၁၉၇၄ ခုနှစ်၊ ဒီဇင်ဘာလ။ လွန်ခဲ့သည့် နှစ်ပေါင်း ၄၀ ပြည့်ကာလ။ မြန်မာပြည်မြောက်ပိုင်း မိုးကောင်းမြို့နယ် စာပေဟောပြောပွဲသို့ တက်ရောက်ဟောပြောရန် ဆရာလင်းယုန် သစ်လွင် (ကွယ်လွန်)၊ ဆရာဆင်ဖြူကျွန်း အောင်သိန်း၊ ဆရာအောင်ကျော်မင်း ( ကွယ်လွန်) နှင့် မိမိတို့ လိုက်ပါလာသော အမြန်ရထားသည် မန္တလေးဘူတာကြီးသို့ ...
၁၉၇၄ ခုနှစ်၊ ဒီဇင်ဘာလ။ လွန်ခဲ့သည့် နှစ်ပေါင်း ၄၀ ပြည့်ကာလ။ မြန်မာပြည်မြောက်ပိုင်း
မိုးကောင်းမြို့နယ် စာပေဟောပြောပွဲသို့ တက်ရောက်ဟောပြောရန် ဆရာလင်းယုန် သစ်လွင်
(ကွယ်လွန်)၊ ဆရာဆင်ဖြူကျွန်း အောင်သိန်း၊ ဆရာအောင်ကျော်မင်း (ကွယ်လွန်) နှင့် မိမိတို့
လိုက်ပါလာသော အမြန်ရထားသည် မန္တလေးဘူတာကြီးသို့ နံနက် ၆ နာရီခန့်တွင်
ဆိုက်ရောက်သည်။
မန္တလေး ဘူတာကြီး၌ ဟံသာဝတီသတင်းစာ အယ်ဒီတာချုပ် ဆရာဦးဝင်းတင်က အကြို
ရောက်နှင့်နေသည်။
ဆရာသည် ဂျစ်ကားကို ကိုယ်တိုင် မောင်းနှင်လျက် ဟံသာဝတီ သတင်းစာတိုက်သို့ မိမိတို့အား
ခေါ်ဆောင်သွားသည်။
နံနက်စာအဖြစ် လက်ဖက်ရည်၊ ကော်ဖီ၊ နန်းကြီးသုပ်တို့ဖြင့် ဧည့်ခံကျွေးမွေးသည်။
ဆရာလင်းယုန်သစ်လွင်နှင့် ဆရာဆင်ဖြူကျွန်း အောင်သိန်းတို့က ဆရာအောင်ကျော်မင်းနှင့်
မိမိတို့အား ဆရာဦးဝင်းတင်နှင့် မိတ်ဆက်ပေးသည်။
မိမိအဖို့ ဆရာဦးဝင်းတင်နှင့် ယခုမှ စတင် တွေ့မြင်ဖူးခြင်း ဖြစ်သော်လည်း ဆရာ့ ကောင်းသတင်း
များကိုမူ ကြားဖူးနေသည်။
စိတ်ထဲ၌ လေးစား၊ ကြည်ညို တန်ဖိုးထားခံရသောသူ ဖြစ်သည်။
၁၉၆၀ မှ ၁၉၆၉ ခုနှစ်အထိ နိုင်ငံကျော် ကြေးမုံသတင်းစာကြီးတွင် အမှုဆောင် အယ်ဒီတာအဖြစ်
တာဝန်ယူဆောင်ရွက်နေဆဲမှာပင် 'ဟံသာဝတီ သတင်းစာ' ကို မန္တလေးမြို့၌ အခြေစိုက်
ထုတ်ဝေရန် 'အယ်ဒီတာချုပ်' ရာထူးအပ်နှင်း၍ ဆရာဦးဝင်းတင်အား တာဝန် ပေးအပ်လိုက်သည်။
(၁၉၇၈ ခုနှစ်တွင် ကြေးမုံသတင်းစာ ထုတ်ဝေမှုအား ပိတ်ပင်လိုက်ပါသည်။)
ဆရာသည် ရဲရင့်ပြတ်သားသော သတင်းသမားကောင်း ပီသစွာ ဟံသာဝတီ နေ့စဉ်ထုတ်
သတင်းစာကြီးကို မည်သူ့ ဩဇာပေးမှုကိုမှ မနာခံဘဲ ၁၉၆၉ ခုနှစ်မှစ၍ စိတ်ကြိုက် စီမံ၊
တည်းဖြတ် ထုတ်ဝေသည်။
ဆရာ၏ ရဲရင့် ပြတ်သားသော သတင်းရွေးချယ် တည်းဖြတ် တင်ပြမှုများကြောင့် ဟံသာဝတီ
