မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကလေးခိုးမှုမှာ ကလေးနှစ်ဦးက လိမ်လည်ပြောဆိုခဲ့ခြင်းသာဖြစ်

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကလေးခိုးမှုမှာ ကလေးနှစ်ဦးက လိမ်လည်ပြောဆိုခဲ့ခြင်းသာဖြစ်

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကလေးခိုးမှုများဖြစ်ပွားကြောင်း လူမှုကွန်ယက်ပေါ်တွင် ပျံနှံခဲ့မှုနှင့်
ပတ်သက်၍ မြို့နယ်ရဲတပ်ဖွဲ့မှ စုံစမ်းဖော်ထုတ်ခဲ့ရာက ကလေးငယ်များက လီဆယ်ပြောဆိုခဲ့မှု
ပေါ်ပေါက်ခဲ့ကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းအောင်က ဖေဖော်ဝါရီလ
၉ ရက်နေ့ကပြောသည်။

ဖေဖော်ဝါရီလ ၈ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်တွင် မင်္ဂလာတောင်ညွန့်မြို့နယ် ရေတွင်းကုန်းရပ်ကွက်
အုပ်ချုပ်ရေးမှူး၏ လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ၁၂၁ လမ်းရှိ အမှတ် ၁၄ မူလတန်းလွန်ကျောင်းမှ
အသက် ၁၀ နှစ်အရွယ် ကလေးငယ်နှစ်ဦး ကျောင်းဆင်းချိန်တွင် အမျိုးသမီးဝတ်ခေါင်းမီးခြုံအကျီ
၀တ်ဆင်ထားသူ တစ်ဦးက ကလေးငယ်နှစ်ဦးကို နင်တို့ အမေမုန့်ဆိုင်မှာ စောင့်နေတယ်ဟု
ပြောဆိုခေါ်ဆောင်ခဲ့ကြောင်း၊ အအေးတိုက်ရာ မသောက်ခဲ့ကြောင်း၊ အမျိုးသမီး ၀တ်ခေါင်းမီးခြုံအကျီ
၀တ်ဆင်ထားသူ၏ စကားပြောသံမှာ ယောကျင်္ားသံဖြစ်ပြီး ယောကျင်္ားစီးဖိနပ်ကို စီးထားကြောင်း၊
ကလေးနှစ်ဦးကို စာရွက်ပေါ်တွင် စာရေးခိုင်းသော်လည်း ရေးပေးခဲ့သည်ကို ကလေးနှစ်ဦး
မမှတ်မိကြောင်း၊ ထွက်ပြေးလျင် ဓါးနှင့်ထိုးမည်ဟု ခြိမ်းခြောက်ခဲ့ခြင်းကြောင်း၊ မြယာကုန်းလမ်း
စီးတီးမတ်အရှေ့အရောက် အဆိုပါလူမှ ကွမ်းဝယ်နေစဉ် ကလေးငယ်နှစ်ဦး ကျောင်းဘက်သို့
ထွက်ပြေးခဲ့ကြောင်း၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ကျောင်းအုပ်ဆရာကြီးတို့က ကလေးငယ်များကို
မိဘထံ သို့ပြန်အပ်ပေးခဲ့ရကြောင်း ဖော်ပြခဲ့သည်။

အဆိုပါဖြစ်ရပ်နှင့် ပတ်သက်၍ မြို့နယ်ရဲတပ်ဖွဲ့မှူး စခန်းမှူးတို့က ကလေးငယ်နှစ်ဦးကို
တွေ့ဆုံမေးမြန်းခဲ့ရာ ကလေးငယ် နှစ်ဦးအနက် မသီတာဝင်းက ၎င်းတို့ မိဘများ အမြဲတစေ
စကားများရန်ဖြစ်နေသဖြင့် နေအိမ်တွင်မနေချင်တော့ကြောင်း၊ အဖေနှင့် အမေ လိုက်မရှာနိုင်ရန်
စာရေးသားခဲ့ပြီး သူငယ်ချင်းအိအိဇော်မြင့် နှင့်ထွက်ပြေး ရန်တိုင်ပင်ခဲ့ပြီး မြယာကုန်းလမ်းရှိ
အဒေါ်ဖြစ်သူအိမ်သို့ သွားခဲ့ကြောင်း၊ လမ်းထိပ်အရောက် ပုဝါအရောင်းဆိုင်တွင် ဘာပုဝါတွေလဲဟု
၀င်ရောက်ကြည့်ရှုစဉ် ရောင်းချသူ အမျိုးသမီးက ကလေးငယ်များနေအိမ်သို့ ပြန်ရန်ပြောခဲ့သဖြင့်
အိမ်သို့ပြန်လာခဲ့ပြီး ဖခင်ဖြစ်သူနှင့် တွေ့ရှိကာ အရိုက်ခံရမည်စိုးသဖြင့် ၎င်းတို့ကို အမျိုးသမီး
၀တ်ခေါင်းမီးခြုံအကျီ ၀တ်ဆင်ထားသူတစ်ဦးက ခေါ်ဆောင်ခဲ့ကြောင်း လိမ်လည်ပြောဆိုခဲ့ခြင်း
ဖြစ်ကြောင်း ကလေးငယ်နှစ်ဦးက ကျောင်းအုပ်ဆရာမကြီးနှင့် အတန်းပိုင်ဆရာမရှေ့တွင်
ရဲတပ်ဖွဲ့မေးမြန်းမှုကို ၀န်ခံထွက်ဆိုခဲ့သည်။

ထို့ကြောင့် မင်္ဂလာတောင်ညွန့်မြို့နယ်တွင်း ကလေးခိုးယူမှုလုံးဝ မဖြစ်ပေါ်ခဲ့ကြောင်းနှင့်
လူမှုကွန်ယက်ပေါ်တွင်တင်ခဲ့သည့် အကြောင်းအရာမှာလည်း မှားယွင်းနေကြောင်း ရဲတပ်ဖွဲ့က
ဖော်ထုတ်ခဲ့သည်။