ရွှေပြည်သာမြို့နယ်အတွင်း မူးယစ်ဆေးဝါးအုပ်စုဖွဲ့ရောင်းချနေသူများကို လက်နက်ကိုင်ဆောင်မှု၊
မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုတို့ဖြင့် ဖမ်းဆီးအရေးယူခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး
ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၁ ရက်တွင် သတင်းထုတ်ပြန်သည်။
ဇန်နဝါရီ ၃၁ ရက် ည ၁၂ နာရီခွဲအချိန်ခန့်တွင် ရွှေပြည်သာမြို့နယ်၊ စိန်ပန်း(၄)လမ်းနေ ခေါလေး၏
နေအိမ်သို့ သတင်းရ ရွှေပြည်သာမြို့နယ်ရဲတပ်ဖွဲ့မှူးဦးစီးသည့် ပူးပေါင်းအဖွဲ့က ၀ုိင်းဝန်းပိတ်ဆို့
ဖမ်းဆီးခဲ့ရာ ၎င်းက ရဲတပ်ဖွဲ့ ၀င်များကို ပြန်လည်ခုခံသဖြင့် လုံးထွေးဖမ်းဆီးခဲ့သည်။
ထိုစဉ် ၎င်း၏ တပည့်နှစ်ဦးက ဓားများကိုင်ဆောင်ကာ နေအိမ်နောက်ဖေးရှိ မြေကွက်လပ်သို့
ထွက်ပြေးစဉ် ရဲတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။
၎င်းတို့၏ ခန္ဓာကိုယ်ပေါ်နှင့် နေအိမ်အတွင်းမှ ဓားမြှောင်မျိုးစုံ ငါးလက်၊ လေးခွ တစ်လက်၊
လက်ကိုင်ဖုန်းမျိုးစုံ လေးလုံးနှင့် ဒဗ္ဗလျူဝိုင် စာတန်းပါ လိမ္မော်ရောင် စိတ်ကြွ ရူးသွပ် ဆေးပြား ၁၅၇ ပြား၊
ဆေးခြောက် ၉ ဒသမ ၅ ဂရမ်နှင့် မော်တော်ယာဉ် တစ်စီးတို့ကို သိမ်းဆည်းခဲ့သည်။
၎င်းတို့ကို ရွှေပြည်သာမြို့မရဲစခန်းက မယ(ပ)၃/ ၁၆၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော
ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၉(က)/၂၀(က)/ ၂၁ ဖြင့်လည်းကောင်း၊ (ပ)၉၀/ ၁၆၊ လက်နက်
အက်ဥပဒေပုဒ်မ၁၉(က)ဖြင့် လည်းကောင်း၊ (ပ)၉၁/၁၆၊ (ပ)၉၂/၁၆ လက်နက်အက်ဥပဒေပုဒ်မ
၁၉(င) ဖြင့်လည်းကောင်း အမှုဖွင့်ဆောင်ရွက်ထားရှိပြီး သက်ဆိုင်ရာ တရားရုံးသို့ အမြန်ဆုံး
တရားစွဲဆိုတင်ပို့သွားမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
