သတင်းစာကြီးသည် 'ပြည်သူအကြိုက်' သတင်းစာ ဖြစ်လာသည်။
ဆရာသည် တစ်ကိုယ်တော်ဝါဒကို လက်မခံ စုပေါင်း ညီညွတ်ခြင်းမူကို ကျင့်သုံးသည်။
လက်အောက်ငယ်သားများအပေါ် ရင်းချာသော လုပ်ဖော်ကိုင်ဖက်များကဲ့သို့ အလေးထား
ဆက်ဆံ ပေါင်းသင်းသည်။
ငွေကြေးအခက်အခဲရှိသော နယ်သတင်းထောက်များအပေါ်၌ အလွန် စာနာစိတ်ထားသည်။
ဆရာ့လစာသည် ဆရာသုံးစွဲရသည်မရှိဘဲ လုပ်ဖော်ကိုင်ဖက်များကို မျှဝေသုံးစွဲစေသည်။
ဆရာသည် အတ္တပယ်ခွာ ကင်းရှင်းလျက် ကိုယ်ကျိုးစီးပွားကို မရှာ၊ သတင်းစာတိုက်သည် သူ့အိမ်၊
သူ့ဂေဟာ၊ သူပျော်မွေ့ရာ။ နယ်သတင်းထောက်များ အပါအဝင် ၀န်ထမ်းများနှင့် မန္တလေးမြို့ပေါ်ရှိ
စာပေ၊ ပန်းချီသမားများသည် ဆရာ၏ အဆွေခင်ပွန်း၊ မိတ်ကောင်း ဆွေကောင်း၊ အပေါင်းဆွေ
သဟာ။ မန္တလေးမြို့ပေါ်ရှိ စာပေသမားများကို တစ်ပေါင်း တစ်စည်းတည်း စုဝေးစေလျက်
ဟံသာဝတီ သတင်းစာတိုက်၌ စနေနေ့တိုင်း 'စနေစာပေဝိုင်း' အမည်ပြု စာပေ ဒူူးတိုက်ဆွေးနွေးပွဲ
များ ကျင်းပနိုင်ရန် ဆရာကိုယ်တိုင် တက်ရောက်၍ အင်တိုက်အားတိုက် အားပေးကျင်းပပေးခဲ့
သည်။
ဆရာ့ နှလုံးသားသည် ဖြူစင်သန့်ရှင်းသည် သာမက ဆရာ့ရုပ်ပုံလွှာသည် တည်ကြည်ငြိမ်သက်
သည်။ အပြံုးချိုသည်။ နှုတ်စကားလေသံ နှစ်လိုဖွယ် ရှိသည်။ ဆရာ့မျက်နှာသွင်ပြင် မူရာသည်
ဆရာ၏ သတင်းသမားစိတ်ဓာတ် ခိုင်ကျည်ရဲဝံ့မှုကို ကိုယ်စားပြုနေရုံမျှမက စာပေသမားနှင့်
ပန်းချီဆရာအားလုံးတို့ အပေါ်တွင်လည်း လေးစားတန်ဖိုးထားသော အရိပ်လက္ခဏာများ
ယှက်သန်းလျက်ရှိသည်။
ထိုနေ့နံနက် ဆရာတည်ခင်းသော နံနက်စာ စကားဝိုင်းတွင် မြန်မာစာပေလောကအကြောင်း
ရန်ကုန်မှ စာရေးဆရာများ အခြေအနေနှင့် မြန်မာ့နိုင်ငံရေး အခြေအနေများကို ဝေဖန်သုံးသပ်
ပြောဆိုကြပြီး ဆရာဦးဆောင်လျက် 'လူထုတိုက်' သို့ မိမိတို့အား ခေါ်ဆောင်သွားသည်။
'ဦးလေးလှ'နှင့် 'ဒေါ်ဒေါ်မာ' မိသားစု တို့က မိမိတို့အား ကြိုဆိုကြသည်။ မိမိတို့အဖွဲ့ ၎င်းနေ့
တစ်နေ့ခင်းနှင့် တစ်ညနေ နားနားနေနေ နေကြရန် ဆရာက 'လူထုတိုက်' ၌ ကြိုတင် စီစဉ်ထား
သည်။
မြစ်ကြီးနား အဆန်ရထားက ည ရ နာရီမှ ထွက်မည်။ ၅ နာရီခွဲတွင် 'ဦးလေးလှ'၊ 'ဒေါ်ဒေါ်မာ'
