မင်္ဂလာဒုံမြို့နယ် ဆင်ဖုံကျေးရွာရှိ စက်မှုဇုန်မြေကွက်အတွင်း နေထိုင်သူများ၏ တဲအိမ်များ ဇွန်လ
၁၂ ရက်နေ့ နံနက်ပိုင်းတွင် မြေတူးယာဉ်များဖြင့် ဖျက်ဆီးခံခဲ့ရသည့် အမှုအား နှစ်ဖက်လုံးက
အမှုဖွင့်ထားပြီး ရဲတပ်ဖွဲ့က စစ်ဆေးနေကြောင်း သိရသည်။
"အခုဆင်ဖုံရွာဖြစ်ပွားတဲ့ ပြဿနာတွေအခုဆိုရင် တည်ငြိမ်သွားပါပြီဖြစ်ပါတယ်။ အမှုကတော့
နှစ်ဖက်စလုံး ဖွင့်လှစ်ထားတဲ့အတွက်ကြောင့် စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်"ဟု မင်္ဂလာဒုံ
မြိုမရဲစခန်းမှူး ဒုရဲမှူး ၀င်းမြင့်က ဇွန်လ ၁၄ ရက်နေ့တွင်ပြောသည်။
ဇွန်လ ၁၂ ရက်နေ့ နံနက် ရ နာရီ ခန့်မှ စတင်၍ မင်္ဂလာဒုံစက်မှုဇုန်မြေကွက်အမှတ် ၂၃၆/၂၃၇
မြေကွက်တွင် ၀င်ရောက် ဆောက်လုပ်နေထိုင်သည့် အိမ်များကို မြေပိုင်ရှင်ဖြစ်သူက
တာဝန်ပေးအပ်သည့် ၀န်ထမ်းများသည် မြေတူးယာဉ် သုံးစီးဖြင့် ဖျက်ဆီးခဲ့ခြင်းကြောင့် နေအိမ်
ရ၈ လုံးရှိသည့်အနက် ၄၈ အိမ်ပျက်ဆီးခဲ့သည်။
ပြဿနာဖြစ်ပွားချိန်တွင် လုပ်ငန်းရှင်များဘက်မှ တာဝန်ပေးထားသည့် ခေါင်းဆောင်ဖြစ်သူက
သေနတ်ဟု ယူဆရသည့် အရာဖြင့် မိုးပေါ်သို့ နှစ်ချက်ဆင့်ဖောက်ခဲ့သည်ဟု အိမ်ပိုင်ရှင်များက
ပြောကြားကြသော်လည်း ရဲတပ်ဖွဲ့ကမူ မဟုတ်ဟုဆိုသည်။
"ဒီလိုကိစ္စမျိုး မရှိပါဘူး။ တကယ်လို့ လက်နက်ဖြစ်ခဲ့မယ်ဆိုရင်လည်း ထိရောက်စွာဖော်ထုတ်
အရေးယူမှာပါ"ဟု ဒုရဲမှူး ၀င်းမြင့်က ပြောသည်။
အိမ်များဖျက်ဆီးခံရသည့် ရွာသားများကို နေရာထိုင်ခင်းပေးထားသည့် ဆင်ဖုံရွာ ဒက္ခိဏာရုံ
ကျောင်းတိုက်သို့ ဇွန်လ ၁၃ ရက်နေ့ နံနက် ၁၁ နာရီ ခန့်တွင် လူအင်အား ၃၀၀ ခန့်က တုတ်၊ ဓား၊
လက်နက်များဖြင့် ရောက်ရှိလာခဲ့ပြီး ကျောင်းဆောင်များကို ပစ်ခတ်ခဲ့မှုလည်း ဖြစ်ပွားခဲ့သည်ဟု
ဆိုသည်။
"အဲဒီလိုပြုမူတာကို သက်ဆိုင်ရာက ချက်ချင်းသိတော့ မြို့နယ်ရဲတပ်ဖွဲ့တွေနဲ့ လူမှုရေး
အဖွဲ့အစည်းတွေရောက်လာမှ ဒီလူတွေထွက် ပြေးသွားခဲ့တယ်" ဟု ဆင်ဖုံရွာသူတစ်ဦးက
ပြောသည်။
















