အမျိုးသမီးတစ်ဦးကို နေအိမ်အိပ်ခန်း၌ အတွင်းကြေဒဏ်ရာများရရှိကာ သေဆုံးအောင်
ပြုလုပ်ခဲ့သည်ဆိုသည့် သရုပ်ဆောင်နှင့် ဒါရိုက်တာ မင်းအုပ်စိုး၏ အမှုကို စတင် စစ်ဆေးရန်
အနောက်ပိုင်းခရိုင်တရားရုံးက ဖေဖော်ဝါရီလ ၄ ရက်နေ့သို့ ချိန်းဆိုခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၅ ရက်နေ့ နံနက် ၄ နာရီခွဲခန့်က ဗဟန်းမြို့နယ် ဗိုလ်ချို (၂)ရပ်ကွက်နေ
မင်းအုပ်စိုးသည် ဗဟန်းမြို့ နယ်ရဲစခန်းသို့ ရောက်ရှိလာခဲ့ပြီး နေအိမ် အိပ်ခန်းအတွင်း သရပါမဂ္ဂဇင်း
အယ်ဒီတာ အသက် ၃၃ နှစ်အရွယ် မနုနုယဉ်(ခ)တေးနုယဉ်ကို ဆောင့်တွန်းခြင်း၊ ကိုင်ဆောင့်ခြင်း၊
လက်သီးဖြင့်ထိုးခြင်း၊ ခြေထောက်ဖြင့်ကန်ခြင်းတို့ကို ပြုမူခဲ့သဖြင့် လဲကျငြိမ်သက်သွားကြောင်း
အကြောင်းကြားခဲ့သည်။
ဗဟန်းမြို့မရဲစခန်းမှူးနှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ အိပ်ခန်းခုတင်ပေါ်တွင် မနုနုယဉ်
သေဆုံးနေသည်ကို တွေ့ရသဖြင့် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့် အရေးယူခဲ့သည်။
ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် အလောင်းကို ရင်ခွဲစစ်ဆေးမှု ပြုလုပ်ခဲ့ပြီး ဆေးစာပြန်ကြားချက်အရ
နံရိုးများကျိုးကာ အသည်းကြေမွပျက်ဆီးကာ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရှိခဲ့ရသည်။
ထို့ပြင် ပထမသတင်းပေး တိုင်တန်းချက်တွင် မင်းအုပ်စိုးနှင့် သေဆုံးသူမှာ ညီမဝမ်းကွဲတော်စပ်သူ
ဟု ထွက်ဆိုခဲ့သော်လည်း သေဆုံးသူ၏ မိသားစုကမူ မည်သို့မျှတော်စပ်ခြင်း မရှိဟု
ရှင်းလင်းခဲ့သည်။
မင်းအုပ်စိုးကို ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ဗဟန်းမြို့နယ်တရားရုံးမှ အနောက်ပိုင်းခရိုင်တရားရုံးတွင်
ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၀၂ ဖြင့် တရားစွဲဆိုခဲ့သည်။
