မိသားစုက ညစာကျွေးရန် အစီအစဉ်ရှိသည်။
သို့သော် ထိုညစာစားပွဲသို့ ပျက်ကွက်ခွင့်ပြုရန် 'ဦးလေးလှ'၊ 'ဒေါ်ဒေါ်မာ' နှင့် ဆရာတို့အား မိမိ
အနူးအညွတ် မေတ္တာရပ်ခံရသည်။
ပျက်ကွက်ရသည့် အကြောင်းရင်းကိုလည်း ဖွင့်ပြောလိုက်သည်။ မန္တလေးသို့ မိမိမထွက်ခင်
အင်းဝသား သူငယ်ချင်း ကဗျာဆရာနီမောင်နှင့် အချိန်းအချက်တစ်ခု ပြုထားသည်။
မန္တလေးသို့ မိမိ ရောက်ပါက တိမ်းရှောင် ပုန်းကွယ်နေရသူ နောင်တော်ကြီး ကဗျာဆရာ
ကြည်အောင် နှင့် တိတ်တဆိတ်တွေ့ဆုံရန်၊ တွေ့ဆုံရမည့် နေရာမှာ အမရပူရရပ် မဟာဂန္ဓာရုံ
ကျောင်းဝင်းအနီး၊ မိမိကို နီအောင်က ကနေ့ ညနေ ၄ နာရီ လာခေါ်မည်။
ဤသို့သော အစီအစဉ်ကြောင့် ထမင်းစားပွဲသို့ တက်ရောက်ရန် ပျက်ကွက်ရခြင်းဖြစ်ကြောင်း၊
မြစ်ကြီးနား အဆန်ရထားအမီ ညနေ ၆ နာရီခွဲအရောက် ဘူတာသို့ လာခဲ့မည်ဖြစ်ကြောင်း
ပြောဆိုကာ ဦးလေးလှ အပါအဝင် လူကြီးအားလုံးကို ဦးချ ကန်တော့လျက် နီမောင်ခေါ်ဆောင်ရာ
သို့ မိမိ လိုက်သွားသည်။
ဤသည်မှာ ဆရာဦးဝင်းတင်နှင့် မိမိ စတင် တွေ့ဆုံမှု နိဒါန်းဖြစ်သည်။
(၂)
နှစ်သက်တမ်းတိုတိုအတွင်း 'ဟံသာဝတီ သတင်းစာ' ၏ အောင်မြင်မှု ဂုဏ်သတင်းက
ကြီးမားကျယ်ပြန့်လွန်းလှသည်။
ခေါင်းကြီး၊ ဆောင်းပါး၊ ကာတွန်း၊ သတင်း၊ ပေးစာ စသည် တို့သည် ပြည်သူတို့၏ ဘဝကို
ကိုယ်စားထင်ဟပ်နေသည်။ ပြည်သူတို့၏ မကျေနပ်ချက်များကို ကိုယ်စားပြုသည်။ အုပ်ချုပ်သူ
လူတန်းစား၏ အားနည်းချက်နှင့် မှားယွင်းချက်များကို မညှာစတမ်း ဝေဖန်သည်။
၁၉၇၈ ခုနှစ်။ ဟံသာဝတီသတင်းစာ အောင်မြင်မှု အရှိန်ကြီးမားလာလေလေ ဟံသာဝတီ
သတင်းစာကို ဦးစီးဦးရွက်ပြုနေသူ အယ်ဒီတာချုပ် ဦးဝင်းတင် အပေါ် ဣဿာမိစ္ဆိရိယပွားသူ၊
အယ်ချုပ် ကုလားထိုင်ကို လုဝင်ထိုင်လိုသူ၊ သတင်းစာ လောက၌ တိုင်စာ၊ ပစ်စာ လုပ်တတ်လေ့
ရှိသူ၊ ထိုသူ... သူယုတ်မာ၊ သူမိုက်ဆိုသူ တစ်ဦး၏ လုပ်ကြံကုန်းချော တိုင်စာများကြောင့်
ဆရာ ဦးဝင်းတင်သည် ဟံသာဝတီကို ကျောခိုင်း စွန့်ခွာခဲ့ရပါသည်။
မင်းတုန်းမင်းကြီးသည် ရတနာပုံနန်းမြို့ကြီးကို တည်ခဲ့သည်။ ဆရာဦးဝင်းတင်သည် ဂုဏ်သိက္ခာ
ရှိသော၊ ပြည်သူအများ ချစ်နှစ်သက်သော 'ဟံသာဝတီ နေ့စဉ်ထုတ် သတင်းစာ' ကို မန္တလေးမြို့၌
