မကွေးမြို့ အောင်မေတ္တာ(က) ရပ်ကွက် ၁၅ လမ်းတွင် ဒီဇင်ဘာ ၂၁ ရက် ညပိုင်းက အိမ်ငှားနေထိုင်သူ
အမျိုးသမီးက ငှားထားသော အိမ်ကို မီးရှို့ခဲ့သဖြင့် အိမ်နီးချင်းများနှင့် မီးသတ်တပ်ဖွဲ့က ပူးပေါင်း၍
မီးငြိမ်းသတ်ခဲ့ရဟု အိမ်နီးချင်းတစ်ဦးကပြောသည်။
အိမ်ရှင်က ၎င်း၏ နေအိမ်ကို ဆက်လက် မငှားနိုင်တော့ကြောင်း ပြောဆိုခဲ့ပြီးနောက်
အိမ်ငှားနေထိုင်သူမှ နေအိမ်ပေါ်ရှိ သင်ဖြူးများကို စတင်မီးရှို့ခဲ့ခြင်းဟု အနီးဝန်းကျင်တွင်
နေထိုင်ကြသူများကပြောကြားသည်။
"သူက(မီးရှို့သူ) မူးနေတာ၊ စကားများ နေသံကြားတော့ ၀င်းထရံနားကနေ သွားကြည့်တော့
မီးတောက်တွေ တက်လာတာ မြင်လို့ လန့်ပြီး ရပ်ကွက်ထဲ ပတ်အော်ရတာ ကျွန်မတို့
အိမ်နားမီးလောင်နေပါပြီ၊ မီးလောင်နေပါပြီလို့"ဟု အိမ်နီးချင်းတစ်ဦးက ပြောသည်။
မီးလောင်ကျွမ်းမှု ဖြစ်ပွားနေချိန်တွင် အိမ်တွင်း၌ လမ်းလျှောက်တတ်စ အရွယ် ကလေးငယ်တစ်ဦး
ရှိနေခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိမှု မရှိခဲ့ကြောင်း ဆိုသည်။
မီးလောင်မှုကို မကွေးတိုင်းဒေသကြီး မီးသတ်ဌာနမှ မီးသတ်ကားများ လာရောက် ငြိမ်းသတ်ခဲ့ကြပြီး
နေအိမ်ခေါင်မိုးနှင့် ပစ္စည်း အချို့ ပျက်စီးခဲ့သည်။
အဆိုပါမီးလောင်မှုကြောင့် မီးရှို့ခဲ့သူ ဒေါ်စောမွန် အသက် (၃၇)နှစ်ကို မကွေးမြို့
အမှတ်(၂) ရဲတပ်ဖွဲ့စခန်းက (ပ)၃၀၂။ ၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၃၆ အရ အမှုဖွင့်
အရေးယူဆောင်ရွက်ထားသည်။
ယခုနှစ်ပွင့်လင်းရာသီအစတွင် မကွေးမြို့ပေါ်၌ မီးလောင်မှု လေးကြိမ် ဖြစ်ပွားခဲ့သည်။
















