ယခုနှစ်၊ ဇန်နဝါရီလမှ နိုဝင်ဘာလအထိ လူကုန်ကူးမှု ၁၀၈ မှု ဖြစ်ပွားခဲ့ပြီး ပြစ်မှု ကျူးလွန်သူ
၂၁၆ ဦးကို ဖမ်းဆီးနိုင်ခဲ့သည် ဟု နေပြည်တော် လူကုန်ကူးမှု တားဆီး နှိမ်နင်းရေးအဖွဲ့က
ယခုလ ပထမပတ်အတွင်း ထုတ်ပြန်ခဲ့သည့် အမှုစာရင်းချုပ်အရ သိရသည်။
အဓမ္မမွေးစားမှု တစ်မှုအပါအဝင် အဓမ္မလက်ထပ်မှု ၆၇ မှု၊ အဓမ္မခိုင်းစေမှု ၂၁ မှုနှင့်
ပြည့်တန်ဆာပြုမှု ၁၉ မှုဖြစ်ပြီး အဓမ္မလက်ထပ်ရန်အတွက် တရုတ်နိုင်ငံသို့ အများဆုံး
လူကုန်ကူးခံခဲ့ရခြင်း ဖြစ်သည်။
တရုတ်နိုင်ငံသို့ လူကုန်ကူးမှုမှာ ၆၉ မှု၊ ထိုင်းနိုင်ငံသို့ ၁၇ မှု၊ မလေးရှားနိုင်ငံသို့ သုံးမှုနှင့် ပြည်တွင်း
လူကုန်ကူးမှုမှာ ၁၉ မှုရှိသည်ကို တွေ့ရသည်။
လူကုန်ကူးခံရသူ စုစုပေါင်း ၂၂၂ ဦးရှိသည့်အနက် ၁၆၂ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး ကျန်ရှိသည့်
၆၀ ဦးကိုမူ ကယ်ဆယ်နိုင်ရန် ကြိုးပမ်းနေကြောင်း ဖော်ပြထားသည်။
၂၁၆ ဦး ဖမ်းဆီးမိသည့်အနက် ၁၀၈ ဦးမှာ တိမ်းရှောင်နေသည်။
