တည်ထောင်ခဲ့သည်။
ဆရာသည် ရတနာပုံကို ကျောခိုင်းလျက် ရန်ကုန်သို့ စုန်ဆင်းလာသည်။ လမ်းမတော်မြို့နယ်၊
လမ်းသစ်ရိပ်သာ အပေါ်ဆုံးထပ်ရှိ သူပိုင်အခန်း၌ စာအုပ်စာတမ်းများ၊ ပန်းချီကားများ ပန်းပုရုပ်တု
များနှင့် စာရေး၊ စာဖတ်ခြင်းအမှုကို ပြုကာ အေးချမ်းစွာ နေထိုင်နေသည်။
၁၉၈၈ ကာလ။ ဆရာ့တိုက်ခန်းသို့ တစ်လတွင်နှစ်ကြိမ် ပုံမှန် မိမိသွားလေ့ရှိသည်။
စာပေဂျာနယ် အယ်ဒီတာ ဖြစ်သူ မိမိသည် ဆရာ့ထံမှ စာမူ အယူသွားသည်။
စာအုပ်လက်ဆောင်နှင့် ဉာဏ်ပူဇော်ခ အပေးသွားသည်။
ဆရာက စာပေဂျာနယ်တွင် ပင်တိုင်စာရေးသူ။ ဆရာ့တိုက်ခန်း၌ တောင်ကြီးမြို့၌နေသူ
'ဆရာဦးကြီးမောင်' (ဆရာငွေဥဒေါင်း) အား ထာဝရ ဧည့်သည်အဖြစ် တွေ့ဆုံရသည်။
ဆရာ့ တိုက်ခန်း၌ စာပေသမား၊ သတင်းအယ်ဒီတာ၊ ပန်းချီဆရာ လူစုံရှိသည်။ တစ်ခါတစ်ရံ ဆရာ့
တိုက်ခန်း၌ မိမိညအိပ်ဖြစ်သည်။
ဆရာသည် ဟင်းချက် အလွန်ကောင်းသည်။ အထူးသဖြင့် ဘဲငန်းသား ချက်ရာတွင် အထူး
စပါယ်ရှယ်။

ရှစ်လေးလုံးကာလ။ မဆလ၏ တစ်ပါတီ အာဏာရှင်တို့၏ အနိုင်ကျင့်ဗိုလ်ကျ အုပ်စိုးမှုအား
ပြည်လုံးကျွတ် အုံကြွဆန့်ကျင် တိုက်ပွဲဆင်နွှဲနေချိန်။ ဆရာမောင်သော်က၊ ဆရာ ဦးဝင်းတင်၊
ဆရာ ဦးလှဝင်း (လေသူရဲတစ်ဦး)၊ ဦးဝင်းခက် (ရှုဒေါင့် ဂျာနယ်)၊ စံပယ်ဦးဦးတင်စိုးတို့
ဦးဆောင်လျက် မိမိတို့ လူငယ်စာပေသမားများ ပါ၀င်သော "စာပေအနုပညာရှင်များ သမဂ္ဂ"
အစီအစဉ်ဖြင့် ၂၄-၈-၈၈ ရက်နေ့တွင် ရန်ကုန် ပြည်သူ့ ဆေးရုံကြီးဝင်းအတွင်း နှလုံးအထူးကု
အဆောင်ရှေ့၌ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားကာ လူထုတရားပွဲ ကျင်းပပါသည်။
နေ့စဉ် ဆိုသလို စာပေ၊ ဂီတ၊ ရုပ်ရှင် ပညာရှင်များ လာရောက် ပူးပေါင်းကြပြီး မဆလ
ဆန့်ကျင်ရေး တရားများ ဟောပြောကြပါသည်။
"ဒို့အရေး" နေ့စဉ်ထုတ် သတင်းစာကို ဆရာဦးဝင်းတင် တာဝန်ယူပြီး မိမိတို့ လူငယ်တစ်စု
ထုတ်ဝေခဲ့ကြပါသည်။
၂၆-၈-၈၈ နေ့တွင် ရွှေတိဂုံဘုရား အနောက်မုခ်ဝင်းအတွင်း၌ ဒေါ်အောင်ဆန်းစုကြည်၏
တစ်ကိုယ်တော် လူထုဟောပြောပွဲကြီးကို ဆရာဦးဝင်းတင် ဦးဆောင်လျက် မိမိတို့ ၀ိုင်းဝန်းကူညီခဲ့
ကြပါသည်။
၁၉၈၈ ခုနှစ်၊ "အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်" တည်ထောင်သောအခါ ဆရာဦးဝင်းတင် သည်
