ပထမ သုံးလအတွင်း လူကုန်ကူးမှု ၂၉ မှုဖြစ်ပွား

ပထမ သုံးလအတွင်း လူကုန်ကူးမှု ၂၉ မှုဖြစ်ပွား

ယခုနှစ် ဇန်နဝါရီလမှ မတ်လအထိ နေပြည်တော်၊ ရန်ကုန်၊ တနင်္သာရီ၊ ရခိုင်နှင့် မွန်ပြည်နယ်တို့မှ
လွဲပြီး ကျန်တိုင်း ဒေသကြီးနှင့် ပြည်နယ်များတွင် လူကုန်ကူးမှုစုစုပေါင်း ၂၉ မှုဖြစ်ပွားခဲ့ကြောင်း
လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအဖွဲ့ထံက သိရသည်။

စာရင်းများအရ မန္တလေးတိုင်းဒေသကြီးတွင် လေးမှု၊ စစ်ကိုင်းတိုင်း ဒေသကြီးတွင် တစ်မှု၊
ပဲခူးတိုင်းဒေသကြီးတွင် ငါးမှု၊ မကွေးတိုင်းဒေသကြီးတွင် နှစ်မှု၊ ဧရာဝတီတိုင်းဒေသကြီးတွင် နှစ်မှု၊
ကရင်ပြည်နယ်တွင် တစ်မှု၊ ကချင်ပြည်နယ်တွင် ငါးမှုနှင့် ရှမ်းပြည်နယ်တွင် ကိုးမှုတို့ဖြစ်ကြပြီး
တရုတ်၊ ထိုင်းနှင့် မလေးရှားနိုင်ငံများသို့ အဓိက ဦးတည်ပို့ဆောင်ကြကြောင်း သိရသည်။

လူကုန်ကူးမှုများတွင် အခြားအမှု ငါးမှုလည်း ပါ၀င်သည့်အနက် ဖေဖော်ဝါရီလတွင်
လုပ်အားခေါင်းပုံဖြတ်မှုနှင့် ကလေးရောင်းစားမှု တစ်မှုစီနှင့် ကြွေးမြီဖြင့် နှောင်ဖွဲ့ခိုင်းစေမှု
သုံးမှုတို့လည်း ပါ၀င်ပြီး ဖမ်းဆီးအရေးယူမှုနှင့် ပတ်သက်၍ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးအဖွဲ့က
ထုတ်ပြန်ထားခြင်း မရှိသေးပေ။

၂၀၁၄ ခုနှစ်က လူကုန်ကူးမှုပေါင်း ၁၀၀ ကျော်ဖြစ်ပွားခဲ့ပြီး ပြစ်မှုကျူးလွန်သူ ၂၀၀ ကျော်ကို
ဖမ်းဆီးအရေးယူနိုင်ခဲ့သည်။