မြန်မာအမျိုးသမီးတစ်ဦးကို တရုတ်နိုင်ငံသို့ လူကုန်ကူးရာတွင် ပါ၀င်ပတ်သက်ကျုး လွန်ခဲ့ကြသူ
သုံးဦးကို ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ အရှေ့ပိုင်းခရိုင်တရားရုံးက ဇွန်လ
၁ ရက်နေ့တွင် ထောင်ဒဏ် ၁၀ နှစ်စီ ပြစ်ဒဏ်ချမှတ်ခဲ့သည်။
လူကုန်ကူးမှု ပြစ်မှုကျူးလွန်သူများဖြစ်သည့် ဇာနည်ထွန်း(ခ)ဆုရတီ ၂၄ နှစ်၊ ညီညီလထက်လင်း
(ခ)ကိုညီ ၂၄ နှစ် နှင့် သူရထွန်း(ခ)ကိုသူ ၂၁ နှစ်တို့ကို လူကုန်ကူးမှုတားဆီးကာကွယ်ရေး
ဥပဒေပုဒ်မ ၂၄ ဖြင့် စစ်ဆေးခဲ့ပြီးနောက် ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားသဖြင့် ထောင်ဒဏ်
အမိန့်ချမှတ်ကြောင်း၊ ပြစ်ဒဏ်မှ ချုပ်ရက်ကို နုတ်ယူခံစားခွင့်ပြုကြောင်း၊ အထက်တရားရုံးသို့
အယူခံတက်ခွင့်ရှိကြောင်း တရားသူကြီးက ဆုံးဖြတ်ခဲ့သည်။
ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ (၇) ရပ်ကွက်နေ မအိပြည့်ဖြိုးသည် ၂၀၁၁ ခုနှစ်၊ ဧပြီလတွင်
တရုတ်နိုင်ငံသို့ ရောင်းချခံခဲ့ရပြီးနောက် ၂၀၁၃ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့ တွင် ၄င်းနေအိမ်သို့
ပြန်လည်ရောက်ရှိခဲ့ကာ လူကုန်ကူးသူ သုံးဦးကို အရေးယူပေးရန် ဒဂုံမြို့သစ် အရှေ့ပိုင်းရဲစခန်းတွင်
ကိုယ်တိုင်သွားရောက် တိုင်ကြားခဲ့ခြင်း ဖြစ်သည်။
မအိပြည့်ဖြိုးသည် ၂၀၁၁ ခုနှစ်၊ ဧပြီလတွင် တစ်ရပ်ကွက်တည်းနေ သူငယ်ချင်းဖြစ်သူ
မဇာနည်ထွန်း၏ ဆက်သွယ်မှုဖြင့် ၎င်း၏ သဘောဆန္ဒဖြင့် မူဆယ်မှတစ်ဆင့် တရုတ်နိုင်ငံ
ရွှေလီသို့ ရောက်ရှိကာ သွားရောက် အလုပ်လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။
ဇာနည်ထွန်း(ခ)ဆုရတီနှင့် အလုပ်လုပ်မည် ဟု လိုက်ပါသွားသည့် သူရထွန်း(ခ)ကိုသူနှင့်
ညီညီလထက်လင်း(ခ)ကိုညီတို့သည် ရွှေလီမြို့သို့ ရောက်ရှိခဲ့သော်လည်း အလုပ်လုပ်ကိုင်ခြင်း
မရှိဘဲ မြန်မာပြည်သို့ ပြန်လည်ရောက်ရှိလာကြခြင်းသည့် ၎င်းတို့ သုံးဦးစလုံးအနေဖြင့်
ပူးပေါင်းကြံစည် ဆောင်ရွက်ကြခြင်းဖြစ်သည်ဟု သတ်မှတ်နိုင်ကြောင်း တရားသူကြီးက
အမိန့်စီရင်ချက်ကို ဖတ်ကြားခဲ့သည်။