ဦးဆောင်သူ တစ်ဦးအဖြစ် ၎င်းအဖွဲ့ချုပ်သို့ ၀င်ရောက်သွားပါသည်။
သို့သော် ဆရာနှင့် မိမိတို့ အဆက်အသွယ် မပြတ်ပါ။ ၁၉၉၀ ပြည့်၊ နှစ်ဦးပိုင်း။ စာပေဂျာနယ်တိုက်
သို့ "စာရေးဆရာ တင်သန်းဦး" (ဗိုလ်ကြီးမောင်မောင်ဦး- ကကပြည်) ရေးကြီးသုတ်ပျာရောက်လာ
ပြီး မိမိနှင့် အရေးတကြီး စကားပြောချင်ကြောင်း ပြောသဖြင့် တိုက်နောက်ဘက် ပုံနှိပ်စက်ခန်း
ထဲ၌ ကိုညိုမှိုင်း (အားမာန်သစ်စာပေ)၊ တင်သန်းဦးနှင့် မိမိတို့ စကားဝိုင်း ထိုင်ကြသည်။
တင်သန်းဦးသည် တပ်မတော်၌ ဗိုလ်ကြီးအဆင့် တာဝန်ယူထားရသော်လည်း စာပေသမားများ
အပေါ်၌ လေးစားရင်းစွဲရှိသည်။
စာပေသမားများကလည်း သူ့ကို ချစ်ခင်နှစ်သက်ကြသည်။ သူ့ဖခင်သည် တစ်ချိန်က တောခို
ကွန်မြူနစ် အရင့်အမာကြီးဖြစ်ပြီး မြေပေါ် ရောက်ပြီးနောက် "ငွေမောင်း" ကလောင် နာမည်ဖြင့်
စာရေးသားခဲ့သူ ဖြစ်သည်။
"ကဲ ဆို၊ အရေးတကြီး ပြောစရာကိစ္စဆိုတာ ဘာလဲ ကိုဦး"
"အခု ကျွန်တော်တို့ဆီက ပြည်သူ့ဆက်ဆံရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေးဌာန လက်အောက်မှာရှိတဲ့
'ပြည်သူ့တပ်မတော်စာစဉ်' ဌာနကို ဖျက်သိမ်းလိုက်ပြီ"
"အဲဒီတော့"
"အဲဒီဌာနက ပုဂ္ဂိုလ်တွေက ဌာနလက်ကိုင်မဲ့ ဖြစ်ပြီးတော့ ကျွန်တော်တို့ က/က (ပြည်) ကို
ရောက်လာတယ်။ အဲဒီအထဲမှာ ဗိုလ်မှူး .... ပါတယ်။ သူက ပြည်ထဲရေးဝန်ကြီးဆီကို စာတမ်း
တစ်စောင်တင်တယ် အစ်ကို"
"အဲဒါ ကိုယ်နဲ့ဘာဆိုင်လို့တုံး"
"သိပ်ဆိုင်တာပေါ့အစ်ကို၊ သူ့စာတမ်းရဲ့ အဓိက ဆိုလိုရင်းက အယ်ဒီတာ၊ စာရေးဆရာ၊
ကဗျာဆရာတွေကို သူ့အမြင်၊ သူ့သဘော၊ သူ့ကောက်ချက်အရ စွဲချက်တင်ထားတဲ့ စာတမ်းပဲ"
"လိုရင်းကိုပဲ ပြောစမ်းပါ ကိုဦးရာ"
"(က) အဆင့်က ... ခေါ်ယူ၊ မေးမြန်း၊ သတိပေးရန်။ (ခ) အဆင့်က...ဖမ်းဆီး၊ ထောင်ချရန်။
(ဂ) အဆင့်က... ကွပ်မျက်သုတ်သင်ရန်။ အဲဒီ (ဂ) ငယ် အဆင့် စာရင်းထဲမှာ အထောက်တော်
ဦးလှအောင်၊ ကိုအောင်ပြည့်နဲ့ အစ်ကို့နာမည် ပါနေတယ်။ ကျန်တဲ့လူတွေ လည်း ရှိသေးတယ်"
"ဘာသဘောနဲ့ လုပ်တာလဲ"
"သူ ဌာနတစ်ခုခုကို တာဝန်ယူ ကိုင်တွယ်ချင်တဲ့ သဘောပေါ့၊ ဥပမာ - စာပေစိစစ်ရေးရုံး၊ မြဝတီ
စာပေတိုက်..."
