စိတ်ကြွဆေးဝါးသုံးစွဲသူများ ဖမ်းမိ

စိတ်ကြွဆေးဝါးသုံးစွဲသူများ ဖမ်းမိ

မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် စိတ်ကြွ ဆေးပြားများသုံးစွဲသူ နှစ်ဦးကို ဧပြီလ ၄ ရက်နေ့တွင်
သတင်းအရ ဖမ်းဆီးမိခဲ့သည်။

အဆိုပါနေ့ည ၈ နာရီ ၁၅ မိနစ်ခန့်တွင် လွတ်လပ်ရေးရပ်ကွက် ၉၈ လမ်းရှိ တိုက်ခန်းတစ်ခု၏
ပထမထပ်ရှိ ဘိုလူး(ခ) ခင်မောင်ထွန်း (၄၄ နှစ်) နေအိမ်ကို မူးယစ်ဆေးဝါးသတင်းအရ ၀င်ရောက်
ရှာဖွေခဲ့သည်။

၎င်းအိမ်အတွင်း ဘိုလူး(ခ)ခင်မောင်ထွန်းနှင့် ၉၆ လမ်းနေ ရှိုးဟိုက်(ခ)မျိုးမင်းသူ(၂၄ နှစ်)တို့
နှစ်ဦးကို တွေ့ရပြီး ၎င်းတို့နှစ်ဦးကြား ကြမ်းပြင်တွင် ပလတ်စတစ်အိတ်အတွင်း ပန်းရောင်စိတ်ကြွ
ဆေးပြား နှစ်ပြား၊ အစိမ်းရောင်ဆေးပြား တစ်ပြား၊ နီညိုရောင် စက္ကူဘူးဖြင့်ထည့်ထားသည့်
ပန်းရောင် စိတ်ကြွဆေးပြား သုံးပြားတို့ကို တွေ့ရသည်။

ထို့ပြင် ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ခဲပြား ၁၄ ခု၊ အညိုရောင် အရည်တစ်ဝက်ခန့်ပါ
အပေါက်ဖောက်ပိုက်တပ်ထားသည့် အချိုရည်တစ်ဘူး၊ မီးခြစ်တစ်လုံး၊ လက်ကိုင်ဖုန်းနှစ်လုံးနှင့်
ငွေကျပ် ၂၃,၀၀၀ တို့ကို သိမ်းဆည်းခဲ့သည်။