နေပြည်တော်တွင် တာဝန်ထမ်းဆောင်နေသည့် ရဲအုပ် သုံးဦးကို ဓားဖြင့်ဝိုင်းခုတ်ခဲ့သည့် တရားခံများ
ဖော်ထုတ်အရေးယူနိုင်ရန်အတွက် နေပြည်တော်ရဲတပ်ဖွဲ့ နှင့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့တို့
ပူးပေါင်းဆောင်ရွက်နေသည်ဟု ပျဉ်းနားမြို့မ ရဲစခန်းမှ အကြီးတန်း အရာရှိတစ်ဦးက မြန်မာတိုမ်း(မ်)ကို
ပြောသည်။
"စုံစမ်းဆဲအဆင့်ပဲ ရှိသေးတယ်။ လောလောဆယ်တော့ ပေါင်းပြီးမှ စစ်နေတယ်။ ရန်ကုန်ဘက်ကို
ရှောင်သွားကြတယ်ဆိုတော့ ရန်ကုန် ဘက်မှာ တစ်ဖွဲ့က လိုက်နေတယ်။ နေပြည်တော်ဘက်မှာတော့
ဒီ (ပျဉ်းမနား) ပတ်ဝန်းကျင်၊ နောက်ပြီးတော့ ဇဗ္ဗူသီရိ၊ ပုဗ္ဗသီရိ၊ ဇေယျာသီရိဘက်တွေကို အပိုင်
နယ်မြေခံ၊ နယ်ထိန်းတွေနဲ့ ဖြန့်ပြီးတော့ လိုက်နေတယ်"ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။
အဆိုပါ အမှုဖြစ်စဉ်တွင် ပထမဆုံး ကေတီဗီခန်းမအတွင်းရှိ ရဲအုပ်များနှင့် စကားများခဲ့သူ ရန်နောင်စိုး၏
နောက်သို့ လိုက်လံစုံစမ်းနေပြီး ရန်နောင်စိုး ကတစ်ဆင့် ကျန်တရားခံများကို ဆက်လက်ဖော်ထုတ်မည်
ဖြစ်သည်။
ဒီဇင်ဘာ ၁၅ ရက် နံနက် ၁ နာရီ အချိန် ပျဉ်းမနားမြို့နယ်၊ ချယ်ရီမေ ကာရာအိုကေဆိုင်တွင်
နေပြည်တော် တိုင်းရဲတပ်ဖွဲ့မှူးရုံး၊ ဦးစီး(၁)က ရဲအုပ်အဆင့်ရှိသူ ရဲတပ်ဖွဲ့ဝင် သုံးဦးကို လူရှစ်ဦးခန့်က
ဓားဖြင့် ၀ိုင်းခုတ်မှုဖြစ်ပွားခဲ့သည့် အထက်ပါ အမှုနှင့် စပ်လျဉ်း၍ ပျဉ်းမနား မြို့ခံများ အထူးတလည်
စိတ်ဝင်တစား ရှိနေသည်။
တရားခံများသည် နေပြည်တော် ကောင်စီနယ်မြေတွင်း ငမန်းစက်ဟု ခေါ်သော
အကြွေစေ့လောင်းကစားစက်များကို မထင်မရှားဖွင့်လှစ် စီးပွားရှာနေသည့် အသိုင်းအဝိုင်းအတွင်း
ကျင်လည်နေသူများဖြစ်သည်ဟု ထင်ကြေးပေး သုံးသပ်လျက်ရှိသည်။
"လိုင်းကြေးကိစ္စလို့တော့ ကြားရတာပဲ။ အဲဒီ ရန်နောင်စိုးဆိုတဲ့လူက အရင်က ငမန်းစက်ထောင်တဲ့
လူတဲ့ဗျ။ လတ်တလော နေပြည်တော်မှာ သူ့စက်တွေ မရှိတော့ဘူးတဲ့။ အဲဒီ ဓားခုတ်မှု
ဖြစ်ပြီးကတည်းက ကျွန်တော်ကစားနေတဲ့ ဆိုင်တော့ အရင်လို ညလုံးပေါက် မဖွင့်တော့ဘူး။
ညဘက် ခပ်စောစော လေးပိတ်သွားတယ်"ဟု ငါးမန်းပစ် (ဒေသအခေါ်) ၀ါသနာရှင်တစ်ဦးက
မြန်မာတိုင်း(မ်)သို့ပြောသည်။
ယင်းအမှုသည် မြို့ခံများ ထင်ကြေး ပေးပြောဆိုနေသည့် ငမန်းစက်ဖွင့်လှစ် စီးပွားရှာသည့်
အသိုင်းအဝိုင်းနှင့် ပတ်သက်ခြင်း ရှိမရှိကို မြန်မာတိုင်း(မ်)က မေးမြန်းရာ "အဲဒါတော့ မသိသေးဘူး"ဟု
ဖြေကြားခဲ့သော်လည်း အဆိုပါ ထင်ကြေးမှန် မမှန်ကိုမူ ပြောခြင်းခဲ့ခြင်းမရှိပေ။
ဓားဖြင့်အခုတ်ခံရသူ ရဲအုပ် သုံးဦးမှာလည်း ယနေ့ထိ ဆေးရုံတွင် ကုသဆဲဖြစ်ပြီး အသက်အန္တရယ်
စိုးရိမ်စရာမရှိသော်လည်း ဓားခုတ် ဒဏ်ရာများကြောင့် ရက်ကြာရှည်စွာ ဆေးကုသမှုခံယူရဦးမည်
ဖြစ်သည်။
အမှုကို ပျဉ်းမနားရဲစခန်းက (ပ) ၅၉၆။ ၂၀၁၅၊ ပုဒ်မ ၃၂၆၊ ၃၂၅ တို့ဖြင့် အမှုဖွင့် စစ်ဆေးနေသည်။
















