ရန်ကုန်မြို့၌ ညဘက် မော်တော်ယာဉ်များ ပိတ်ဆို့စစ်ဆေးစဉ် ကားပေါ်၌ မူးယစ်ဆေးဝါးတွေ့ရှိမှုဖြင့်
ဗဟန်းမြို့နယ်ရဲစခန်းတွင် ဖမ်းဆီးခံထားရသည့် ဟစ်ဟော့ အဆိုတော် X-Box အပါအဝင် သုံးဦးကို
ဗဟန်းမြို့နယ် တရားရုံးတွင် စက်တင်ဘာ လ ၁၄ ရက်နေ့က ဒုတိယအကြိမ် ရုံးထုတ်ခဲ့ပြီး
ချုပ်ရမန်နှစ်ရက် ထပ်တိုးပေးခဲ့သည်။
ဩဂုတ်လ ၁၈ ရက်နေ့ညက ၎င်းတို့၏ ကားပေါ်တွင် ဆေးခြောက်ဟု ယူဆရသည့်
အရွက်ခြောက် အလေးချိန် ရှစ်ဂရမ် နှင့် ခဲပြားပတ်လျက် ပန်းရောင် စိတ်ကြွ ရူးသွပ်ဆေးပြား
နှစ်ပြားတို့ကို သိမ်းဆည်း ရမိခဲ့ခြင်းဖြစ်သည်။
ဩဂုတ်လ ၁၈ ရက် မှ ယခုလ ၁၄ ရက်နေ့အထိ ချုပ်ရမန်ကြီး နှစ်ပတ်၊ ၂၈ ရက်ရှိနေပြီဖြစ်ကာ
တရားရုံးသို့ တရားစွဲဆို တင်ပို့နိုင်ရန် ဥပဒေအကြံပြုချက် တောင်းခံထားဆဲဖြစ်သဖြင့် ရမန်
ထပ်တိုးပေးခဲ့ခြင်းဖြစ်ကြောင်း ဗဟန်းမြို့နယ်တရားသူကြီးက ရုံးချိန်းတွင် ပြောကြားခဲ့သည်။
ချုပ်ရမန်ပြည့်သည့် ယခုလ ၁၆ ရက်နေ့တွင် ထပ်မံရုံး ထုတ်မည်ဖြစ် ပြီး အမှုကို စတင်စစ်ဆေးရန်
ဆောင်ရွက်သွားရဦးမည်ဖြစ်ကြောင်း ဗဟန်းမြို့နယ်တရားရုံးက သိရသည်။
















