သင်္ဃန်းကျွန်းမြို့နယ်၌ လမ်းဖြတ်ကူးသူ အမျိုးသမီးနှစ်ဦးကို တက္ကစီတစ်စီးက ဖေဖော်ဝါရီ ၆ ရက်တွင်
၀င်ရောက်တိုက်မိခဲ့ပြီး ယာဉ်တိုက်ခံရသူ နှစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့သည်။
အဆိုပါနေ့ ည ၉ နာရီ အချိန်တွင် သင်္ဃန်းကျွန်းမြို့နယ် သံသုမာလမ်းအတိုင်း
ကမာကြည်တံတားဘက်မှ ကြက်ဘဲဈေးဘက်သို့ မျိုးသန့် မောင်းနှင်သည့် တာတာ အမျိုးအစား
တက္ကစီယာဉ်သည် ရေစက်မှတ်တိုင် အနီးအရောက် မြောက်မှတောင်သို့ လမ်းဖြတ်ကူးသည့်
အမျိုးသမီးနှစ်ဦးကို ၀င်တိုက်ခဲ့သည်။
"အမျိုးသမီးနှစ်ဦးကို ၀င်တိုက်တဲ့ ယာဉ်က တစ်ဖက်ယာဉ်ကြောကိုရောက်သွားပြီး ဟိုဘက်က
မောင်းလာတဲ့ ကိုယ်ပိုင်ယာဉ်ကို ထပ်ပြီးတိုက်တယ်။ အမျိုးသမီးနှစ်ဦးထဲက တစ်ဦးက နေရာမှာတင်
ဆုံးသွားပြီး တစ်ယောက်ကတော့ ဆေးရုံအသွားလမ်းမှာ ဆုံးသွားတယ်လို့ ကြားတယ်။
ယာဉ်မောင်းလည်း ဒဏ်ရာတွေရသွားတယ်"ဟု ရေစက်မှတ်တိုင်အနီး နေထိုင်သူ
ကိုထွဋ်ကို ကပြောသည်။
သုဝဏ္ဏနယ် မြေရဲစခန်းက(ပ) ၅/၁၆၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄ (က)၊ ၃၃၈/၂၇၉ အရ
အမှုဖွင့်အရေးယူထားသည်။
















