မရောက်လာတာကြာပြီဖြစ်တဲ့ ဥပဒေပြဿနာတွေ ဆွေးနွေးဘက် တပည့်ရှေ့နေ ရောက်လာပြန်လို့ ထုံးစံအတိုင်း သူပြောတဲ့ ဥပဒေပြဿနာနဲ့ ပတ်သက်ပြီး ဆွေးနွေးဖြစ်ကြပါတယ်။
မရောက်လာတာကြာပြီဖြစ်တဲ့ ဥပဒေပြဿနာတွေ ဆွေးနွေးဘက် တပည့်ရှေ့နေ
ရောက်လာပြန်လို့ ထုံးစံအတိုင်း သူပြောတဲ့ ဥပဒေပြဿနာနဲ့ ပတ်သက်ပြီး ဆွေးနွေးဖြစ်ကြပါ
တယ်။
"ဆရာလည်း ဥပဒေဆောင်းပါး မရေးဖြစ်တာကြာပြီနော်"
"အေးကွ၊ နှစ်လလောက်တော့ ရှိသွားပြီ။ ဒီအတောအတွင်း မင်းမရောက်လာတာလည်း
ပါတာပေါ့။ ငါ့မှာ ရေးစရာအကြောင်းအရာတွေ ရှိပေမယ့် 'ငုပ်' နေတတ်တယ်ကွ။ မင်းက အစ
ဖော်ပေးလို့သာ ဆောင်းပါးကလေးတွေ ဖြစ်လာတာကိုး"
"ကျွန်တော် မလာဖြစ်တာကလည်း ဆရာ ခရီးထွက်နေတာရယ်၊ တရားစခန်းဝင်နေတာရယ်
ကြောင့်ပါ ဆရာ"
"ဟုတ်တယ်ကွ။ ခရီးမထွက်ဖြစ်ခဲ့တာလည်း ၁၀ နှစ်ကျော်တဲ့အပြင် မြေးလေးတွေလည်း
သိတတ်တဲ့ အရွယ်လေးတွေ ရောက်လာကြတော့ ကိုယ့်ယဉ်ကျေးမှု အမွေအနှစ်ရှိရာ ဒေသတွေ
ကို ရောက်ဖူးအောင် ပုဂံ၊ ပုပ္ပားနဲ့ မန္တလေး၊ စစ်ကိုင်းဝန်းကျင်ဒေသတွေကို လိုက်ပို့တယ်
ဆိုပါတော့ကွာ။ မိသားစု ခရီးစဉ်ပေါ့။ ခုနစ်ရက်ကြာခဲ့တဲ့ ခရီးစဉ်တစ်လျှောက်လုံး ဒေသခံ
လုပ်ဖော်ကိုင်ဖက် တပည့်ဟောင်းတွေက အဘက်ဘက်က ကူညီစီစဉ်ပေးထားတာကြောင့်
အစစအဆင် ပြေခဲ့လို့ စိတ်ကြည်နူးမှုတွေ ရခဲ့တယ်ကွာ။ အကူအညီပေးခဲ့ကြသူတွေ
အားလုံးကိုလည်း ကျေးဇူးတင်ရပါတယ်။ တရားစခန်းဝင်တာကတော့ ပဲခူးဆယ်ပိုင်းကုန်း၊
ပဏ္ဍိတာရာမတရား စခန်းမှာ သင်္ကြန်မတိုင်မီ ၁၀ ရက်ကြာခဲ့တယ်ပေါ့။ ဒီအတောအတွင်း
မင်းလုပ်ငန်းတွေလည်း အဆင်ပြေတယ် မဟုတ်လား"
"ပြောတောင် မပြောချင်တော့ပါဘူးဆိုသလိုပါပဲ ဆရာ။ နှစ်သစ်ကူးမှာ စိတ်ချမ်းချမ်းသာသာနဲ့
အနားယူမယ်လို့ စဉ်းစားမိပါတယ်။ စိတ်ပျက်စရာ အကုသိုလ်က လမ်းမှားပြီး ၀င်လာသေးတယ်
ဆရာ"
"ဘယ်လိုဖြစ်လို့လဲကွာ"
"ဒီလိုပါဆရာ၊ ကျွန်တော်က တရားလိုရှေ့နေ အဖြစ်စွဲဆိုပေးတဲ့ တရားမမှုမှာ အမှုစွဲဆိုပုံမှားတယ်
ဆိုပြီး ခိုင်လုံတဲ့ အကြောင်းပြချက်မဖော် ပြဘဲနဲ့ တရားပြိုင်ရှေ့နေက ကန့်ကွက်တာကို အမှုစစ်
