ကျောက်တံတားမြို့နယ် တရားရုံးတွင် လိမ်လည်မှုနှင့် စာရွက်စာတမ်းအတု ပြုလုပ်သည်ဆိုကာ
တရားစွဲဆိုခြင်းခံထားရသည့် Father Land ကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့် အမှုကို အနောက်ပိုင်းခရိုင်
တရားရုံးက အမှုတွဲခေါ်ယူထားပြီး ဆက်လက်စစ်ဆေးရန် ချိန်းဆိုခဲ့သည်။
"ဒီနေ့ ဦးကျော်မြင့် ကို ရုံးထုတ်တယ်။ နှစ်ပတ်ခြားပြီးတော့ ဇန်နဝါရီလ ၂၇ ရက်နေ့ကို
ချိန်းဆိုထားတယ်။ သူရဲ့ အမှုတွဲကို အနောက်ပိုင်း ခရိုင်တရားရုံးက တောင်းယူထားတဲ့
အတွက်ကြောင့် ရုံးပြောင်းလျှောက်မယ့် အနေအထားရှိတယ်။ ရုံးချိန်းတွေ ပျက်တာတော့ရှိတယ်။
နှစ်ဖက် အကျိုးဆောင်တွေဘက်ကတော့ ရုံးပြောင်းလျှောက်လွှာ မတင်သေးဘူး" ဟု
ကျောက်တံတားမြို့နယ် တရားသူကြီးက ပြောသည်။
ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၂၀ လိမ်လည်မှုနှင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၆၈ အတုအပ
လုပ်ဆောင်မှုတို့ ကျူးလွန်ခဲ့သည်ဆိုကာ ထိန်းသိမ်းတရားစွဲဆိုခံရသည့် ဦးကျော်မြင့် ကို
ဗိုလ်တထောင်မြို့မ ရဲစခန်းတွင်လည်း ကျပ်သိန်း ၃,၀၀၀ ကျော် အလွဲသုံးစားပြုလုပ်မှုဖြင့်
အမှုဖွင့်ခံထားရသဖြင့် အဆိုပါ အမှုကိုလည်း ဆက်လက်ရင်ဆိုင်ရဦးမည်ဖြစ်ကြောင်း
ဗိုလ်တထောင်မြို့မရဲစခန်းမှ သိရသည်။
















