ဗုဒ္ဓရုပ်ပွားတော်ကို နားကြပ်တပ်ထားသောပုံဖြင့် ကြော်ငြာခြင်းကြောင့် သာသနာညှိုးနွမ်းစေမှု
အပြင် အခြားပုဒ်မများဖြင့် တရားစွဲဆိုခံထားရသူများကို ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်
တရားရုံး၌ ယခုလ ၂၆ ရက်နေ့တွင် တတိယမြောက် ရုံးချိန်းအဖြစ် ဆက်လက်စစ်ဆေးသွားမည်
ဖြစ်သည်။
ဗုဒ္ဓရုပ်ပွားတော်ပုံဖြင့် ဆိုင်ကြော်ငြာသူ V Gastro Bar ၏ အထွေထွေမန်နေဂျာဖြစ်သူ
နယူးဇီလန်နိုင်ငံသား ဖီးလစ်ဘလက်ဝုဒ်၊ ဆိုင်ပိုင်ရှင်ဖြစ်သူ ထွန်းသူရိန်နှင့်
မန်နေဂျာ ထွဋ်ကိုကိုလွင် တို့ကို ယခုလ ၁၈ ရက်နေ့က ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးရာ၌
၎င်းတို့ သုံးဦးက အပြစ်မရှိကြောင်း ထွက်ဆိုခဲ့ကြသည်။
"သူတို့တွေ ပုဒ်မသုံးခုနဲ့ တရားစွဲဆို ခံထားရတယ်။ ဖီးလစ်ကတော့ သူလုပ်ရပ်နဲ့ ပတ်သက်ပြီး
တောင်းပန်ထားတယ်။ ဗုဒ္ဓဘာသာထွန်းကားတဲ့ နိုင်ငံမှာ ဒီလိုလုပ်မိတဲ့အတွက်
တောင်းပန်ပါတယ်လို့ စာထုတ်ထားတယ်"ဟု ဖီးလစ်၏ ရှေ့နေဖြစ်သူ ဦးမြသွေး က ပြောသည်။
















