တူမောရိုးဂျာနယ် ပင်တိုင်ဆောင်းပါးရှင်မိသားစု ခြိမ်းခြောက်ငွေတောင်းမှုဖြင့် ပြန်လည်တရားစွဲခံရ

တူမောရိုးဂျာနယ် ပင်တိုင်ဆောင်းပါးရှင်မိသားစု ခြိမ်းခြောက်ငွေတောင်းမှုဖြင့် ပြန်လည်တရားစွဲခံရ

တူမောရိုးဂျာနယ် ပင်တိုင် ဆောင်းပါးရှင် ဦးကျော်စွာမြင့်၏ အိမ်အကူမိန်းကလေးကို
မတရားပြုကျင့်ရန် ကြံစည်မှုဖြင့် တိုင်ကြားခံရသော သူရဘွဲ့ရ အငြိမ်းစား ဒုတိယ
ဗိုလ်မှူးကြီး၏ သားက ဦးကျော်စွာမြင့် မိသားစုကို သုဝဏ္ဏနယ်မြေရဲစခန်း၌
ဖေဖော်ဝါရီ ၅ ရက်တွင် ခြိမ်းခြောက် ငွေတောင်းမှုဖြင့် ပြန်လည်အမှုဖွင့်
လိုက်သည်။

ဦးရဲသူဝင်းက ပြန်လည်တိုင်ကြားရာတွင် ဦးကျော်စွာမြင့် နေထိုင်သည့် နေအိမ်သို့
သွားရောက်လည်ပတ်ခဲ့ပြီး အတူတကွစားသောက်ရန် ကြေးအိုး ဝယ်ခိုင်းသဖြင့် သွားဝယ်ရာ
ဦးကျော်စွာမြင့်တို့ အိမ်မှ အိမ်အကူ မိန်းကလေးကို ၄င်းနှင့်အတူ ထည့်ပေးလိုက်ကြောင်း၊
ကြေးအိုးဝယ်ပြီး အိမ်ပြန်ရောက်သောအခါ ၄င်းက အိမ်အကူမိန်းကလေးကို မတရားပြုကျင့်ရန်
ကြံစည်ခဲ့သည်ဟုဆိုကာ ဦးကျော်စွာမြင့်နှင့် ဇနီးတို့က တာဝန်ယူရန် ပြောဆို၍ တာဝန်မယူပါက
ရဲထံတိုင်ကြားမည်ဖြစ်ပြီး မတိုင်ကြားလိုပါက ကျပ်သိန်း ၁ဝဝ ပေးရန် ခြောက်လှန့်တောင်းခဲ့
ကြောင်း ရဲစခန်းပြန်လှန်တိုင်ချက်တွင် ဖော်ပြထားသည်။

ရဲစခန်း ထွက်ဆိုချက်တွင် ဦးကျော်စွာမြင့်က ၄င်းကို လက်သီးနှင့် လေးငါးချက်ထိုးခဲ့ပြီး
ကတ်ကြေးနှင့် လိုက်ထိုးသဖြင့် ရှောင်တိမ်းထွက်ပြေးရာ ဦးကျော်စွာမြင့်၏ ဇနီးနှင့်
ဒေါ်မိုးသီတာတို့က ဝိုင်းချုပ်၍ ကျောကုန်း၊ ရင်ဘတ်၊ ဦးခေါင်းတို့ကို ရိုက်နှက်ကန်ကြောက်
ကြကြောင်း၊ ထို့ပြင် အနီးရှိ စတီးချိုင့်ပန်းကန်များနှင့် ရိုက်ခြင်း၊ ဦးခေါင်း လည်ပင်းနှင့်
ကျောကုန်းတို့ကို သစ်သားတုတ်ဖြင့် ရိုက်နှက်ကြကြောင်းဆိုကာ ဦးကျော်စွာမြင့်၊
ဒေါ်စန်းသော်တာမျိုးနှင့် ဒေါ်မိုးသီတာတို့ကို တိုင်ကြားခဲ့သည်။

သုဝဏ္ဏရဲစခန်းက(ပ)၁၃၆/၁၆၊ ပြစ်မှုပုဒ်မ ၃၈၄/၂၉၄/ ၅ဝ၆/ ၃၂၃/ ၁၁၄ တို့အရ အမှုဖွင့်
အရေးယူထားသည်။