ကမ္ဘောဇဘဏ် အေတီအမ်စက်က ငွေများကို ကတ်အတုဖြင့် ထုတ်ယူခဲ့သည့် ဘူဂေးရီးယား
နိုင်ငံသားကို ကျောက်တံတားမြို့နယ်ရှိ ဟိုတယ်တစ်ခု၌ ဒီဇင်ဘာ ၁၀ ရက်တွင် ဖမ်းဆီးရမိခဲ့သည်။
ဒီဇင်ဘာ ၁၀ ရက်တွင် ကမ္ဘောဇဘဏ် အေတီအမ်ကတ်ဌာနလက်ထောက်မန်နေဂျာ
ဦးအောင်ပြည့်ဇော်က ကမာရွတ်မြို့နယ်၊ (၈)ရပ်ကွက်၊ လှည်းတန်း စိန်ဂေဟာရှေ့တွင် ထားရှိသည့်
အေတီအမ်စက်နှင့် လှည်းတန်းစင်တာတွင် ထားရှိသည့် အေတီအမ်စက်တို့တွင် T.K.MAXX ကတ်
တစ်ခုစီကို မသင်္ကာဖွယ်တွေ့ရှိ သဖြင့် ၎င်းကတ်နှစ်ခုကို အိုင်တီဌာနတွင် စစ်ဆေးရာ ဗီဇာကတ်
data များတွေ့ရပြီး ဒီဇင်ဘာ ၈ ရက်တွင် လှည်းတန်းစင်တာရှိ ATM စက်နှင့် စိန်ဂေဟာရှေ့ရှိ
အေတီအမ်စက်တို့က ငွေကျပ် ၁၈ သိန်းကို ဘူဂေးရီးယားနိုင်ငံသားတစ်ဦးက Visa card အတု၊
Maestro Card အတုနှင့် MASTER ကတ်အတုတို့ဖြင့် ထုတ်ယူသွားကြောင်းသိရသဖြင့်
ကမာရွတ်မြို့မရဲစခန်းသို့ တိုင်တန်းခဲ့သည်။
ကမာရွတ်မြို့မရဲစခန်းက(ပ)၄၉၆/ ၁၅၊ ပြစ်မှုပုဒ်မ၃၈၀/၄၆၈ အရ အမှု ဖွင့်လှစ်ပြီး
ဒီဇင်ဘာ ၁၀ ရက်တွင် ကျောက်တံတားမြို့နယ်ရှိ City Star ဟိုတယ်၌ တည်းခိုနေသည့်
အဆိုပါ ဘူဂေးရီးယားနိုင်ငံသားကို ငွေကျပ် သိန်း ၅၀၀ နီးပါးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
၎င်းသည် နို၀င်ဘာ ၃ ရက်တွင် တရုတ်လေကြောင်းလိုင်းဖြင့် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး
ကျောက်တံတားမြို့နယ်ရှိ City Star Hotel တွင် တည်းခိုနေထိုင်ခဲ့ကြောင်း၊ နိုဝင်ဘာ ၈ ရက်တွင်
ကမာရွတ်မြို့နယ်၊ လှည်းတန်းစင်တာရှိ အေတီအမ် စက်ကငွေများကို ကတ်အတုဖြင့် ထုတ်ယူရာ
မရရှိဘဲ ငွေထုတ်စက်အတွင်း ကတ်ကျန်နေခဲ့ကြောင်း၊ ၎င်းနေ့တွင်ပင် လှည်းတန်းစိန်ဂေဟာရှေ့ရှိ
အေတီအမ်စက်က ငွေများကို အေတီအမ်ကတ်အတုဖြင့် ခုနစ်ကြိမ်ခွဲ၍ ငွေများ ထုတ်ယူခဲ့ရာ
စုစုပေါင်း ငွေကျပ် ၁၈ သိန်း ထုတ်ယူရရှိခဲ့ကြောင်း၊ နို၀င်ဘာ ၁၄ ရက်တွင် မန္တလေးမြို့သို့
သွားရောက်ခဲ့ပြီး မြို့ပေါ်ရှိ အေတီအမ် ငွေထုတ်စက်များမှ ငွေများကိုလည်း ကတ်အတုများဖြင့်
ထုတ်ယူ၍ ရန်ကုန်သို့ ပြန်လာခဲ့ကြောင်း ထွက်ဆိုခဲ့သည်။
၎င်းကို အခြားအမှုများ ကျူးလွန်ထားခြင်း ရှိ၊ မရှိ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ က
ဆက်လက်ဖော်ထုတ်စစ်ဆေးလျက်ရှိသည်။
















