မရမ်းကုန်းမြို့နယ်တွင် ကျွန်းတံခါးများ တင်ဆောင်မောင်းနှင်လာသည့် စူပါကာစတန် ယာဉ်တစ်စီး
တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ယာဉ်မောင်း ထွက်ပြေးတိမ်းရှောင်ခဲ့မှု ဖေဖော်ဝါရီလ ၉ ရက်နေ့က
ဖြစ်ပွားခဲ့သည်။
အဆိုပါနေ့ နံနက် ၆ နာရီ ၁၀ အချိန်ခန့်တွင် မရမ်းကုန်းမြို့နယ် ၉ မိုင်ခွဲ မှတ်တိုင်တွင် စူပါကာစတန်
တစ်စီးတိမ်းမှောက်ကြောင်း သတင်းအရ ဒုရဲမှူးဇော်ထွန်းနှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။
အဆိုပါနေရာတွင် စူပါကာစတန် ခဲရောင်ယာဉ်ကို တိမ်းမှောက် လျက်တွေ့ရှိရပြီး လေဆိပ်ဘက်မှ
၈ မိုင်ခွဲသို့ မောင်းနှင်လာစဉ်အဆိုပါ နေရာအရောက် တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။
ယာဉ်မောင်းမှာ ယာဉ်တိမ်းမှောက်စဉ် ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး ယာဉ်ပေါ်တွင် ကျွန်းတံခါးရွက်များ
တင်ဆောင်လာသည်ကို တွေ့ရှိသဖြင့် ယာဉ်ကို မရမ်းကုန်း ရဲစခန်းသို့ဆွဲယူကာ အလုံမြို့နယ်
သစ်တောဦးစီးမှူး ဦးမိုးအောင်နှင့်အဖွဲ့က စစ်ဆေးခဲ့သည်။
ယာဉ်အတွင်း ကျွန်းတံခါးဆိုဒ်စုံ ရ၂ ချပ်၊ တန်ဖိုး ကျပ် ၂၀၅,၈၂၀၀ ကိုတွေ့ရှိ ခဲ့သောကြောင့်
ယာဉ်ပိုင်ရှင်နှင့် ကျွန်းတံခါးရွက်များ ပိုင်ရှင်တို့ကို အရေးယူပေးရန် တိုင်ကြားခဲ့သည်။
မရမ်းကုန်း မြို့မရဲစခန်းက(ပ)၁၄၇/၁၆ သစ်တောဥပဒေပုဒ်မ ၄၃(က) အရ အမှုဖွင့်အရေးယူထားသည်။
















