သင်္ဃန်းကျွန်းမြို့နယ်တွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး လူနှစ်ဦးသေဆုံး

သင်္ဃန်းကျွန်းမြို့နယ်တွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး လူနှစ်ဦးသေဆုံး

သင်္ဃန်းကျွန်းမြို့နယ်တွင် ဖေဖော်ဝါရီလ ၆ ရက်နေ့က ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး လူနှစ်ဦးသေဆုံး
ခဲ့ကြောင်း သုဝဏ္ဏမြို့မရဲစခန်းမှတ်တမ်းအရ သိရသည်။

အဆိုပါနေ့ ည ၉ နာရီ အချိန်ခန့်တွင်သင်္ဃန်းကျွန်းမြို့နယ် သံသုမာလမ်းအတိုင်း ကမာကြည်တံတား
ဘက်မှ ကြက်ဘဲစျေးဘက်သို့ သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏမြို့နေ မျိုးသန့် (၄၂ နှစ်) မောင်းနှင်သည့် တာတာအငှားယာဉ်သည် ရေစက်မှတ်တိုင်အနီးအရောက် မြောက်မှတောင်သို့ လမ်းဖြတ်ကူးသည့်
အသက် ၂၀ ကျော်အရွယ် အမျိုးသမီးနှစ်ဦးကို တိုက်မိခဲ့သည်။

"တာတာယာဉ်က သုဝဏ္ဏလမ်းဆုံဘက်ကို သင်္ဃန်းကျွန်းဘက် ကမောင်းလာတာ လမ်းဖြတ်ကူးတဲ့
ကောင်မလေး ၂ ယောက်ကို ၀င်တိုက်တယ်။ ပြီးတော့ အရှိန်လွန်ပြီးတော့ တစ်ဖက်ယာဉ်ကြော
ကိုရောက်သွားတယ်။ ဟိုဘက်က မောင်းလာတဲ့ကိုယ်ပိုင်ယာဉ်ကို ထပ်ပြီးတိုက်တယ်။
ကောင်မလေးနှစ်ယောက်ထဲက တစ်ယောက်ကတော့ သေသွားတယ်။ တစ်ယောက်ကတော့
ဆေးရုံရောက်မှသေတယ် လို့ကြားတယ်။ တာတာကားမောင်းတဲ့လူလည်း ဒဏ်ရာတွေရသွားတယ်" ဟု
ရေစက်မှတ်တိုင် အနီးနေထိုင်သူ ကိုထွဋ်ကို ကပြောသည်။

ယာဉ်တိုက်ခံရသူ မထစ်ဟန်နန်ဆားရ်တွင် ယာနားထင်ပွန်းပဲ့၊ ၀ဲနားထင်သွေးထွက်၊
နှာခေါင်းသွေးထွက်၊ ၀ဲခြေဖနှောင့်ပွန်း ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံး
ခဲ့သည်။ အလားတူ မခန်ရမ်မီးဆားရ် တွင် ဦးခေါင်းနောက်စေ့ဖူးယောင်၊ ယာတင်ပါးဆုံ၊
၀ဲနားသွေးထွက် ၊နှာခေါင်းသွေးထွက်၊ ၀ဲခြေဖနှောင့်ပွန်း ဒဏ်ရာများရရှိကာ သင်္ဃန်းကျွန်း
စံပြဆေးရုံသို့တင်ပို့စဉ် သေဆုံးခဲ့သည်။

"တာတာယာဉ်မောင်း မျိုးသန့်ကို ယာဉ်မဆင်မောင်းနှင်မှုနဲ့ ယာဉ်မတော်တဆမှုကြောင့်
လူသေဆုံးမှု ပုဒ်မတွေနဲ့ အမှုဖွင့်အရေးယူထားပါတယ်"ဟု သုဝဏ္ဏနယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။တာတာယာဉ်မောင်းတွင် နဖူးပွန်းစုတ်၊ ၀ဲယာခြေသလုံးဖူးရောင်၊
ဒဏ်ရာများရရှိခဲ့ပြီး ရန်ကုန်ဆေးရုံကြီးတွင် တက်ရောက်ကုသခဲ့ရပြီး ယာဉ်မဆင်မခြင်းမောင်းနှင်သူ
မျိုးသန့်ကို အရေးယူပေးရန် ယာဉ်ထိန်းရဲတပ်ဖွဲ့ဋ္ဌာနစု (၃၈) မှ ရဲအုပ် နေလင်းထွန်းက
တိုင်ကြားခဲ့သည်။ သုဝဏ္ဏနယ်မြေရဲစခန်းက(ပ) ၅/၁၆ ပြစ်မှုပုဒ်မ ၃၀၄ (က)၊ ၃၃၈/၂၇၉ အရ
အမှုဖွင့်အရေးယူထားသည်။