အိပြည့်ဖြိုးသည် ပွဲစားဖြစ်သူ တရုတ်လင်မယားထံမှ တစ်ဆင့် တရုတ်အမျိုးသား မာဂဒက်ထံ
ယွမ်ငွေ ၅၅,၀၀၀ (ကျပ် ၉၇ သိန်းခန့်)ဖြင့် ရောင်းချခံခဲ့ရကြောင်း၊ ၎င်းသည် တရားဝင်အမျိုးသားနှင့်
လက်ထပ်ထိမ်းမြားပြီးနောက် နှစ်နှစ်ခန့်အကြာတွင် သားယောကျ်ားလေးတစ်ဦးကို မွေးဖွားပြီး
မိခင် နေမကောင်းသည်ကို အကြောင်းပြကာ ၎င်းတို့ထံ ခွင့်တောင်းကာ မြန်မာပြည်သို့
ပြန်လာခဲ့ပြီး ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ခြင်း ဖြစ်သည်။
လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေ ပုဒ်မ ၃ တွင် ကာယကံရှင်၏ သဘောတူညီချက်
ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ပြုလုပ်ကျူးလွန်ဆောင်ရွက်လျှင် လူကုန်ကူးမှု မြောက်ကြောင်း
အဓိပ္ပာယ် ဖွင့်ဆိုထားသည်။
"အခု ပြစ်ဒဏ်က ပြစ်မှုကျူးလွန်တဲ့သူတွေကို ထိုက်သင့်တဲ့ ပြစ်ဒဏ်ပေးတယ်လို့ပဲ မှတ်ယူပါတယ်။
သူတို့မှာ အယူခံတက်ဖို့ အခွင့်အရေးတော့ ရှိပါတယ်"ဟု လူကုန်းကူးခံခဲ့ရသူ မအိပြည့်ဖြိုးက
ပြောသည်။
ညီညီလထက်လင်း၏ ဖခင်ဖြစ်သူ ဦးနေမျိုးအောင်က "ဒီအမှုမှာ ကျွန်တော့် သားက ဘာမှ
ပါ၀င်ပတ်သက်တာ မဟုတ်ဘူး၊ မသက်ဆိုင်ဘူး။ သူလည်း အလုပ်လုပ်ဖို့ ဆိုပြီးတော့
လိုက်သွားခဲ့တာပါ။ အလုပ်မရလို့ ပြန်လာခဲ့ရတာ။ ကားတစ်စီးတည်း အတူတူသွားတိုင်း
ပါ၀င်ပတ်သက်လုပ်ဆောင်ရောတဲ့လား။ သူကျူးလွန်တယ်ဆိုရင်တော့ ကျွန်တော်ကိုယ်တိုင်
လက်ခံသဘောတူပါတယ်။ ဒါပေမဲ့ ဒီအမိန့်အတွက် လုံးဝလက်မခံနိုင်ဘူး။ အထက်တိုင်း
တရားရုံးကို အယူခံဆက်တက်သွားမယ်"ဟု ပြောသည်။
"တရားရုံးရဲ့ စီရင်ချက်က ပါ၀င်ပတ်သက်သူ အားလုံးကို သိမ်းကျုံးပြီးတော့ အမိန့်ချမှတ်လိုက်ကြ
တာပဲ။ မသက်ဆိုင်တဲ့သူတွေပါ နစ်နစ်စေတယ်။ တကယ်ကျူးလွန်ခဲ့ကြတဲ့ သူတွေကို သူတို့လည်း
သိနေကြတာပဲ။ တရုတ်နိုင်ငံဘက်မှာ အဝယ်ဒိုင်ဖွင့်ပြီးတော့ကို လုပ်ကိုင်နေကြတာ။ ဒါတွေကို
သက်ဆိုင်ရာတွေအနေနဲ့ ပူးပေါင်းဖမ်းဆီးလို့ ရတာပဲ၊ ဘာကြောင့်မဖမ်းဘဲ လွှတ်ပေးထားကြ
တာလဲ"ဟု ၎င်းက ပြောသည်။
















