လိမ်လည်မှုနှင့် စာရွက်စာတမ်းအတု ပြုလုပ်မှုတို့ဖြင့် ထိန်းသိမ်းတရားစွဲဆိုခြင်း ခံထားရသည့်
Father Land ကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်ကို ကျန်းမာရေး အခြေအနေအရ
ကျောက်တံတားမြို့နယ်တရားရုံးက ယခုလ ၂ ရက်နေ့တွင် ကျပ်သိန်း ၁,၀၀၀ ဖြင့်
အာမခံပေးခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းအလယ်ရှိ မြေကွက်အမှတ်
၁၈၁/၁၈၇ မြေအကျယ်ပေ ၁၀၀၊ ပေ ၆၀ ကို မြေပိုင်ရှင်ခွင့်ပြုချက်မရဘဲလက်မှတ်အတုများဖြင့်
ရန်ကုန်မြို့တော်စည်ပင်၏ ခွင့်ပြုချက်ရယူကာ လေးခန်းတွဲ ၁၂ အထပ် အဆောက်အအုံ
ဆောက်လုပ်ခဲ့ရာ လေးနှစ်ကျော် ကြာမြင့်ခဲ့သော်လည်း ပြီးဆုံးမှုမရှိသည့်အတွက် မြေပိုင်ရှင်
ဦးစိုးမင်းထက်က စက်တင်ဘာလ ၉ ရက်နေ့တွင် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၂၀/၄၆၈ အရ
တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
ဦးကျော်မြင့်၏ အချုပ်လွတ်ထုခြေခွင့် ပြုရန်လျှောက်ထားမှုကို ယခုလ ၂ ရက်နေ့တွင်
ကျောက်တံတားမြို့နယ်တရားရုံး၌ ကြားနာခဲ့ရာ ဦးကျော်မြင့်မှာ နှလုံးရောဂါခံစားနေရသူ
တစ်ဦးဖြစ်သောကြောင့် ကျပ်သိန်း ၁,၀၀၀ အာမခံပေးခဲ့သည်။ အဆိုပါအာမခံကို
မိတ်ဆွေနှစ်ဦးက တစ်ဦးလျှင် ကျပ်သိန်း ၅၀၀ စီဖြင့် အာမခံတင်သွင်းခဲ့ပြီး အမှုကို
ဆက်လက်စစ်ဆေးရန် ယခုလ ၁၆ ရက်နေ့သို့ ချိန်းဆိုထားသည်။
















