လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုံအနီးရှိ စက်သုံးဆီဆိုင် မီးလောင်ကျွမ်းမှုမှာ မြေစိုက်ကြိုးတွင်
အသုံးပြုထားသည့် ကလစ်ပုံ သဏ္ဍာန်မမှန်သဖြစ် အပ်မမိဘဲ တည်ငြိမ် လျှပ်စစ်ဖြစ်ပေါ်ကာ
ကျပ် ၁ သိန်းခွဲဖိုးခန့် မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ
ဖေဖော်ဝါရီလ ၁၀ ရက်နေ့က သိရသည်။
ဖေဖော်ဝါရီလ ၉ ရက်နေ့ ညနေ ၃ နာရီ ၄၀ အချိန်ခန့်တွင် လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုံ
အနီးရှိ Danko စက်သုံးဆီကုမ္ပဏီဝင်းအတွင်း မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းအရ
လှိုင်သာယာမြို့မရဲစခန်းမှူး ဒုရဲမှူးခင်မောင်ဆွေနှင့်အဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ
ဦးစီးမှူး ဦးသော်ဒါနှင့် အဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့သည်။
ကုမ္ပဏီဝင်းအတွင်း ဆီဖြည့်ရုံတွင် ဧရာဝတီတိုင်းဒေသကြီးနေ အငယ်တန်းဆီးဖြည့် ၀န်ထမ်း
မျိုးသက်ပိုင်(၂၁ နှစ်)၊ တိုက်ကြီးမြို့နယ်နေ အငယ်တန်းဆီဖြည့်ဝန်ထမ်း ဟိန်းမင်းထက်(၂၀ နှစ်)တို့က
ယာဉ်မောင်း ဦးထွန်းထွန်း(၅၀ နှစ်)မောင်းနှင်သည့် ဖူဆို အမျိုးအစား ဂါလံ ၄၀၀၀ ဆ့ံ
ဆီသယ်ယာဉ်ကို ဆီဖြည့်ပေးနေစဉ် ဆီဖြည့်ပိုက်တွင် တည်ငြိမ် လျှပ်စစ်ဖြစ်ပေါ်ပါက
မြေကြီးအတွင်းသို့ စီးဆင်းသွားစေရန် တပ်ဆင်ထားသည့် မြေစိုက်ကြိုး ပုံသဏ္ဍာန်မမှန်သည့်
ကလစ်ကို သုံးစွဲထားခြင်းကြောင့် အပ်မမိဘဲ တည်ငြိမ် လျှပ်စစ်ဖြစ်ပေါ်ကာ ကျပ် ၁ သိန်းခွဲဖိုးခန့်
မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သက်ဆိုင်ရာ၏ စုံစမ်းချက်အရ သိရသည်။
မီးလောင်ရာသို့ မီးသတ်ယာဉ် ၂၁ စီး အုပ်ချုပ်ယာဉ် ၃ စီးနှင့် မီးသတ်ဝန်ထမ်း ၉၃ ဦးဖြင့်
မီးငြိမ်းသတ်ခဲ့သည်။
ထို့အပြင် ဆီးဖြည့်ဝန်ထမ်း မျိုးသက်ပိုင်တွင် ခန္ဓာကိုယ် တစ်ခုလုံး မီးလောင်ဒဏ်ရာ (စိုးရိမ်ရ)နှင့်
ဟိန်းမင်းထက်တွင် ယာဘက်ခြမ်း မီးလောင် ဒဏ်ရာများရရှိကာ အင်းစိန်ဆေးရုံနှင့်
ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ကုသရသောကြောင့် မီးပေါ့ဆစွာ အသုံးပြုသည့် ဆီပန့်တာဝန်ခံ
လင်းဗိုလ် (၃၃ နှစ်)ကို အရေးယူပေးရန် တိုင်ကြားခဲ့သည်။
လှိုင်သာယာမြို့မရဲစခန်းက(ပ) ၂၁၃/၁၅ ပြစ်မှုပုဒ်မ ၂၈၅/၃၃၈ /၃၃၇ အရ အမှုဖွင့်အရေးယူထားသည်။
















