လူမှုကွန်ယက်မှတစ်ဆင့် ဆဲရေးတိုင်းထွာသူကို အရေးယူပေးရန်တိုင်တန်း

လူမှုကွန်ယက်မှတစ်ဆင့် ဆဲရေးတိုင်းထွာသူကို အရေးယူပေးရန်တိုင်တန်း

တိုက်ကြီးမြို့နယ်တွင် လူမှုကွန်ယက်မှတစ်ဆင့် အသရေဖျက် ဂုဏ်သိက္ခာကျဆင်းညိုးနွမ်းစေရန်နှင့်
ညစ်ညမ်းစွာ ဆဲရေးတိုင်းထွာခဲ့သည် ဆိုသူကို ဖေဖော်ဝါရီလ ၈ ရက်နေ့က ဆက်သွယ်ရေးဥပဒေ
ပုဒ်မဖြင့် အမှုဖွင့်အရေးယူခဲ့သည်။

အဆိုပါနေ့ နံနက် ၁၀ နာရီခွဲအချိန်ခန့်တွင် တိုက်ကြီးမြို့နယ်နေ အထက်တန်းကျောင်းဆရာ
ဦးဆန်းညွှန့်က သက်ဆိုင်ရာသို့ တိုင်ကြားရာတွင် ဖေဖော်ဝါရီလ ရ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲ
အချိန်ခန့်က ကိုယ်ပိုင်အထက်တန်းကျောင်း၌ စာသင်နေစဉ် မိတ်ဆွေကျူရှင်ဆရာ အမျိုးသားက
ဖုန်းဖြင့်ဆက်သွယ်ကာ လူမှုကွန်ယက် စာမျက်နှာ Taikkyi Thadin တွင် ဆရာဦးဆန်းညွန့်
အမည်ပါလာကြောင်း အကြောင်းကြားသဖြင့် ဖွင့်ကြည့်ခဲ့သည်။

Aung Phyo Chit အကောင့်ထဲတွင် "ကျွန်တော် တိုက်ကြီးဇော်ဝေဖြိုးဆေးဆိုင်က မ..... ကို
ချစ်မိပါတယ်။ ဆရာဦးဆန်းညွန့်နဲ့ ဆေးဆိုင်ပိုင်ရှင် ဦးသိန်းဇော် တို့က တစ်ဖက်သတ်
ကြိုက်နေတာလား....။ သူတို့ သမီးနဲ့ ကျွန်တော်ကို သဘောမတူတာလား မသိဘူး..." အစရှိသည့်
စာသားများပါ၀င်ကာ အသရေဖျက် ဂုဏ်သိက္ခာကျဆင်းညိုးနွမ်းစေရန်နှင့် ညစ်ညမ်းစွာ
ဆဲရေးတိုင်းထွာသည့် စာသားများရေးသားထားသည်ကို တွေ့ရှိခဲ့သည်။

အဆိုပါစာသားများကို ဆေးဆိုင်မှ အမျိုးသမီးငယ် မ......ကို သွားရောက်ပြသခဲ့ပြီး အကောင့်ပိုင်ရှင်ကို
လိုက်လံ စုံစမ်းခဲ့ရာ တိုက်ကြီးမြို့ ရှမ်းစုရပ်ကွက်နေ အောင်ဇော်ထိုက် (စီစစ်ဆဲ)မှန်းသိရသဖြင့် ၎င်းတို့
သုံးဦးကို လူမှုကွန်ယက်မှတစ်ဆင့် အသရေဖျက် ဂုဏ်သိက္ခာကျဆင်း ညိုးနွမ်းစေရန်နှင့် ညစ်ညမ်းစွာ
ဆဲရေးတိုင်းထွာခဲ့သူကို အရေးယူပေးရန် တိုင်ကြားခဲ့သည်။ တိုက်ကြီးရဲစခန်းက(ပ) ရ၈/၁၆
ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)အရ အမှုဖွင့်အရေးယူထားသည်။