မင်္ဂလာဒုံမြို့နယ်အတွင်း ဇူလိုင်လ ၂၆ ရက်နေ့ က ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့သော ကျပ် ၁၃၃ ဘီလျံ
(အမေရိကန်ဒေါ်လာ သန်း၁၀၀ ခန့်) တန်ဖိုးရှိသည့် စိတ်ကြွဆေးပြား ၂၆၇ သိန်းကို
ရန်ကုန်တိုင်းဒေသကြီး မူးယစ်တပ်ဖွဲ့စုသို့ အပ်နှံခဲ့ကြောင်း မင်္ဂလာဒုံမြို့မ ရဲစခန်းမှူး ဒုရဲမှူးဝင်းမြင့်က
ပြောသည်။
"မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီးတော့ သံသယရှိတဲ့သူတွေကို စစ်ဆေးနေတုန်းပါပဲ။
လောလောဆယ်တော့ အမှုမှန်ပေါ်ပေါက်ရေးအတွက် ဆောင်ရွက်နေပါတယ်" ဟု ၎င်းက
ပြောသည်။
အဆိုပါနေ့ နံနက် ၅ နာရီခန့်တွင် ဇေကမ္ဘာဝင်းအနီး အိုးအိမ် ၆ လမ်းပေါ်တွင် ပိုင်ရှင်မဲ့
ကွန်တိန်နာယာဉ်အား စစ်ဆေးခဲ့ရာ ယာဉ်အတွင်း ဆာလာအိတ် ၈၈ အိတ်ဖြင့် ထုပ်ထားသော
စိတ်ကြွဆေးပြားများကို ပိုင်ရှင်မဲ့တွေ့ရှိ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။
အဆိုပါ ပီနံအိတ်များကို မင်္ဂလာဒုံမြို့မရဲစခန်းသို့ သယ်ဆောင်ခဲ့ပြီးစစ်ဆေးခဲ့ရာ ပီနံအိတ်အတွင်း
အဖြူရောင်ကျန်ကျောင်းအိတ်ဖြင့် ထည့်လျက် ပန်းရောင်စိတ်ကြွဆေးပြား ၂၆၇ သိန်း၊ အလေးချိန်
၂,၆၇၀ ကီလိုဂရမ်ကို ဖမ်းမိခဲ့ခြင်းဖြစ်သည်။
ယခု ဖမ်းဆီးရမိခဲ့မှုသည် မြန်မာတစ်နိုင်ငံလုံး၌ စိတ်ကြွဆေးပြား အများဆုံး ဖမ်းဆီးရမိမှုလည်း
ဖြစ်သည်။
















