ဂျပန်သို့ ပို့ပေးမည်ဟုဆိုကာ ကျပ် ၁၁၅ သိန်းကျော် လိမ်လည်ခံရသဖြင့် ငွေပြန်တောင်းရာမှ
လူသတ်မှုဖြစ်ကာ အင်းတကော်မြို့နယ်၌ အလောင်း ဖျောက်ဖျက်မှု ကျူးလွန်ခဲ့ကြသည်ဆိုသူ
လေးဦးကို ဖမ်းဆီးရမိခဲ့ပြီး တိမ်းရှောင်နေသူ တစ်ဦးကို ဆက်လက်ရှာဖွေနေသည်။
မေလ ၅ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ပဲခူးတိုင်းဒေသကြီး အင်းတကော်မြို့နယ်
ရန်ကုန် - မန္တလေး ကားလမ်းအနီးတွင် ဓားဒဏ်ရာများဖြင့် နောက်ပြန်ကြိုးတုပ် သတ်ခံထားရသည့်
အမျိုးသားအလောင်း နှစ်လောင်း တွေ့ရှိပြီးနောက် သက်ဆိုင်ရာ ရဲစခန်းက အမှုဖွင့်စုံစမ်းခဲ့ရာ
သေဆုံးသူမှာ ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် (၃) ရပ်ကွက် ငွေကြာယံရိပ်သာနေ
ELPIS အထွေထွေအကျိုးဆောင်ကုမ္ပဏီမှ ဦးညွန့်ဝေ ၅၂ နှစ် နှင့် စမ်းချောင်းမြို့နယ်နေ ဦးညွန့်ဆွေ
၅၅ နှစ်တို့ဖြစ်ကြောင်း သိရှိခဲ့သည်။
ဆက်စပ်စုံစမ်း ဖော်ထုတ်ချက်များအရ လှိုင်မြို့နယ်နေ သက်ဇော်ထွန်း၊ ဇေယျာ၊ မျိုးသက်တို့ကို
ရဲတပ်ဖွဲ့က မေလ ၁၂ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ပြီး တိမ်းရှောင်နေသူ ကျော်သူရ နှင့်
စောအောင်ကျော်စွာတို့ကို စစ်ဆေးနိုင်ရန် ဆက်လက် စုံစမ်းခဲ့သည်။
ထိုသို့ စုံစမ်းနေစဉ် မေလ ၁၃ ရက်နေ့ ညနေ ၆ နာရီခန့်တွင် အမှုဖြင့် တိမ်းရှောင်နေသည့်
ကျော်သူရ (ခ) ပြည်ကျော်မှာ ဘားအံခရိုင် မှုခင်းရှုထောင့်ရုံးမှတစ်ဆင့် ဘားအံမြို့မရဲစခန်းသို့
သွားရောက်ဖမ်းဆီးခံခဲ့သည်။
တိမ်းရှောင်နေသည့် စောအောင်ကျော်စွာ ကို ဖမ်းဆီးစစ်ဆေးနိုင်ရန် စုံစမ်းနေသည်။
သေဆုံးသူ ညွန့်ဝေမှာ စမ်းချောင်းမြို့နယ်ရှိ ကျော်ကျော်နိုင် နည်းပညာဝန်ဆောင်မှု
ပြည်ပအလုပ်ကိုင်ရှာဖွေရေးအေဂျင်စီတွင် လုပ်ကိုင်နေသူဖြစ်ပြီး ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလက
အမျိုးသားခြောက်ဦးကို ဂျပန်နိုင်ငံသို့ ပို့ဆောင်ပေးမည်ဟုဆိုကာ ငွေကျပ် ၁၁၅ သိန်းစီ
တောင်းယူခဲ့ပြီး ပို့ဆောင်ပေးခြင်းမရှိဘဲ ကုမ္ပဏီဥက္ကဋ္ဌဖြစ်သူ ကျော်ကျော်နိုင်မှာ ထွက်ပြေးသွားခဲ့ရာ
ငွေလိမ်ခံရသူ လေးဦး က ကျော်ကျော်နိုင်၊ ညွန့်ဝေနှင့် ညွန့်ဆွေတို့ကို စမ်းချောင်းမြို့မရဲစခန်းတွင်
အမှုဖွင့်တိုင်ကြားခဲ့သဖြင့် စမ်းချောင်းမြို့မရဲစခန်းတွင် ပြစ်မှုပုဒ်မ ၄၂၀ ဖြင့် တရားစွဲဆိုခံထားရသူများ
ဖြစ်သည်။
















