ဖမ်းဆီးရမိခဲ့သူကို စစ်ဆေးခဲ့ရာ စစ်သုံးပစ္စည်းများ ထပ်မံသိမ်းဆည်းနိုင်

ဖမ်းဆီးရမိခဲ့သူကို စစ်ဆေးခဲ့ရာ စစ်သုံးပစ္စည်းများ ထပ်မံသိမ်းဆည်းနိုင်

တာမွေမြို့နယ်အတွင်း စက်ဖွင့်ရပ်ထားသည့် ကားအတွင်းမှ ပစ္စတိုသေနတ်တစ်လက်နှင့်
ကျည် ရ၂ တောင့်နှင့်အတူ ဖမ်းဆီးရမိခဲ့သူကို ဆက်လက်စစ်ဆေးခဲ့ရာ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်
အတွင်းမှ စစ်သုံးပစ္စည်းများနှင့် ဆက်သွယ်ရေးသုံးပစ္စည်းများ ဖေဖော်ဝါရီလ ၉ ရက်နေ့က
ထပ်မံဖမ်းဆီးဖော်ထုတ်ခဲ့သည်။

တာမွေမြို့မရဲစခန်း(ပ)၁၁၇/၁၆ လက်နက်များ အက်ဥပဒေပုဒ်မ ၁၉(စ) အရ အမှုဖွင့်
စစ်ဆေးလျက်ရှိသည့် အလုံမြို့နယ်နေ အောင်မြတ်ကျော်(ခ) ညီညီစိုး(ခ)မင်းခန့်(ခ)ညီညီ(၂၆ နှစ်)ကို
ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဆက်လက်စစ်ဆေးခဲ့ရာ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်
(၄၂) ရပ်ကွက်နေ ဝေသာထွန်း(ခ)မျိုးဇော်(၃၃ နှစ်) နေအိမ်တွင် စစ်သုံးပစ္စည်းများ
သိမ်းဆည်းထားကြောင်း ပေါ်ပေါက်သဖြင့် အဆိုပါနေအိမ်သို့သွားရောက် ရှာဖွေခဲ့သည်။

အဆိုပါနေအိမ်တွင် ဝေသာထွန်း(ခ)မျိုးဇော်ကို မတွေ့ရှိဘဲ နေအိမ်မီးဖိုခန်းနှင့် ဧည့်ခန်းအတွင်းမှ
ကာကီရောင် အီကွေးမင်း(၄၂)စုံ၊ အစိမ်းရောင်ပျောက်ကျား ကျောပိုးအိတ်အလုံး (၈၀)၊
စစ်ဘေး လွယ်အိတ်အလုံး(၇၀)၊ ကြိုးအချောင်း(၆၀)၊ အဝေးကြည့်မှန်ပြောင်း ၅ လက်၊
သံလိုက်အိမ်မြှောင် ၉ ခု၊ ပလတ်စတစ်မြေယာခင်း (၈၉)ခု၊ အိုင်ကွန်အမျိုးအစား
ဆက်သွယ်ရေးသုံးစက် (၂၁) လုံးနှင့် ဆက်စက်ပစ္စည်းများ၊ ဂျီပီအက်စ်တစ်လုံး၊ လက်လုပ်မိုင်း၊
လက်ပစ်ဗုံး များပြုလုပ်ရာတွင် အသုံးပြုသည့် အပြာရောင် ကော်ပိုက်များထည့်ထားသည့်
ပီနံအိတ် ၂ အိတ်၊ အိမ်ရှင်အိမ်ငှားစာချုပ်၊ စက္ကူပုံးခွံ၊ ယာဉ်နံပါတ်ပြားတစ်ခုကို သိမ်းဆည်းရမိခဲ့သည်။

မွန်းလွဲ ၃ နာရီ ၅၀ အချိန်ခန့်တွင် ဝေသာထွန်း(ခ)မျိုးဇော်ကို မြောက်ဥက္ကလာပမြို့နယ် (စျ)စျေးရှေ့
မုန့်တီဆိုင်တစ်ဆိုင်တွင် ဖမ်းဆီးရမိခဲ့သည်။

ဒဂုံမြို့သစ်မြောက်ပိုင်း မြို့မရဲစခန်းက(ပ)၁၃၄/၁၆ ပပကပုဒ်မ ၆(၁) အရ လည်းကောင်း (ပ)၁၃၅/၁၆
ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၇ အရ လည်းကောင်း အမှုဖွင့်အရေးယူထားသည်။