တာမွေမြို့နယ်အတွင်း သန်းခေါင်းကျော် ရပ်တန့်ထားသည့် ကားအတွင်းမှ ပစ္စတိုသေနတ်
တစ်လက်နှင့် ကျည် ရ၂ တောင့်တွေ့ရှိခဲ့ပြီး ကိုင်ဆောင်သူ ကိုလက်နက်ပုဒ်မဖြင့် အမှုဖွင့်
အရေးယူထားကြောင်း တာမွေမြို့မ ရဲစခန်းမှသိရသည်။
ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက် ၂ နာရီ ၂၀ အချိန်တွင် တာမွေမြို့နယ် နတ်မောက်ရပ်ကွက်
ဦးထွန်းမြတ်လမ်းရှိ Victoria International School အရှေ့ဘက်တွင်စက်ဖွင့် ရပ်ထားသည့်
Toyota Hilux Vigo ယာဉ်ကို လှည့်ကင်းဆောင်ရွက်နေသည့် ရဲအုပ် ရဲမျိုးဟိန်းနှင့်အဖွဲ့က
မသင်္ကာသဖြင့် စစ်ဆေးရှာဖွေခဲ့သည်။အဆိုပါယာဉ်အတွင်းအလုံမြို့နယ် ထော်လီကွေ့နေ
အောင်မြတ်ကျော်(ခ)ညီညီစိုး (၂၆ နှစ်) ကို တွေ့ရသည်။
ယာဉ်အတွင်းရှာဖွေရာ Ausaria နိုင်ငံလုပ် သံကိုယ်ထည်အနက်ရောင် ပစ္စတို ၁ လက်၊
၉ မမ တံဆိပ်ပါ ကျည် ၁၂ တောင့် ဖြည့်ထားသည့် ကျည်အိမ်တစ်ခု၊ ၉ မမ ကျည် ၁၀ တောင့်
ဖြည့်ထားသည့် ကျည်အိမ်တစ်ခု၊ ၉ မမ ကျည် အတောင့် ၅၀၊ ဆင်ကတ်ပါ လက်ကိုင်ဖုန်း ၃ လုံး၊
နိုင်ငံသားကတ် ၃ ခု၊ ငွေစုစာအုပ်တစ်၊ ယာဉ်မောင်းလိုင်စင်တစ်ခု၊ မှတ်စုစာအုပ်တစ်အုပ်၊
အေတီအမ်ကတ်တစ်ခု၊ပိုက်ဆံအိတ်တစ်လုံး၊ ငွေသိန်း ၁၅၀ လွှဲထားသည့်ပြေစာဖြတ်ပိုင်းနှင့်
ငွေကျပ် ၆၇၁၃၀၀ တို့ကိုသိမ်းဆည်း ရမိခဲ့သောကြောင့် အရေးယူပေးရန်တိုင်ကြားခဲ့သည်။
တာမွေမြို့မရဲစခန်းက(ပ)၁၁၇/၁၆ လက်နက်အက်ဥပဒေပုဒ်မ ၁၉(စ) အရ အမှုဖွင့်အရေးယူ
ထားသည်။
















