အော်ရီဒူး၊ ရှမ်းမြောက် မဘသနဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု

အော်ရီဒူး၊ ရှမ်းမြောက် မဘသနဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု

အခုရက်ပိုင်း ထွက်ပေါ်လာတဲ့ အမျိုးဘာသာ စောင့်ရှောက်ရေးအဖွဲ့ (ပြည်နယ်) လားရှိူး၊ ရှမ်းမြောက်ရဲ့ ကြေညာချက် တစ်ခုကတော့ အတော်ထူးခြားပါတယ်။

အခုရက်ပိုင်း ထွက်ပေါ်လာတဲ့ အမျိုးဘာသာ စောင့်ရှောက်ရေးအဖွဲ့ (ပြည်နယ်) လားရှိူး၊
ရှမ်းမြောက်ရဲ့ ကြေညာချက် တစ်ခုကတော့ အတော်ထူးခြားပါတယ်။

"ooredoo ဖုန်းနံပါတ်ဖြင့် ၀င်လာသော မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်းများ၏
ဖုန်းနံပါတ်မဆို အမျိုးဘာသာ စောင့်ရှောက်ရေးအဖွဲ့ (ပြည်နယ်) လားရှိူး၊ ရှမ်းမြောက်နှင့် အဖွဲ့ဝင်
အားလုံးက လုံးဝကိုင်မည် မဟုတ်ကြောင်း ကြေညာသည်" ဆိုပြီး ဖော်ပြထားပါတယ်။

ကြေညာချက်စာရွက်မှာ သက်ဆိုင်ရာအဖွဲ့ တံဆိပ်တုံးတွေ ခတ်နှိပ်ထားတဲ့အပြင် မဘသပြည်နယ်
အထွေထွေ အတွင်းရေးမှူး ဘဒ္ဒန္တအင်္ကုရ ဆိုပြီးလည်း လက်မှတ်ရေးထိုးထားတာ တွေ့ရပါတယ်။
ဒီကြေညာချက်ဟာ ဘာသဘော ဆောင်ပါသလဲ၊ ဒါဟာ သေးသေးမွှားမွှား အရေးမပါတာမျိုး
ပဲလား၊ ဒီ ကြေညာချက်ကြောင့် နောက်ပိုင်း ဘာတွေများ ဆက်ပြီး ဖြစ်လာနိုင်သေးသလဲဆိုတာ
ခုတစ်ပတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

ကြေငြာချက်ကတော့ ရိုးရှင်းပါတယ်။ သိပ်မကြာခင် မိုဘိုင်းဖုန်း ဆင်းကတ်တွေ ဖြန့်ဖြူး ရောင်းချ
တော့မယ့် ကာတာ အခြေစိုက် အော်ရီဒူး ကုမ္ပဏီကို သပိတ်မှောက်ကြဖို့ လှုံ့ဆော်လိုက်တာပဲ
ဖြစ်ပါတယ်။

ကြေညာချက်မှာ အသေးစိတ် ဖော်ပြမထားပေမယ့် အော်ရီဒူး ကုမ္ပဏီဟာ အစ္စလာမ်ဘာသာ
ကိုးကွယ်တဲ့ ကာတာနိုင်ငံ အခြေစိုက်ကုမ္ပဏီတစ်ခု ဖြစ်နေလို့ ဆိုတာ ရှင်းနေပါတယ်။

ဒီကြေငြာချက်ကို ဖော်ပြထားတဲ့ မန္တလေးက နာမည်ကြီး အရှင်ဝီရသူရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာ
မှာတော့ အောက်ကစာကြောင်းကိုပါ ဖြည့်စွက်ဖော်ပြထားပါတယ်။

"အမျိုးသား အကျိုးစီးပွား ပျက်စီးရာ ပျက်စီးကြောင်းနှင့် အနာဂတ် အမျိုးဘာသာ သာသနာနှင့်
နိုင်ငံတော်အတွက် အန္တရာယ်ကျရောက် နိုင်သောကြောင့် မဘသ အားလုံး ညီညွတ်စွာဖြင့်
ဆန့်ကျင်ရန် လိုအပ်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့ကြောင်း သိရသည်" ဆိုပြီး ဖြစ်ပါတယ်။

