ပျဉ်းမနားမြို့နယ်၊ ချယ်ရီမေ ကာရာအိုကေ ဆိုင်တွင် နေပြည်တော် တိုင်းရဲတပ်ဖွဲ့မှူးရုံး၊ ဦးစီး(၁)မှ
ရဲအုပ်အဆင့်ရှိသူ ရဲတပ်ဖွဲ့ဝင် သုံးဦးကို လူရှစ်ဦးခန့်က ဒီဇင်ဘာ ၁၅ ရက်တွင် ဓားဖြင့် ၀ိုင်းခုတ်မှု
ဖြစ်ပွားခဲ့သည်။
တရားခံများမှာ နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ကျေးရွာနေ ရန်နောင်စိုးပါ
ရှစ်ဦးဖြစ်ပြီး ရန်နောင်စိုးနှင့် ဓားခုတ်ခံရသည့် ရဲအုပ်သုံးဦးမှာ အသိအကျွမ်းများဖြစ်ကြသည်ဟု
ပျဉ်းမနားမြို့မ ရဲစခန်း စခန်းမှူး ဒုတိယရဲမှူး တင်ဌေးက ပြောသည်။
အခင်းဖြစ်ပွားခဲ့သည့် ချယ်ရီမေ ကာရာအိုကေဆိုင်သည် ခရိုင်ထွေအုပ်ရုံးက တရားဝင်
လိုင်စင်ထုတ်ပေးထားသည့် ဆိုင် ဖြစ်သည်ဟု စခန်းမှူးကပြောသည်။
"အမှုအသေးစိတ်ကို စစ်နေပြီ။ ပဏာမ ရထားတဲ့ သတင်းအရကတော့ ရန်နောင်စိုးက
အရင်လာတယ်။ လာတော့ စကားများတယ်။ စကားများပြီး ပြန်သွားတယ်။ ပြီးမှ သူ့အဖွဲ့ကို
ခေါ်လာတယ်။ တုတ်တွေ၊ ဓားတွေ ယူလာကြတယ်။ ပြီးတော့မှ ၀င်ခုတ်၊ ၀င်ရိုက်ကြတာတွေ
လုပ်ခဲ့တယ်။ တရားခံတွေက အခင်းဖြစ်ပြီးပြီးချင်း ထွက်ပြေးသွားကြတယ်"ဟု ပျဉ်းမနားရဲစခန်း
စခန်းမှူး ဒုတိယရဲမှူး တင်ဌေးက ပြောသည်။
ရဲတပ်ဖွဲ့ဝင်များနှင့် စတင်စကားများခဲ့သူ တရားခံ ရန်နောင်စိုးသည် ရန်ကုန်မှ နေပြည်တော်သို့
လွန်ခဲ့သည့် ငါးနှစ်ခန့်က စတင် ပြောင်းရွှေ့နေထိုင်ခဲ့သူဖြစ်ပြီး အခင်းဖြစ်ပွားစဉ် ၎င်းနှင့်အတူ
ပါလာသည့် အမည်မသိ လူခုနစ်ဦးသည်လည်း ရန်ကုန်ကလာသူများ ဖြစ်သည်ဟု အကြမ်းဖျင်း
သိရှိထားကြောင်း စခန်းမှူးက ပြောသည်။
"ရန်နောင်စိုး ဆိုတဲ့လူက ကာရာအိုကေခန်းထဲကို ၀င်လာတယ်။ ပြီးတော့ သူတို့ (ရဲအုပ်)နဲ့ ကပ်ပြီး
စကားပြောတယ်။ သီချင်းက ဖွင့်ထားလို့။ ပြီးတော့ ပုလင်းနဲ့ ကိုင်ပြီး ရိုက်မလို့လုပ်တယ်။ ဒါနဲ့
အားလုံးက ၀ိုင်းဝန်း ဖျန်ဖြေကြတာပေါ့။ အဲဒီမှာ ပြဿနာက ပြီးသွားတယ်။ ပြီးမှ ကားတစ်စီးနဲ့
ပြန်ရောက်လာတာ" ဟု စခန်းမှူးက ဖြစ်စဉ်အကျဉ်းကို ပြောပြသည်။
ရဲအုပ်သုံးဦးအနက် ကာရာအိုကေ အခန်းအပြင်ဘက်တွင် ရှိနေသည့် ရဲအုပ် စိုးမိုးဝင်းကို ဓားဖြင့်
စခုတ်ခဲ့ခြင်းဖြစ်ပြီး ယင်းနောက်မှ ကာရာအိုကေအခန်းတွင်းရှိ ရဲအုပ်များကို
ထပ်မံဝင်ခုတ်ခြင်းဖြစ်သည်။
ရဲအုပ် နှစ်ဦးမှာ ပြင်းပြင်းထန်ထန် အခုတ်ခံခဲ့ရပြီး အသက်အန္တရာယ် စိုးရိမ်ရန်မရှိသော်လည်း
ဒဏ်ရာကြီးမားသည်ဟု စခန်းမှူးက ပြောသည်။
"ခုတင်တစ်ထောင်ဆေးရုံမှာ တင်ထားတယ်။ တစ်ယောက်က လက်ကျိုးသွားတယ်။ နှစ်ယောက်က
ဓားနဲ့ အခုတ်ခံရတယ်။ အမှုနဲ့ ပတ်သက်ပြီး အသေးစိတ်မသိရသေးဘူး။ အခုမှ သွားစစ်နေတုန်း
အဆင့်ပဲ ရှိသေးတာ"ဟု ၎င်းက မီဒီယာများကို ပြောသည်။
"လူငယ်တွေမှာ အုပ်စုဖွဲ့ပြီး အကြမ်းဖက်ချင်တဲ့ စိတ်တွေ ရှိနေကြတယ်"ဟု ပျဉ်းမနား စခန်းမှူးက
အဆိုပါ အမှုအခင်းအပေါ် သုံးသပ်သွားသည်။
အမှုကို ပျဉ်းမနားရဲစခန်းက (ပ) ၅၉၆။ ၂၀၁၅၊ ပုဒ်မ ၃၂၆၊ ၃၂၅ တို့ဖြင့် အမှုဖွင့် စစ်ဆေးနေပြီဖြစ်သည်။
















