ကိုပါကြီး သေဆုံးမှုမှာ လေးလခန့် ကြာမြင့်သည်အထိ အခြေအနေ ထူးခြားမှု မရှိသေးသည့်
အတွက် သေမှုသေခင်းအမှု ဖွင့်ထားသည်ကို ရက်ပေါင်း ၆၀ အတွင်း တရားရုံးတင်ပေးရန်
သက်ဆိုင်ရာ အဖွဲ့အစည်းများထံ စာတင်၍ တောင်းဆိုထားကြောင်း ကိုပါကြီး၏ ဇနီးဖြစ်သူ
မသန္တာက ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် မြန်မာတိုင်း(မ်)ကို ပြောသည်။
"၃၁ ရက်နေ့က ကျွန်မတို့ စာတင်ထားတယ်။ ကျန်းမာရေးဝန်ကြီးဌာနနဲ့ ပြည်ထဲရေး ၀န်ကြီးဌာန
နှစ်ခုကို စာတင်ထားတယ်။ ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ခံ ဥပမာ - ပြည်နယ်ဆေးရုံအုပ်
တို့ ဘာတို့လည်း စာတင်ထားတယ်။ စာတင်လို့ မထူးခြားဘူးဆိုရင် ကျွန်မတို့ ရှေ့နေရော၊
အဖွဲ့အစည်းကလူတွေရော အားလုံးစဉ်းစားပြီးတော့ ကျွန်မတို့ တစ်ဆင့်ပြီးတစ်ဆင့်
ဆက်လုပ်သွားမှာပါ" ဟု ၎င်းကပြောသည်။
ထိုကိစ္စနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတရုံးသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း လူ့အခွင့်အရေး
ကော်မရှင်သို့သာ မေးမြန်းရန် ပြန်လည်ဖြေကြားခဲ့သည်။
အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဒုဥက္ကဋ္ဌ ဦးစစ်မြိုင် ကမူ ၎င်းတို့အနေဖြင့် အစီရင်ခံစာ
တင်သွင်းသည်မှာ နောက်ဆုံးဖြစ်ပြီး နောက်ပိုင်းကိစ္စများကို မသိကြောင်း ပြောသည်။
















