မြန်မာ့အလင်း သတင်းစာတိုက်အမှု ထောင်ဒဏ်နှစ် ၄၀ ချ

မြန်မာ့အလင်း သတင်းစာတိုက်အမှု ထောင်ဒဏ်နှစ် ၄၀ ချ

နိုင်ငံတော်သို့ ပေးသွင်းရမည့် သတင်းစာဖိုးငွေနှင့် ကြော်ငြာဖိုးငွေ ကျပ် ၂,၈၈၆ သိန်းကို
ပေးသွင်းခြင်း မပြုဘဲ ကိုယ်ကျိုးအတွက် အလွဲသုံးစားပြုလုပ်ခဲ့မှုဖြင့် ဖမ်းဆီး တရားစွဲဆိုထားခြင်း
ခံထားရသော မြန်မာ့အလင်းသတင်းစာတိုက် မန်နေဂျာ ဦးထွန်းထွန်းလတ်၊ လက်ထောက်
မန်နေဂျာ ဦးဝင်းမြင့်နှင့် ဖြန့်ချိရေး မန်နေဂျာ ဦးကျော်မင်းဦး တို့အပေါ် ၁၉၆၃ ခုနှစ် အများနှင့်
သက်ဆိုင်သောပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေ ပုဒ်မ ၃ အရ အပြစ်ရှိကြောင်း
ပေါ်လွင်ထင်ရှားသဖြင့် အမှု လေးမှုအတွက် တစ်မှုလျှင် ထောင်ဒဏ် ၁၀ နှစ်စီဖြင့် စုစုပေါင်း
ထောင်ဒဏ် နှစ် ၄၀ စီ ကျခံကြစေရန် ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးက ဒီဇင်ဘာလ
၃၀ ရက်နေ့တွင် အမိန့်ချမှတ်လိုက်သည်။

၂၀၀၈ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ မြန်မာ့အလင်း သတင်းစာတိုက်မှ သတင်းစာဖိုးနှင့် ကြော်ငြာဖိုး
ကျပ် ၂,၈၈၆ သိန်းမှာ လျော့နည်းကွာဟနေကြောင်း သက်ဆိုင်ရာ စာရင်းစစ်အဖွဲ့က
စစ်ဆေးတွေ့ရှိသဖြင့် သတင်းစာတိုက်၏ စာတည်းမှူးချုပ်က တရားလိုပြုလုပ်၍ ၂၀၁၁ ခုနှစ်၊
အောက်တိုဘာလ ၁၄ ရက်နေ့က တိုင်တန်းရာ အမှုကို ဗဟန်းရဲစခန်းက ပြစ်မှုပုဒ်မ ၄၂၀/၄၆၈/
၄၀၉ တို့အရ အမှုဖွင့် အရေးယူခဲ့သည်။

၎င်းအမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာက ပြည်ထဲရေးဝန်ကြီးဌာနသို့ အကြံပြုချက်
တောင်းခံသောအခါ ၁၉၆၃ ခုနှစ် အများနှင့် သက်ဆိုင်သောပစ္စည်း ကာကွယ်စောင့်ရှောက်ရေး
ဥပဒေပုဒ်မ ၃ သို့ ပြောင်းလဲဖွင့်လှစ်ရန် အကြောင်းပြန်ကြားသဖြင့် ရန်ကုန် အနောက်ပိုင်းခရိုင်
တရားရုံးသို့ တရားစွဲဆို တင်ပို့ခဲ့မှု ဖြစ်သည်။