"ကိုဦး အခုပြောတာ သေချာသလား"
"သိပ်သေချာတာပေါ့ အစ်ကို၊ ကျွန်တော့်ကို စာကြမ်းလာပြတာ၊ ၀န်ကြီးက အချောတင်ပါလို့
ပြောသတဲ့"
"ကိုဦးက ဘာပြန်ပြောလိုက်သလဲ"
"ဘယ်လိုလုပ် ပြောခွင့်ရှိပါ့မလဲ အစ်ကို၊ သူက ကျွန်တော့်အထက် အရာရှိ ဗိုလ်မှူးပဲဟာ"
"ကိုယ် ဘာလုပ်ရင် ကောင်းမလဲ"
"လာခေါ်တဲ့လူတွေ ယဉ်ကျေးပါစေလို့ပဲ ဆုတောင်းပေါ့ အစ်ကိုရယ်"
တင်သန်းဦး ပြန်သွားပြီးနောက် ယင်းကိစ္စကို မိမိ အလေးအနက် စဉ်းစားသည်။
ဘာကြောင့်လဲ၊ ဘာဖြစ်လို့လဲ၊ အဲဒီပုဂ္ဂိုလ်နှင့် မိမိ လူချင်းရင်းနှီး ကျွမ်းဝင်ခဲ့ဖူးခြင်း မရှိ၊ ခွန်းကြီး
ခွန်းငယ် အချင်း များခဲ့ဖူးခြင်း မရှိ။ အင်း...ဖြစ်နိုင်တာ တစ်ခုပဲ ရှိသည်။
'မိုးဝေမဂ္ဂဇင်း' ၌ တာဝန်ခံ အယ်ဒီတာအဖြစ် မိမိတာဝန်ယူနေစဉ်က အဲဒီပုဂ္ဂိုလ်၏ ဆောင်းပါး
နှစ်ပုဒ်ကို ပယ်ခဲ့ဖူးသည်။
လူပုဂ္ဂိုလ်အရ ပယ်ခြင်း မဟုတ်၊ မိုးဝေ မဂ္ဂဇင်းမူအရ မကိုက်ညီ၍ ပယ်ရခြင်း ဖြစ်သည်။
သူ စာမူပြန်လာယူသော အခါ... "ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ မြေပေါ်ရန်ပုံငွေနဲ့ ထုတ်ဝေနေတဲ့
မဂ္ဂဇင်း ဆိုတော့ တပ်မတော်သား စာမူ ဘယ်သုံးပါ့မလဲ" ဆိုသော ငေါ့တော့တော့စကား။
ဒါကိုပဲ ဒီပုဂ္ဂိုလ် က လက်စားချေလေရော့သလား။ ထိုည တစ်ညလုံး မိမိ အိပ်မပျော်။ ဒီကိစ္စကို
ဘယ်သူ့ထံပါး သွားရောက်ပြီး ရင်ဖွင့် တိုင်ပင်ရပါမည်နည်း။ တစ်ဆင့်စကား တစ်ဆင့်ပွားပြီး
လူအများသိသွားပါက အကြောင်းကြားသူ တင်သန်းဦး ဒုက္ခရောက်မည်။ မိမိအဖို့လည်း မလွယ်။
နောက်ဆုံး ဆုံးဖြတ်ချက်ချလိုက်သည်။ မနက် မိုးလင်းပါစေဟု ဆုတောင်းသည်။ မိုးလင်းသည်နှင့်
လမ်းသစ်ရိပ်သာရှိ ဆရာ ဦးဝင်းတင်ဆီသို့ သွားတွေ့သည်။
တင်သန်းဦး ပြောစကားများကို အတိအကျ ပြောပြပြီး ဆရာ့ထံက အကြံအဉာဏ် တောင်းခံ
သည်။
"သူ့ဆီက အဲဒီစာရွက်ရနိုင်မလား"
"ဘယ်ရနိုင်ပါ့မလဲ ဆရာရယ်၊ ဒါက ပြည်ထဲရေးဝန်ကြီးဆီ တင်တဲ့ ထိပ်တန်း လျှို့ဝှက်စာပဲ။ ဒီငနဲ