ဒီနေရာမှာ မြန်မာပြည်က တယ်လီဖုန်း စနစ်၊ ပြည်သူတွေ မိုဘိုင်းဖုန်း ကိုင်နိုင်တဲ့ အခြေအနေ
အကြောင်း နည်းနည်း ပြန်တင်ပြချင်ပါတယ်။

အားလုံး သိကြတဲ့အတိုင်း အရင် စစ်အစိုးရဟာ သူတို့ စိုးမိုးအုပ်ချုပ်ထားတဲ့ နှစ် ၂၀ ကျော်အတွင်း
ဆက်သွယ်ရေး လုပ်ငန်းကို လက်ဝါးကြီးအုပ် ထိန်းချုပ်ထားကြပါတယ်။

လုံခြံုရေး အကြောင်းပြချက်နဲ့ ထိန်းချုပ်ခဲ့တယ် ဆိုပေမယ့် တယ်လီဖုန်း လုပ်ငန်းကနေ စီးပွားရေး
အကျိုးအမြတ်၊ နိုင်ငံရေး အကျိုးအမြတ်တွေကိုလည်း ထုတ်ယူကြပါတယ်။

အကျိုးဆက်အနေနဲ့ ဘယ်နိုင်ငံသားတွေနဲ့မှ မတူအောင် မြန်မာနိုင်ငံသားတွေဟာ မိုဘိုင်းဖုန်း
ဆင်းကတ်တစ်ခုကို ကျပ် ၁၀ သိန်းကနေ သိန်း ၄၀ အထက် ပေးပြီးမှ ကိုင်နိုင်တဲ့ ခေတ်တစ်ခု
ဖြတ်သန်းခဲ့ရပါတယ်။

ဒီဒုက္ခတွေဟာ ဈေးကွက်စီးပွားရေး စနစ်ကို တကယ်ကျင့်သုံးပါမယ်လို့ ကတိပေးထားတဲ့
သမ္မတဦးသိန်းစိန် လက်ထက်ရောက်တာတောင် မပြီးဆုံးသေးပါဘူး။

ဒီနေ့အချိန်ထိ ဆင်းကဒ်ကို ခွဲတမ်းနဲ့ မဲနှိုက်ဝယ်ကြရ၊ ပြင်ပ ပေါက်ဈေးမှာ ကျပ် ခုနစ်သောင်းကနေ
တစ်သိန်း အထိ ပေးဝယ်ပြီး ကိုင်နေကြရတုန်းပါပဲ။ ဒါပေမဲ့လည်း ပြီးခဲ့တဲ့ နှစ်ကတော့ အစိုးရဟာ
ဆက်သွယ်ရေးကဏ္ဍမှာ အကြီးမားဆုံး အပြောင်းအလဲ လုပ်ခဲ့ပါတယ်။

ပြည်ပကုမ္ပဏီတွေ ရင်းနှီးမြှုပ်နှံခွင့် ပြုပါတယ်။ လာရောက် ရင်းနှီး မြှုပ်နှံမယ့် ကုမ္ပဏီတွေကို
တင်ဒါခေါ်ယူပါတယ်။ တင်ဒါရွေးချယ်ရာမှာ မျှတအောင်၊ တိုင်းပြည် အကျိုးရှိအောင် နိုင်ငံခြား
အကြံပေး ကုမ္ပဏီ ငှားရမ်းပြီး ရွေးချယ်စေခဲ့ပါတယ်။

ဒီလိုနည်းနဲ့ မြန်မာ့ဆက်သွယ်ရေး၊ ရတနာပုံ တယ်လီပို့တို့နဲ့ အပြိုင် ဆက်သွယ်ရေး အော်ပရေတာ
လုပ်ငန်းမှာ ပြိုင်ဆိုင်လုပ်ကိုင်မယ့် နော်ဝေအခြေစိုက် တယ်လီနောနဲ့ ကာတာအခြေစိုက်
အော်ရီဒူး ကုမ္ပဏီ နှစ်ခုကို ရွေးချယ် နိုင်ခဲ့ပါတယ်။

အခုဆို ဆက်သွယ်ရေး ဥပဒေလည်း အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့ပြီဖြစ်ပြီး အဲဒီ ကုမ္ပဏီနှစ်ခုနဲ့
စာချုပ်တွေ လက်မှတ်ရေးထိုး၊ လုပ်ငန်းတွေ စတင်နေကြလို့ သိပ်မကြာခင် လပိုင်းအတွင်း
မိုဘိုင်းဖုန်း ဆင်းကတ်တွေ ရောင်းချတဲ့ အဆင့် ရောက်ပါတော့မယ်။

