တာမွေမြို့နယ်နေ ကိုကျော်ဇင်ဟန်သည် ခင်မင်ရင်းနှီးသူတစ်ဦးနှင့် တာမွေပလာဇာအနီးတွင်
ဇူလိုင်လ ၁၀ ရက်နေ့ ည ၉ နာရီခွဲအချိန်ခန့်က ချိန်းဆိုပြီး လမ်းလျှောက်ထွက်လာစဉ်
တာမွေမီးသတ်နှင့် မျက်နှာချင်းဆိုင် တာမွေ(ခ)ရပ်ကွက် သမိန်ဗရမ်းလမ်းပေါ်ရှိ စံပြဆေးခန်းရှေ့
အရောက် လူငယ် သုံးဦးပြေးလာပြီး မူးယစ်က ရဲများဖြစ်ကြောင်း ပြောဆိုကာ
လက်ထိတ်ခတ်ခဲ့သည်။
ထို့နောက် တက္ကစီကားတစ်စီးဖြင့် ခေါ်ဆောင်သွားခဲ့ပြီး ဦးချစ်မောင်လမ်း လပ်ကီးဆဲဗင်း
လက်ဖက်ရည်ဆိုင်ရှေ့တွင် ပရိုဘောက်စ်အငှားယာဉ်တစ်စီးဖြင့် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်သို့
ထပ်မံခေါ်ဆောင် သွားခဲ့သည်ဟုဆိုသည်။
၎င်းတို့ သုံးဦးထဲမှ တစ်ဦးက "ငွေကျပ် သိန်း ၄၀ ပေးမလား၊ မပေးရင် အသက်အန္တာရာယ်အတွက်
အာမ မခံကြောင်း၊ မင်းအကြောင်းနဲ့မင်း"ဟု ပြောဆိုခဲ့သည်ဟု ဆိုသည်။
အဆိုပါ ငွေကို ည ၁၂ နာရီ မထိုးမီပေးရန် တောင်းဆိုခဲ့ပြီး ညှိနှိုင်းခဲ့ရာ ကျပ်သိန်း ၂၀ နှင့်
အဆင်ပြေသဖြင့် ဇနီးဖြစ်သူထံ ဖုန်းဖြင့် ဆက်သွယ်ပြောဆိုခဲ့ရာ အစ်ကိုဖြစ်သူက လာရောက်
ပေးအပ်ခဲ့သဖြင့် လက်ထိတ်ဖြုတ်ပေးကာ ဝေဇယန္တာလမ်းရှိ စူပါမားကက်အလွန်တွင်
အငှားကားတစ်စီးဖြင့် တင်ပေးလိုက်ပြီး ငွေတောင်းခံသူသုံးဦးမှာ အခြားအငှားကား သုံးစီးဖြင့်
ထွက်ခွာသွားခဲ့သည်ဟုဆိုသည်။
တာမွေမြို့မရဲစခန်းက အမှုကို စုံစမ်းဖော်ထုတ်ခဲ့ရာ တာမွေမြို့နယ်နေ အောင်မင်းခန့် (၂၅ နှစ်)၊
ဉာဏ်လင်းရှိန်(ခ) ဉာဏ်ကြီး(၂၂ နှစ်)နှင့် အောင်ကိုကိုဦး(ခ)အောင်ကို (၂၉ နှစ်) တို့ကို
ဖမ်းဆီးစစ်ဆေးလျက်ရှိသည်။
















