ရန်ကုန်မှ သံတောင်သို့ လေ့လာရေး ထွက်ခွာလာသည့် ကားနှစ်စီးယှဉ်ပြိုင်မောင်းနှင်စဉ်
ယာဉ်မတော်တဆဖြစ်ရာ တစ်ဦးသေဆုံးပြီး ငါးဦး အပြင်းအထန်ဒဏ်ရာ ရရှိခဲ့သည်။
ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် အမှတ် ၁၀၁/၇ နှင့် ၁၀၂/၀ အကြားတွင် ရန်ကုန်မြို့ရှိ
ဟန်းဆက်နှင့် ဆင်းကတ်ရောင်းဝယ်ရေးမှ ကားနှစ်စီး ဇန်နဝါရီ ၃၀ ရက် ညနေ ၆ နာရီခန့်က
ယှဉ်မောင်းစဉ် တိုက်မိကြခြင်း ဖြစ်သည်။
လေ့လာရေးထွက်ခွာလာသည့် ထိုစင်တာက ကား ၁၃ စီး တွင် အဆိုပါယာဉ် မတော်တဆမှု
ဖြစ်ပွားသည့် ကားနှစ်စီးပါ၀င်သည်။
ဖြစ်စဉ်မှာ အခင်းဖြစ်ပွားခဲ့သည့် ယာဉ်နှစ်စီးသည် တစ်စီးနှင့် တစ်စီး ကျော်တက်စဉ် နှစ်စီးယှဉ်
အပြိုင်မောင်းနှင်ရာ တစ်စီးနှင့် တစ်စီး ပွတ်ဆွဲချိတ်မိကာ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကို
ကျော်တက်ပြီး တစ်ဖက် ယာဉ်ကြောမှတစ်ဆင့် မြေသားလမ်းပေါ်သို့ ရောက်ရှိ
တိမ်းမှောက်ခြင်းဖြစ်သည်။
ယာဉ်မတော်တဆမှုဖြစ်ပွားစဉ် ဟွန်ဒါဖစ်ပေါ်တွင် ပါရှိသည့် လူခြောက်ဦးမှာ ထိခိုက်ဒဏ်ရာရရှိမှု
မရှိသော်လည်း ပရိုဘောက်ပေါ်တွင် ပါရှိသည့် လူကိုးဦးအနက် အသက် ၃၂ နှစ်အရွယ်
၀န်ထမ်းတစ်ဦးမှာ ဦးခေါင်း နောက်စေ့ ဖူးရောင်၊ ယာလက်ဖျံပွန်းပဲ့၊ ၀ဲ၊ ယာ နံဘေးများ ဖူးရောင်
အစရှိသည့် ဒဏ်ရာများဖြင့် နေရာ၌ပင် သေဆုံးခဲ့သည်။
ကျန်ဝန်ထမ်းများအနက် ငါးဦးမှာ အတွင်းလူနာ(စိုးရိမ်ရ)အဖြစ် ဆေးရုံသို့ ပို့ဆောင်ထားရပြီး
ကျန်သုံးဦးမှာ အတွင်းလူနာ မစိုးရိမ်ရဟု ရန်ကုန်-မန္တလေး အမြန်လမ်းမ ကြီးရဲတပ်ဖွဲ့က ပြောသည်။
အဆိုပါ ပရိုဘောက်ပေါ်တွင် လိုက်ပါလာသည့် ၀န်ထမ်းအားလုံးမှာ ရန်ကုန်တိုင်းဒေသကြီး
အလုံမြို့နယ်တွင် နေထိုင်ကြသူများဖြစ်သည်။
အခင်းဖြစ်ပွားမှုကြောင့် ၀န်ထမ်းကိုးဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြသည့်အပြင် ပရိုဘောက်
မော်တော်ယာဉ်မှာလည်း ရှေ့လေ ကာမှန်ကွဲခြင်း၊ ရှေ့ခေါင်းပိုင်းပိန်ချိုင့်ခြင်း၊ ရှေ့မီးလုံးများကွဲခြင်း၊
အမိုးများ ပိန်ချိုင့် သွားသည်။
သေဆုံးသူ၊ ဒဏ်ရာရရှိသူများကို ရန်ကုန်မန္တလေး အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ပိုင် မော်တော်ယာဉ်ဖြင့်
မြို့ချောင်းတိုက်နယ် ဆေးရုံသို့ ပို့ဆောင်ပေးထားသည်ဟု အဆိုပါရဲတပ်ဖွဲ့က ပြောသည်။
အဆိုပါ မတော်တဆမှုနှင့် ပက်သက်၍ ယာဉ်ကို မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း
ကောင်းထက်လူနှင့် ကျော်လင်းထွန်း တို့အပေါ် မြို့ချောင်းအမြန်လမ်းမကြီး ရဲစခန်းက
ယာဉ် (ပ) ၁၂/၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၀၄က၊ ၃၃၈၊ ၃၃၇ အရ အမှုဖွင့်ထားသည်။
"ကုမ္ပဏီက ကား ၁၃ စီးနဲ့ လာတယ်တဲ့။ အဲဒီလို လာမယ့်အစား အမြန်အငှားယာဉ်ကြီး
တစ်စီးလောက် ငှားပြီးလာသင့်တယ်။ ကား ၁၃ စီးဆိုတော့ ပြိုင်မောင်းသလို ဖြစ်နေတာပေါ့။
အခုကိစ္စဖြစ်ရတာ ပြိုင်မောင်းတာရယ်၊ ပရိုဘောက်လို ကားပေါ်မှာ လူကိုးဦး မဆံ့မပြဲ
တင်တာရယ်ကြောင့်ဖြစ်ရတာ။
"ဒီလို ကိစ္စတွေ ဖြစ်တိုင်း လူတွေ မဆင် မခြင်မောင်းတယ်၊ စည်းကမ်းဖောက်တယ်ဆိုတာကို
မတွေးမိဘဲ အမြန်လမ်းက ကြောက်စရာတစ်ခုအဖြစ်သာ လူတွေက တွေးကြတယ်။ ဖြစ်လာတဲ့
ကိစ္စတော်တော်များများဟာ စည်းကမ်းဖောက်လို့ ဖြစ်ရတာပါ"ဟု ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး
ရဲတပ်ဖွဲ့ မှူးရုံး အကြီးတန်းအရာရှိက မြန်မာတိုင်း(မ်)ကိုပြောသည်။
