ဒီအတွက် မိုဘိုင်းဖုန်းတွေကို ဈေးပေါပေါနဲ့ ကိုင်ကြရတော့မယ်ဆိုပြီး မြန်မာနိုင်ငံသားတွေ
၀မ်းမြောက် ၀မ်းသာ မျှော်လင့်နေကြတဲ့အချိန် ရှမ်းမြောက်က မဘသအဖွဲ့ တစ်ဖွဲ့ရဲ့ ခုလို
ကြေညာလှု့ံဆော်ချက် ထွက်လာတာပါ။

တကယ်လို့သာ သိပ်မကြာခင် ဒီလှုံ့ဆော်ချက် ကျယ်ပြန့်ခဲ့မယ်ဆိုရင် ပထမဆုံးထိခိုက်မှာက
မြန်မာပြည်သူတွေရဲ့ မိုဘိုင်းဖုန်း ဆင်းကတ်တွေကို ဈေးပေါပေါ၊ ၀န်ဆောင်မှု ကောင်းကောင်းနဲ့
သုံးရတော့မယ်ဆိုတဲ့ မျှော်လင့်ချက်ပါ။

ဒုတိယ ဂယက်ရိုက်မှာက အစိုးရနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်တွေအပေါ်ကိုပါ။

အော်ရီဒူး ကုမ္ပဏီဟာ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှာ ဒေါ်လာ ဘီလျံနဲ့ချီပြီး ရင်းနှီးမြှုပ်နှံဖို့
ကတိပြုထားတာပါ။

လောလောဆယ် လှုံ့ဆော်မှုမှာ အော်ရီဒူးနံပါတ်နဲ့ ၀င်လာတဲ့ ဖုန်းတွေကို မကိုင်ဘူး ဆိုတာ
လောက်ပဲ ပါတာပါ။

နောက်ပိုင်း အလွန်အကျွံသမားတွေက ကုမ္ပဏီ ဆိုင်းဘုတ်တွေကို ဖျက်ဆီးဖို့ ကြံစည်တာ၊
ကုမ္ပဏီ အရောင်းဆိုင်တွေမှာ လုပ်တဲ့ ၀န်ထမ်းတွေကို ရန်ပြုတာ၊ ကုမ္ပဏီ အရောင်းဆိုင်တွေ
ဖွင့်လို့ မရအောင် နှောင့်ယှက်တာ ဆက်ပြီး လုပ်မလာနိုင်ဘူးလို့ ဘယ်သူမှ အာမမခံနိုင်ပါဘူး။

ဒီအခါ အစ္စလာမ်နိုင်ငံ တစ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုကို မြန်မာနိုင်ငံတွင်းမှာ ဆန့်ကျင်ခံရမှု အဖြစ်
ကမ္ဘာက ရှုမြင်ခြင်းခံရမှာ ဖြစ်ပါတယ်။

ဒါဟာ မဖြစ်နိုင်တဲ့ စိုးရိမ်ပူပန်မှု မဟုတ်ပါဘူး၊ မလိုတမာ စွပ်စွဲမှုလည်း မဟုတ်ပါဘူး။

သိပ်မကြာသေးခင်တုန်းက ဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်ထဲက အဖြစ်အပျက်တွေကိုကြည့်ရင် ပဲခူးတိုင်း၊
သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ် တောင်ညိုမြို့သစ်မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်ကို ကြည့်ရင်
ဒါမျိုး ဖြစ်လာနိုင်တယ်ဆိုတာ သက်သေပြနေပါတယ်။

ရခိုင်မှာဆိုရင် ပထမ ဘင်္ဂါလီ မုန်းတီးရေး၊ နောက် အစ္စလာမ်ဘာသာ ကိုးကွယ်တဲ့ ကိုယ့်
တိုင်းရင်းသား ကမန် မုန်းတီးရေး၊ နောက်တစ်ဆင့် ဘင်္ဂါလီဒုက္ခသည်တွေကို အကူအညီပေးတဲ့
နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တွေကို ဆန့်ကျင်တိုက်ခိုက်ရေး အဆင့်အထိ ရောက်လာတာ
ပါ။

