မကွေးမြို့ ရန်မျိုးလုံရပ်ကွက်၊ သုခိတာလမ်းရှိ ၊အူရီဒူး ဆက်သွယ်ရေးကုမ္ပဏီ ရုံးခန်း၌ ဇန်နဝါရီ ၄ ရက်
ည ၁၀ နာရီခွဲခန့်က မီးလောင်ခဲ့ပြီး အခြားအိမ်များကို ကူးဆက်ခဲ့ခြင်း မရှိကြောင်းနှင့်
လူအသေအပျောက် မရှိကြောင်း မီးသတ်တပ်ဖွဲ့က အတည်ပြုပြောကြားသည်။
မီးလောင်မှုကြောင့် ပေ 20x30 တိုက်ခံအိမ် ပျဉ်ခင်း နှစ်ထပ်အိမ်အဆောက်အဦးနှင့်
စာရွက်စာတမ်းများ၊ အဲယားကွန်း၊ စီစီတီဗီ ကင်မရာနှစ်လုံးတို့ ပျက်စီးဆုံးရှုံးပြီး ကုမ္ပဏီ မန်နေဂျာ
ဦးကျော်မင်းမင်းဦးကို မကွေးမြို့နယ်အမှတ်(၂)နယ်မြေရဲစခန်းက (ပ)၉/ ၂၀၁၆၊ ပြစ်မှုဆိုင်ရာ
ဥပဒေပုဒ်မ၂၈၅ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိသည်ဟု နယ်မြေရဲတပ်ဖွဲ့စခန်းမှ
တာဝန်ရှိသူက ပြောသည်။
မီးလောင်မှုဖြစ်စဉ် အကြောင်းအရင်းကို စုံစမ်းနေဆဲဖြစ်ပြီး မီးလောင်မှုကို လာရောက်ကြည့်ရှုသည့်
လူအုပ်ကြီးကြောင့် မီးငြှိမ်းသတ်ရာတွင် အခက်တွေ့ရသည်ဟု မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက
ပြောသည်။
"မီးသတ်ကားတွေအတွက် မီးလောင်မှုတွေမှာ ပြဿနာအရှိဆုံးက ဆိုင်ကယ်တွေပဲ၊ မီးလောင်ပြီဆိုတာနဲ့
လာကြည့်တဲ့ ဆိုင်ကယ်တွေက အများကြီး ဖြစ်နေပြီ၊ မီးသတ်ကားတွေရဲ့ လမ်းကြောင်းမှာ
အရမ်းကို အနှောင့်အယှက်ဖြစ်ရတယ်။ အခင်းဖြစ်တဲ့နေရာမှာ ဖုန်းတွေနဲ့ ဓာတ်ပုံတွေရိုက်ကြတယ်၊
သူတို့အတွက် အန္တရာယ်ကို မတွေးကြဘူး"ဟု ၎င်းက ပြောသည်။
















