏ်ရာများနှင့် ပွန်းခြစ်ဒဏ်ရာ
များမှာ ရေနစ်မသေဆုံးမီက ရရှိခဲ့သည့် ဒဏ်ရာများဖြစ်ကြောင်း ရုံးရှေ့ ထွက်ဆိုချက်များအရ
လည်းကောင်း၊ သေဆုံးရသည့် အကြောင်းရင်းမှာ ရေနစ်သေဆုံးခြင်းဖြစ်ကြောင်း
ပေါ်လွင်သော်လည်း ထိုသို့ ရေနစ်သေဆုံးရန် လူ့ပရောဂါ ပါ၀င်ကြောင်း သံသယဖြစ်ဖွယ်ရာ
အကြောင်းများ ပေါ်ပေါက်နေသဖြင့် သေဆုံးသူဓမ္မတာအတိုင်း သေဆုံးခြင်းဖြစ်သည်ဟု
တစ်ထစ်ချမှတ်ယူနိုင်ခြင်း မရှိကြောင်း တရားရုံးက စီရင်ချက် ချမှတ်ခဲ့သည်။
ထိုသို့ စီရင်ချက်အရ အင်းစိန်မြို့မ ရဲစခန်းက(ပ)၁၁၄၆/၁၄ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄ အရ
အမှုဖွင့်ပြန်လည် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
