ကြံဖန်ပြီး ယူလာပေးရင် တင်သန်းဦး ဒုက္ခရောက်သွားမှာပေါ့"
"ခင်ဗျား ဘာလုပ်ချင်သလဲ ကိုသွေးသစ်"
"ဘာလုပ်ရမှန်း မသိလို့ ဆရာဆီလာတာ"
"ခင်ဗျား လောလောဆယ် ရှောင်နေလိုက်ရင် ကောင်းမယ်။ ခင်ဗျား လူရင်းတွေရှိတဲ့
ကချင်ပြည်နယ် မိုးကောင်းဘက်ကို ပေါ့ဗျာ"
"မဖြစ်ဘူးဆရာ၊ မိုးကောင်းမြို့လေးက ဆီးရွက်သာသာ ကျဉ်းကျဉ်းကလေး၊ အက်စ်ဘီရော၊
ထောက်လှမ်းရေးကရော ကျွန်တော့်ကို သိနေကြတာ၊ ပြီးတော့ ရက်ရှည်ရှောင်နေဖို့ ဆိုတာက
ကျွန်တော့်မှာ မိသားစုကလည်း ရှိသေးတယ်။ စာပေဂျာနယ်ကလည်း အခုမှ အစပျိုးတာ"
"ဒီမယ် ကိုသွေးသစ်၊ ဒီကိစ္စက ရုတ်ခြည်း ၀ရုန်းသုန်းကား ဖြစ်မယ့်၊ လုပ်မယ့်ကိစ္စမျိုးတော့
မဟုတ်ဘူးဗျ။ စာတမ်းထဲမှာ နာမည်သွင်းခံရတဲ့ လူတွေကလည်း သာမန်လူတွေမှ မဟုတ်တာဘဲ
(established) ဖြစ်နေတဲ့ လူတွေဗျာ"
"ဆရာရယ် ဒါတွေကို ဒင်းတို့က အလေးထား ချင်မှ ထားမှာ"
"ကျွန်တော်တော့ သိပ်မထင်ဘူး၊ စဉ်းစားလို့ ရတာက 'ခေါ်ယူမေးမြန်း သတိပေး' တာကတော့
ဖြစ်နိုင်ပါတယ်။ ဒါက သူတို့လုပ်နေကျပဲ။ 'ဖမ်းဆီးထောင်ချ' ဆိုတာကလည်း ခင်ဗျားတို့
အပြောအဆို အရေးအသားအပေါ်မှာ သူတို့ဘက်က အယူအကောက်လွဲပြီး လုပ်ချင်တယ်ဆိုရင်
ဖြစ်နိုင်တာပဲ။ ကာဖျူး၊ စစ်အုပ်ချုပ်ရေး၊ တရားဥပဒေမဲ့ကာလ ဆိုတော့" အင်း... ဒါပေမဲ့
'ကွပ်မျက်သုတ်သင်' ဆိုတာကြီးကတော့ ခင်ဗျားတို့က နိုင်ငံတော်ကို လက်နက်ကိုင် ပုန်ကန်နေ
သူတွေမှ မဟုတ်တာဘဲ။ ခင်ဗျားတို့က ကလောင်ကိုင်တဲ့ သူတွေလေဗျာ။ နိုင်ငံတစ်နိုင်ငံရဲ့
တရားစီရင်ရေးထုံးမှာ 'သေဒဏ်' ဆိုတဲ့ စီရင်ချက်၊ ပြစ်ဒဏ်က အကြီးမားဆုံး အမြင့်ဆုံးပဲ
ဆိုတော့... ကျွန်တော်စိတ်ထင် မဖြစ်နိုင်ဘူးလို့ ထင်တယ်"
"ဆရာ ပြောတာကို လက်ခံပါတယ်။ ဒါပေမဲ့ ကနေ့ အခြေအနေက လမ်းမပေါ်မှာ မူလတန်း
ကျောင်းသားတွေ အပါအဝင် ရဟန်း သံဃာတော်တွေကိုတောင် နေ့ခင်းကြောင်တောင်
ပစ်သတ်နေကြတာဆိုတော့"
"အေးဗျာ၊ စဉ်းစားရခက်တာတော့ အမှန်ပဲ။ ဒီကိစ္စကို အဖွဲ့ချုပ်က လူကြီးတွေဆီ ကျွန်တော်