နတ်တလင်း တောင်ညိုမြို့သစ်မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်မှာတော့ အစ္စလာမ်ဘာသာဝင် လူငယ်
တစ်ယောက်ကို လက်ခံထားတဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ နေအိမ် လေးလုံးကို ရဲတပ်ဖွဲ့ဝင်တွေရှေ့မှာပဲ
ဒေသခံတွေက စိမ်ပြေနပြေ ဖျက်ဆီးပစ်လိုက်တာမျိုး ဖြစ်ခဲ့ပါတယ်။

ဘယ်လူတစ်ယောက်မှ ဖမ်းဆီး စစ်ဆေးတာ မခံရပါဘူး။

မြန်မာနိုင်ငံဟာ ဆင်းရဲမှုကနေ ရုန်းထွက်ဖို့ ကြိုးစားနေရတဲ့ နိုင်ငံ တစ်နိုင်ငံပါ။

အာဆီယံ အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံပါ။

အာဆီယံ နိုင်ငံတွေထဲမှာ အစ္စလာမ် ဘာသာကိုးကွယ်တဲ့ အင်ဒိုနီးရှားနိုင်ငံဟာ လူဦးရေအများဆုံး
ဖြစ်ပြီး သူ့လိုပဲ အစ္စလာမ်ဘာသာကိုးကွယ်တဲ့ မလေးရှား နိုင်ငံမှာ မြန်မာနိုင်ငံသား အများကြီး
အလုပ်သွားလုပ်နေကြရပါတယ်။

'မြန်မာနိုင်ငံမှာ အစ္စလာမ်ဘာသာဝင်နိုင်ငံ တွေလာပြီး ရင်းနှီးမြှုပ်နှံမှု မလုပ်ကြနဲ့' ဆိုရလောက်
အောင် ချမ်းသာကြွယ်ဝမှုလည်း ရှိသေးတာ မဟုတ်ပါဘူး။

ဒီလို လုပ်ရလောက်အောင်လည်း မြန်မာအာဏာပိုင်တွေ ရူးနှမ်းနေတာမျိုးလည်း မဟုတ်ပါဘူး။

လေ့လာစုံစမ်းရသမျှ လက်ရှိ ဖွဲ့စည်းထားကြတဲ့ မဘသ အဖွဲ့တွေထဲမှာလည်း သဘောထား
အမျိုးမျိုး ရှိနေတာ တွေ့ရပါတယ်။

တချို့ကတော့ အစ္စလာမ်ဘာသာ မုန်းတီးရေးကို အခြေခံပြီး အမျိုးဘာသာ သာသနာ
စောင့်ရှောက်နိုင်မယ်လို့ ထင်နေ၊ လုပ်ကိုင်နေ၊ ဟောပြောနေကြပါတယ်။

တချို့ မ.ဘ.သ အဖွဲ့တွေ ကတော့ အမုန်းတရားမပါဘဲ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကိုယ့်အမျိုးဘာသာ
သာသနာကို စောင့်ရှောက်ဖို့ ရည်မှန်းချက်ရှိကြပါတယ်။

လောလောဆယ် အော်ရီဒူးကုမ္ပဏီကို ဆန့်ကျင်ဖို့ ကြေညာချက်ထုတ်တဲ့ အဖွဲ့ဟာ
အစ္စလာမ်ဘာသာ ဆန့်ကျင်ရေးကို အခြေခံထားတဲ့ သဘော မြင်တွေ့နိုင်ပါတယ်။

ဒီလှုပ်ရှားမှုတွေကြောင့် ပြည်သူတွေ မိုဘိုင်းဖုန်းဈေးပေါပေါနဲ့ ကိုင်နိုင်တဲ့ မျှော်လင့်ချက်
ပျက်ပြားစေနိုင်သလို အစိုးရအဖွဲ့ မျက်နှာပျက်စရာ ဖြစ်လာနိုင်ပါတယ်။

နိုင်ငံတကာက သတိပြုမိရင် ကဲ့ရဲ့ရှုတ်ချမှုကိုလည်း ခံရနိုင်ပါတယ်။

ချုပ်ပြီးပြောရရင် ဒီအမုန်းတရား ပြန့်ပွားအောင် လှုံ့ဆော်မှုတွေဟာ မွန်မြတ်သန့်စင်လှတဲ့
ဗုဒ္ဓသာသနာ အပါအဝင် ပြည်သူတွေကိုရော၊ အစိုးရနဲ့ တိုင်းပြည်ကိုပါ အကျိုးရှိစေမှာ
မဟုတ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021