မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ်နောက်ပိုင်း မည်သည့် သေဒဏ်ကျအကျဉ်းသားကိုမျှ ကွပ်မျက်ခဲ့ခြင်း
မရှိကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ဇန်နဝါရီ
၂၅ ရက်တွင် ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်
ဦးဖုန်းမြင့်အောင်၏မေးခွန်းကို အမျိုးသားလွှတ်တော်သို့ လာရောက်ဖြေကြားစဉ် ဒုတိယဝန်ကြီးက
ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
အစိုးရသစ် လက်ထက်၌ သေဒဏ်ကျ အကျဉ်းသားများကို သေဒဏ်ပြစ်ဒဏ်မှ
ထောင်တစ်သက်တစ်ကျွန်း ပြစ်ဒဏ်သို့ လျှော့ပေါ့ပေးခဲ့ကြောင်း ၎င်းက ဆိုသည်။
လက်ရှိ အစိုးရလက်ထက်၌ အကျဉ်းသား ၁၀,၀၀၀ ကျော် လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ရာ လူသတ်မှုဖြင့်
ကျခံနေရသည့် အကျဉ်းသား ၂,၃၇၄ ဦး၊ မုဒိမ်းမှုဖြင့် ကျခံနေရသူ ၁,၇၂၆ ဦးပါ၀င်ခဲ့သည်ဟု ဆိုသည်။
ဦးဖုန်းမြင့်အောင် ကမူ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသော အကျဉ်းသားများအနက်
ပုဂ္ဂလိက နစ်နာမှုဖြင့် ကျခံနေရသော အကျဉ်းသားများကို လွှတ်ပေးရာတွင် နစ်နာခဲ့သူများ၏
ခံစားချက်ကို ထည့်သွင်း တွက်ချက်ခြင်း ရှိမရှိ မေးမြန်းခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။
















