လူသတ်မှု ကျူးလွန်ခဲ့သည်ဆိုသူ ရှစ်ဦးကို တိုင်းတရားလွှတ်တော်က တရားရှင်လွှတ်

လူသတ်မှု ကျူးလွန်ခဲ့သည်ဆိုသူ ရှစ်ဦးကို တိုင်းတရားလွှတ်တော်က တရားရှင်လွှတ်

လူသတ်မှု ပူးပေါင်းကျူးလွန်ခဲ့ကြသည်ဆိုသူ ၁၆ ဦးက မူလရုံးအမိန့်ကို မကျေနပ်သဖြင့်
တိုင်းဒေသကြီး တရားလွှတ်တော်သို့ ပြင်ဆင်မှု တင်သွင်းခဲ့ရာ တရားလွှတ်တော်က ရှစ်ဦးကို
တရားရှင် လွှတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။

လူသတ်မှုကို ကြိုတင်ကြံရွယ်ချက်ဖြင့် ပူးပေါင်းကျူးလွန်ခဲ့ကြသည်ဆိုကာ မြောက်ပိုင်းခရိုင်
တရားရုံးတွင် ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၀၂ (၁)(ခ)/၃၄ အရ တရားစွဲဆိုခံထားရသူ ၂၃ ဦးအနက်
၁၆ ဦးတို့က မကျေနပ်၍ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်သို့ ပြင်ဆင်မှု တင်သွင်းခဲ့ရာ
တရားလွှတ်တော်က ကြားနာပြီး ရှစ်ဦးကို ခိုင်လုံမှုမရှိဟုဆိုကာ ကျင်ထုံးဥပဒေပုဒ်မ ၂၅၃ အရ
တရားရှင်လွှတ်ကြောင်း အမိန့်ချမှတ်ခဲ့သည်။

အမှုဖြစ်ပွားပုံမှာ ၂၀၁၂ ခုနှစ် နို၀င်ဘာလ ၁၇ ရက်နေ့ ည ၈ နာရီ ၁၅ အချိန်ခန့်တွင်
မြောက်ဥက္ကလာပမြို့နယ် (က)ရပ်ကွက် နွယ်သာဂီ (၆ )လမ်းထိပ်ရှိ အရက်ဆိုင်တွင် နွယ်သာဂီ
(၈) လမ်းနေ ကျော်မင်းအား အမည်မသိမျက်နှာဖုံးစွပ်လူများက ဓားများဖြင့် ၀ုိင်းဝန်းခုတ်၍
သေဆုံးမှုကို ရဲတပ်ဖွဲ့ဝင်များကဖမ်းဆီးကာ အရှေ့ပိုင်းခရိုင်တရားရုံးသို့ တရားစွဲဆိုတင်ပို့ခဲ့သည်။

တရားရုံးက စစ်ဆေးနေစဉ် လုံခြံုရေးအရ အရှေ့ပိုင်းခရိုင်တရားရုံး စီရင်ပိုင်ခွင့်တူညီသည့်
သင့်တော်ရာတရားရုံးသို့ ပြောင်းရွေ့စစ်ဆေးခွင့်ပြုပါရန် သက်ဆိုင်ရာက ရန်ကုန်တိုင်းဒေသကြီး
တရားလွှတ်တော်သို့ ၂၀၁၂ ခုနှစ်၊ ဩဂုတ်လအတွင်း လျှောက်ထားခဲ့သည်။

အဆိုပါအမှုကို ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်၏ ပြောင်းရွှေ့စစ်ဆေးခွင့် အမိန့်အရ
အင်းစိန်မြို့နယ် မြောက်ပိုင်းခရိုင်တရားရုံးသို့ ရုံးပြောင်းစစ်ဆေးခဲ့သည့် အမှုဖြစ်သည်။

အဆိုပါအမှုကို မြောက်ပိုင်ခရိုင်တရားရုံးက စစ်ဆေးကြားနာပြီး ၂၃ ဦးကို လူသတ်မှု ကြိုတင်
ကြံရွယ်ချက်ဖြင့် ပူးပေါင်းကျူးလွန် ခဲ့ကြသည့်ဆိုကာ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၂(၁)(ခ)/၃၄ အရ
စွဲချက်တင်လိုက်ကြောင်း အမိန့်ချမှတ်ခဲ့သည်။

ထို့အမိန့်အပေါ် ၁၆ ဦး ကမကျေနပ်သဖြင့် တရားလွတ်တော်သို့ ပြင်ဆင်မှု တင်သွင်းခဲ့ခြင်း
ဖြစ်သည်။

တင်သွင်းသူ ၁၆ ဦး၏ နှစ်ဖက်အကျိုးဆောင်များနှင့် အစိုးရအကျိုးဆောင်များက ယမန်နှစ်
ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် လျှောက်လွှဲချက်ပေးခဲ့ကြသည်။

၎င်းလျှောက်လွှဲချက်ကို တရားလွှတ်တော်က ကြားနာပြီး တင်သွင်းသူများအနက် သော်က၊
သန့်ဇင်အောင်၊ မျိုးမြင့်ဦး၊ ကျော်လွင်၊ မျိုးမင်းထွန်း၊ လှိုင်မျိုးဝင်း၊ မသီတာ အပါအဝင် ရှစ်ဦးတို့အပေါ်
တင်ထားသည့် စွဲချက်ခိုင်လုံခြင်း မရှိသဖြင့် တရားရှင်လွှတ်ကြောင်း အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။