တရားရုံးက ထုတ်ဖော်တဲ့အကြောင်း ပြချက်အရ ကျွန်တော့်အမှုကို ပယ်ခဲ့လို့ ကျွန်တော်က
တိုင်းဒေသကြီးတရားလွှတ်တော်ကို အယူခံတက်ခဲ့ရတယ် ဆရာ။ အဲဒီမှာလည်း အယူခံရုံး
တရားသူကြီးက အောက်ရုံး တရားသူကြီးဖော်ပြတဲ့ အကြောင်းပြချက်အရ မဟုတ်ဘဲ
သူဖော်ထုတ်တဲ့အကြောင်းပြချက်နဲ့ ကျွန်တော့်အမှုကို ပယ်ပြန်ရော။ ဒါနဲ့ ကျွန်တော်လည်း
နေပြည်တော်တရားလွှတ်တော်ချုပ်အထိ အယူခံတက်ရတာပေါ့ ဆရာ။ ကျွန်တော့် အမှုအတွက်
ဥပဒေအရ ဘယ်လိုမှ မလွဲမှားနိုင်တဲ့ အကြောင်းပြချက်တွေက အခိုင်အလုံရှိနေတော့
ဒီနောက်ဆုံးအဆင့်မှာတော့ အမှန်အတိုင်း ကျွန်တော်ပဲ နိုင်မယ်လို့ ယုံကြည်နေတာပေါ့ ဆရာ"
"ထင်တဲ့အတိုင်း မဖြစ်လို့လား"
"ဆရာက အခုခေတ်မှာ အမှုမလိုက်ဖူးတော့ အဲဒီကိစ္စနဲ့ ပတ်သက်လို့ ကျွန်တော်ရှင်းပြပါဦးမယ်
ဆရာ။ အခုအခါမှာ တရားလွှတ်တော်က အမိန့်ချမှတ်မယ့် အမှုတွေကို ခုနစ်ရက်ကြိုတင်
ကြေညာတဲ့ အမှုခေါ်စာရင်းမှာ ထည့်သွင်းဖော်ပြလေ့ မရှိတော့ သက်ဆိုင်တဲ့အမှုသည်တွေနဲ့
ရှေ့နေတွေက သူတို့ အမှုအမိန့်ချမှတ်မယ့် နေ့ရက်ကို ကြိုတင်မသိရလို့ တရားသူကြီးက
စီရင်ချက် ဖတ်ပြပြီး အမိန့်ချမှတ်တာကို နားထောင်ခွင့်မရ ကြဘူးဆရာ။ ဆိုင်ရာရုံး ၀န်ထမ်း
တစ်ဦးဦးနဲ့ ချိတ်ဆက်ပြီး သတင်း ယူကြရတာ။ နေပြည်တော် တရားလွှတ်တော်ချုပ်မှာလည်း
ဒီအတိုင်းပေါ့ ဆရာ။ တရားလွှတ်တော်ချုပ်မှာ အမှုလိုက်တဲ့ ရှေ့နေတွေက ရန်ကုန်၊ မန္တလေး
အစရှိတဲ့ နယ်ကလာတဲ့ ရှေ့နေတွေဆိုတော့ အမိန့်ချမှတ်မယ့် နေ့ရက်ကို ကြိုတင်သိရရင်တောင်
အမိန့်ချမှတ်တာကို သွားရောက်နားထောင်ဖို့ဆိုတာကတော့ လမ်းစရိတ်နဲ့ တည်းခိုစရိတ်တွေ
ကြောင့် ဒီကိစ္စ သက်သက်အတွက်တော့ ဘယ်သွားနိုင်မှာလည်း ဆရာ။ ဒီတော့ ကိုယ်နဲ့
ခင်မင်ရင်းနှီးတဲ့ ရုံးဝန်ထမ်းတစ်ဦးဦးနဲ့ ချိတ်ဆက်ထားရတော့ ကျွန်တော့်လူက အခုပြောနေတဲ့
ကျွန်တော့် အယူခံမှုကို ပလပ်လိုက်တဲ့အကြောင်း ကျွန်တော့်ဆီ အကြောင်းကြားလာတယ်။
ဒီတော့ ကျွန်တော်လည်း အတော့်ကို စိတ်ညစ်သွားပြီး ရှေ့နေလိုက်တဲ့ လုပ်ငန်းကို ရပ်ပစ်လိုက်ဖို့
