ရန်ကုန်တိုင်းဒေသကြီး၌ ရက် ၄၀ အတွင်း ဖမ်းဆီးအရေးယူခဲ့သည့် လိုင်စင်မဲ့နှင့် နယ်ကျော်ဆိုင်ကယ်
စီးရေ ၁,၀၀၀ ကျော် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးနှင့် အမှတ်(၂) ယာဉ်ထိန်း
ရဲတပ်ဖွဲ့ခွဲ မှူးရုံးတို့က ဇန်နဝါရီ ၂၃ ရက်တွင် တရားဝင် ထုတ်ပြန်သည်။
"နယ်ကျော်၊ လိုင်စင်မဲ့ဆိုင်ကယ်တွေ ကို ယာဉ်ထိန်းရဲတပ်ဖွဲ့က သီးခြားဖမ်းတာ ရှိသလို
မြို့နယ်ရဲစခန်းတွေကလည်း ဖမ်းဆီးတာတွေရှိတယ်။ သူ့သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေကလည်း
သီးခြား ဖမ်းဆီးတာမျိုးတွေ ရှိပါတယ်" ဟု အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်)
ဒုတိယရဲမှူး ၀င်းလွင်က ဇန်နဝါရီ ၂၄ ရက်တွင် မြန်မာတိုင်း(မ်)ကို ပြောသည်။
၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ ၁၃ ရက်မှ ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီ ၂၂ ရက်အထိ မြို့နယ်ရဲစခန်းက
ယာဉ်စစ်ပိတ်ဆို့ဖမ်းဆီးခဲ့ရာ အရှေ့ပိုင်းခရိုင်၌ ဆိုင်ကယ် ၄၃၈ စီး၊ အနောက်ပိုင်းခရိုင်၌
ဆိုင်ကယ်စီးရေ ၁၉၈ စီး၊ တောင်ပိုင်းခရိုင်၌ ငါးစီးနှင့် မြောက်ပိုင်း ခရိုင်၌ ၁၆၅ စီး ဖမ်းဆီးရမိသည်။
"ဇန်နဝါရီ ၁ ရက်ကနေ ၂၂ ရက်အထိ ယာဉ်ထိန်းရဲတပ်ဖွဲ့က လိုင်စင်မဲ့နယ်ကျော် ဆိုင်ကယ်
၁၆၅ စီးကို ဖမ်းဆီးအရေးယူခဲ့တယ်။ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာနောက်ဆုံးပတ်မှာ ဖမ်းဆီးထားတဲ့
လိုင်စင်မဲ့ ဆိုင်ကယ်တွေကို အမျိုးသားစီမံစီးပွား ဌာနကို လွှဲပြောင်းပေးပြီးဖြစ်ပါတယ်" ဟု
အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ ခွဲမှူးရုံး (ရန်ကုန်) ဒုတိယရဲမှူး မျိုးအောင်မြင့်က ပြောသည်။
၂၀၁၅ တွင် ရန်ကုန်တိုင်းဒေသကြီး၌ လုယက်မှု ၆၇ မှု ဖြစ်ပွားခဲ့ပြီး လုယက်မှု ၄၈ မှုဖြစ်ပွားခဲ့သည့်
၂၀၁၄ ကထက် ၁၉ မှု ပိုမိုခဲ့ကာ ဆိုင်ကယ်ဖြင့် လုယက်မှု ရှစ်မှု ပါ၀င်သည်။
"လိုင်စင်မဲ့ ဆိုင်ကယ်တွေကို အပြီးသိမ်းတယ်။ အထွေထွေစီမံခန့်ခွဲမှု ဦးစီးမှု ဌာနကို
လွှဲပေးလိုက်တယ်။ အဲဒီဌာနက ပိုင်ရှင်လာရောက်ဆက်သွယ်ဖို့ ကြော်ငြာ ပို့တယ်။
ခြောက်လကျော်လို့ မဆက်သွယ်ဘူးဆိုရင် နိုင်ငံပိုင်သိမ်းတယ်။ ဆက်သွယ်မယ်ဆိုရင်တော့
သွင်းကုန်ထုတ်ကုန် ဥပဒေပုဒ်မနဲ့ အရေးယူ တရားစွဲတယ်။ လိုင်စင်ရှိတဲ့ ဆိုင်ကယ်တွေက
စည်ပင် ဥပဒေပုဒ်မ ရ၂ နဲ့ ဒဏ်ငွေတစ်သောင်းကနေ သုံးသိန်းအထိ စည်ပင်သာယာ တရားရုံးမှာ
ဒဏ်ငွေဆောင်ရမယ်" ဟု ဒုတိယရဲမှူး ၀င်းလွင်က ပြောသည်။
















