မော်တော်ယာဉ်များကို ပိတ်ဆို့စစ်ဆေးမှုပြုလုပ်စဉ် မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုဖြင့်
ထိန်းသိမ်းခံရထားသည့် အဆိုတော် X-Box ပါ လေးဦးကို ရဲလုပ်ငန်းများပြီးဆုံးပါက
တရားရုံးသို့ တရားစွဲဆိုတင်ပို့နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းဗဟန်းမြို့မရဲတပ်ဖွဲ့မးဖြစ်
သည့် ရဲမှူးခင်မောင်ကြည်က ပြောသည်။
ဩဂုတ်လ ၁၈ ရက်နေ့ညပိုင်းတွင် ဗဟန်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက ယာဉ်များကို ပိတ်ဆို့
စစ်ဆေးနေစဉ် အဆိုတော် ရဲခေါင်ဖူး (ခ) X-Box လိုက်ပါစီးနင်းလာသည့်ကားကို တားဆီး
စစ်ဆေးခဲ့ရာ ကားထဲတွင် အတူလိုက်ပါလာသည့် သူငယ်ချင်းသုံးဦးအနက် နှစ်ဦးထံမှ
အဖြူရောင်ကြွပ်ကြွပ်အိတ်ဖြင့် ထုတ်ထားသည့် ဆေးခြောက်ဟုယူဆရသည့် အရွက်ခြောက်
အလေးချိန် ၈ ဂရမ်နှင့် အလေးချိန် ၀.၂ ဂရမ်ရှိ အတွင်းခဲပြားပတ်ထားသည့် ပန်းရောင်စိတ်ကြွရူး
သွပ်ဆေးပြား ၂ ပြားတို့ကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။
"ချုပ်ရမန်တောင်းပြီးတော့ မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပါတယ်။
ဆေးစစ်ဆေးတာတွေပြီးသွားရင်တော့ တရားရုံးကို တရားစွဲတင်သွားမှာပါ"ဟု
ရဲမှူးခင်မောင်ကြည်က မြန်မာတိုင်း(မ်)ကို ပြောသည်။ ပြီးခဲ့သည့်လက ရန်ကုန်တိုင်းဒေသကြီး
အတွင်း ပိုင်ရှင်မဲ့မူးယစ်ဆေးဝါးများသိမ်းဆီးရမိခဲ့ပြီးသည့်နောက်ပိုင်းနှင့် ရွေးကောက်ပွဲနီးကပ်
လာသဖြင့် လုံခြံုရေးစစ်ဆေးမှုများကို ဆောင်ရွက်သည့်အနေနဲ့ ရဲတပ်ဖွဲ့ဝင်များက ဩဂုတ်လ
၁ ရက်နေ့မှစတင်ကာ မြို့နယ်အလိုက် ယာဉ်ကြောပိတ်ဆို့စစ်ဆေးမှုများကို ပြုလုပ်လျက်ရှိသည်။
X-Box ရဲ့ အပေါင်းအသင်းတွေနဲ့ ပရိသတ်တွေကတော့ သူရဲ့ဖေ့စ်ဘွတ်စာမျက်နှာဖြစ်တဲ့
Ye Gaung Phoo မှာ သူ့အတွက် ဆုတောင်းစာများရေးသားပြီး သူ့အတွက် စိတ်ပူပန်နေကြ
တာတွေ့ရတယ်"လို့ X-Box ရဲ့ ပရိသတ်တစ်ဦးဖြစ်သည့် ကိုမျိုးအောင်က ပြောသည်။ ရန်ကုန်
တိုင်းဒေသကြီးအတွင်း ဩဂုတ်လ ၁ ရက်နေ့မှ ၁၇ ရက်နေ့အတွင်း မော်တော်ယာဉ်စစ်
ပိတ်ဆို့ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ရာ မူးယစ်ဆေးဝါးတွေ့ရှိဖမ်းဆီးအရေးယူမှု (၂၁) မှုရှိခဲ့ကြောင်း
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုတော် X-Box သည် အဆိုတော် ရွှေထူး၊ Lil'Z ၊ ထက်ရန်တို့နှင့် ပူးပေါင်းထွက်ရှိခဲ့သော
"4" ဆိုသည့် သီချင်း အယ်လ်ဘမ်နှင့် ပရိသတ်အကြား နာမည်ရလာခဲ့သည့် လူငယ်ဟစ်ပ်ဟော့
အဆိုတော်တစ်ယောက် ဖြစ်သည်။
