အထိတောင် စဉ်းစားမိတယ်။ အမှုသည်ကိုလည်း မျက်နှာ ပျက်ပျက် နဲ့ပြောပြပြီး ဆက်လုပ်နိုင်တဲ့
နည်းလမ်းတွေကို စဉ်းစားညှိနှိုင်းဆွေးနွေးတော့ အမှုသည်ကလည်း သဘောတူပါတယ် ဆရာ"
"ဒါနဲ့ အကုသိုလ်က လမ်းမှားပြီး ၀င်လာတယ် ဆိုတာက -----"
"အဲဒါပြောမလို့ပေါ့ ဆရာ။ ကျွန်တော့် လူ၊ ကျွန်တော် ကိုယ်စားလှယ်ပဲဆိုပါတော့ ဆရာ။ သူက
သတင်းအမှားကို ပေးခဲ့တာ၊ အမှန်က ကျွန်တော့်အယူခံမှုကို တရားလွှတ်တော်ချုပ်က ပလပ်တာ
မဟုတ်ဘဲ လက်ခံပြီး အောက်ရုံး နှစ်ရုံး ရဲ့ ဆုံးဖြတ်ချက်တွေကို ပယ်ဖျက်ပေးခဲ့တာကိုး ဆရာရဲ့။
ဒီတော့ ကျွန်တော့်အမှုကို မူလရုံးမှာ အစကနေပြန်စစ်ခွင့်ရသွားတော့ အမှု မစစ်ဆေးရဘဲနဲ့
အမှုရှုံးတဲ့ ဘဝကနေလွတ်သွား တော့တာပေါ့ ဆရာ"
"ဒါနဲ့ မသိလို့ မေးစမ်းပါရစေဦး၊ တရားလွှတ်တော်နဲ့ တရားလွှတ်တော်ချုပ်တို့မှာ အမှုတွေကို
တရားခွင်မှာ စီရင်ချက်ဖတ်ပြပြီး အမိန့်ချမှတ်တာ မရှိဘူးလား"
"ရှိတယ်လို့တော့ ပြောလို့ရတာပေါ့ ဆရာ။ ဒါပေမဲ့ သက်ဆိုင်တဲ့ အမှုသည်နဲ့ ရှေ့နေ လာရောက်ပြီး
အမိန့်ကို နားထောင်တာမျိုး မဟုတ်ဘဲ အဲဒီအမှုကို အမိန့်ချဖို့ ခေါ်တဲ့အခါမှာ တခြားအမှုမှာ
လျှောက်လဲချက်ပေးဖို့ ရောက်ရှိနေတဲ့ ရှေ့နေတစ်ဦးဦးက မတ်တတ်ရပ်ပြီး အဲဒီအမှုသည်ရဲ့ ရှေ့နေ
ကိုယ်စားလှယ်လိုမျိုးနဲ့ အမိန့်ကို နာခံရတာ ဆရာရဲ့။ ဒါနဲ့ ပတ်သက်လို့ တစ်ခါက ကျွန်တော်
ကြံုခဲ့ရတဲ့အဖြစ်အပျက်ကလေးကို ပြောပြပါဦးမယ်။ အဲဒီနေ့က ကျွန်တော်လည်း
တရားလွှတ်တော်အမှု တစ်မှုမှာ လျှောက်လဲချက်ပေးပြီး အောက်ရုံးမှာ အမှုစစ်ဖို့ရှိတာနဲ့
အမြန်ထွက်လာတဲ့အခါ ရှေ့ဖတ် စာရေးက နောက်ကနေ ကျွန်တော့်ကို လှမ်းခေါ်ပြီး အမှုတစ်မှုကို
စီရင်ချက်ချချင်လို့ ခဏဝင်ရပ် ပေးပါဦးလို့ ပြောတယ်ဆရာ။ ကျွန်တော်က 'ဟာ အောက်ရုံးမှာ
ငါ့အမှုကို စစ်စရာရှိလို့ ချက်ချင်းသွားရမယ်။ ငါအချိန်မီမရောက်ရင် အမှုပလပ်ခံရမှာမို့ ခွင့်လွှတ်ပါ'
လို့ ပြောပြီး အမြန် 'လစ်' ခဲ့ရ တယ် ဆရာ။ အခု ကျွန်တော်ပြောတာတွေကတော့ လက်ရှိ
အခြေအနေပေါ့။ ဆရာ့ အနေနဲ့ ဆရာ့အတွေ့အကြံုအရရော၊ ဥပဒေကြောင်း အရရော