တင်ပြပါ့မယ်။ အခု လောလောဆယ်တော့ ကိုသွေးသစ် အသွားအလာ ဆင်ခြင်ပေါ့ဗျာ။
သတိ၀ီရိယထားပေါ့ဗျာ။ ဖြစ်နိုင်ရင် ကျွန်တော့် တိုက်ခန်းမှ ခေတ္တခဏ လာနေပေါ့"
"ကျွန်တော့်ကြောင့် ဆရာပါ အမှုတွဲထဲ ပါနေပါဦးမယ် ဆရာရယ်"
(၃)
၁၉၈၉၊ ဇူလိုင်လ ၄ ရက်နေ့တွင် ဆရာ အထိန်းသိမ်းခံရသည်။ ဆရာ့ကို လာရောက် ဖမ်းဆီးစဉ်
ဆရာ၏ လမ်းသစ်ရိပ်သာ တိုက်ခန်း မှ အဖိုးတန်းစာအုပ်စာတမ်းများ၊ ပန်းချီကား ချပ်များ ပန်းပု
ရုပ်တုများ အားလုံးကို သိမ်းဆည်းယူသွားကြပြီး ၎င်းတိုက်ခန်းကိုပင် တရားမဲ့ ချိပ်ပိတ် သိမ်းယူ
လိုက်သည်။
ဆရာအထိန်းသိမ်းခံဘဝ (၁၉၈၉ - ၂၀၀၈) (၁၉ နှစ် နှစ်လ) အကြာ (၂၀၀၈၊ စက်တင်ဘာ ၂၄)
နေ့တွင် ပြန်လည်လွတ်မြောက်လာသောအခါ ဆရာသည် လမ်းသစ်ရိပ်သာ အခန်း၌ နေထိုင်ခွင့်
အလျဉ်းမရှိရှာတော့ပါ။
ဆရာ့ အပေါ် နှစ်ကာလရှည်ကြာစွာ အဆွေခင်ပွန်း ကောင်းပီသသူ 'ဦးမောင်မောင်ခင်'
(ဦးပြားကြီး) နှင့် 'ဦးအုန်းထွန်း' တို့ အိမ်၌သာ တစ်ပြန်တစ်လှည့် သင့်သလို နေထိုင်နေရရှာပါ
သည်။
(၄)
ကနေ့၊ ၂၀၁၄၊ ဧပြီလ၊ ၂၁ ရက်၊ တနင်္လာနေ့။ နံနက် ၆ နာရီ ၃၀ တွင် ဆရာဦးဝင်းတင် ကွယ်လွန်
သွားရှာပါပြီ။ (၁၉ နှစ် နှစ်လ) ကြာ အထိန်းသိမ်းခံ ဘဝ၌ စစ်ကြောရေးစခန်းနှင့် အကျဉ်းထောင်
အတွင်း လူမဆန်စွာ ယုတ်ယုတ်မာမာ၊ ရက်ရက်စက်စက် နှိပ်စက်ညှဉ်းပန်းခံရမှုကြောင့် သွားများ
အကုန် ကျွတ်ထွက်ရုံမက ခန္ဓာကိုယ်အတွင်း ကိုယ်အင်္ဂါ အစိတ်အပိုင်းများပါ ထိခိုက်ပျက်စီး
ယိုယွင်းခဲ့ရသော ဆရာ...။ ရောက်ရာဘုံဘဝကနေပြီး စစ်အာဏာရှင် စနစ်ကို ဦးဆောင်ဆန့်ကျင်၊
တော်လှန်၊ အောင်ပွဲခံယူနိုင်သောသူ ဖြစ်ပါစေ။
ဦးချကန်တော့လျက်
မောင်သွေးသစ်
၂၁၊ ဧပြီ၊ ၂၀၁၄
(စာကြွင်း)
တင်သန်းဦးပြောသော 'ကွပ်မျက်သုတ်သင်' စာတမ်းအား အဘယ်သို့သော ပုဂ္ဂိုလ်တစ်ဦး
တစ်ယောက်က ကိစ္စတုံး ကွပ်မျက်သုတ်သင် လိုက်သည် မသိ၊ ကနေ့အထိ အကောင်အထည်
မပေါ်တော့ပါ။

