အခုပြဿနာကို သုံးသပ်ပြပါဦး ဆရာ"
"အင်း - ဒို့ကတော့ တရားလွှတ်တော် တရားသူကြီးလည်း မလုပ်ခဲ့ဖူးဘူး။ ရှေ့နေ အဖြစ်နဲ့လည်း
အမှုမလိုက်ခဲ့ဖူးတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ ဟိုအရင်ခေတ်က အခြေအနေကိုတော့ မပြောပြနိုင်
ဘူးပေါ့ကွာ။ ဒါပေမဲ့ ဟိုခေတ်က တိုင်းတရားရုံးမှာ တရားသူကြီးအဖွဲ့ ၀င်အဖြစ် လုပ်ခဲ့ဖူးတော့
အဲဒီခေတ်က ပြည်နယ်/ တိုင်းတရားရုံးတွေက တရားလွှတ်တော်ရဲ့ အာဏာတွေကို ကျင့်သုံးပြီး
အယူခံ/ပြင်ဆင်မှုတွေကို စီရင်ခွင့်ရှိခဲ့တယ် မဟုတ်လား။ အဲဒီတုန်းကတော့ အယူခံ/ပြင်ဆင်မှု
တစ်မှုကို လက်ခံထားပြီးဖြစ်လို့ နှစ်ဖက် အမှုသည်/ရှေ့နေများရဲ့ အပြီးသတ်လျှောက်လဲချက်ကို
ကြားနာပြီးလို့ရှိရင် အဲဒီအမှုကို အမိန့်ချမှတ်မယ့် မဲ့နေ့ရက်ကို တစ်ပါတည်း သတ်မှတ်ပေးလိုက်
တယ်။ စီရင်ချက် အဆင်သင့်မဖြစ်သေးရင်လည်း အဲဒီနေ့မှာ အမှုခေါ်ပြီး နောက်တစ်ရက်ကို
ရွှေ့ဆိုင်း ချိန်းဆိုရတာပေါ့။ အဲဒီချိန်းတဲ့ရက်မှာ စီရင်ချက်ကို တရားခွင်မှာ ဖတ်ပြပြီး အမိန့်ချမှတ်
တာကို သက်ဆိုင်ရာအမှုသည် သို့မဟုတ်၊ ရှေ့နေက တလေးတစား နားထောင်ကြတယ်ကွ။
မင်းအခု ပြောတဲ့ ပြဿနာမျိုးတော့ မရှိခဲ့ပါဘူး။ အဲဒီ ခေတ်မတိုင်ခင်က ခရိုင်တရားမနဲ့ စက်ရှင်
တရားရုံးတွေမှာလည်း အဲဒီနည်းအတိုင်းကျင့်သုံး ဆောင်ရွက်ခဲ့တာကို ဒို့မီလိုက်ပါတယ်"
"ဒါကတော့ တရားလွှတ်တော်ရဲ့ စီရင်ပိုင်ခွင့် အာဏာတွေကို ကျင့်သုံးခဲ့တဲ့ ဟိုတုန်းက
တိုင်းတရားရုံးတွေမှာ ဆောင်ရွက်ခဲ့တဲ့ အစဉ်အလာပေါ့ ဆရာ၊ ဥပဒေကြောင်းအရလည်း သုံးသပ်
ပြပါဦး ဆရာ"
"ဒီကိစ္စမှာတော့ ရာဇဝတ်မှုနဲ့ တရားမမှုကို ခွဲခြားပြီး ပြောမှ ဖြစ်မယ်။ ရာဇဝတ်မှုတွေမှာ မူလ
အမှုစစ်တရားရုံးနဲ့ တရားလွှတ်တော် မဟုတ်တဲ့ အယူခံရုံးတွေအနေနဲ့ သူတို့ရဲ့ စီရင်ချက်တွေကို
တရားခွင်မှာ တရားခံ၊ သို့မဟုတ် သူ့ရှေ့နေရှေ့မှောက်မှာ ဖတ်ပြ၊ သို့မဟုတ် ရှင်းပြပြီး အမိန့်ချမှတ်
ရမယ်လို့ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၃၆၆ နဲ့ ၄၂၄ တို့မှာ ပြဋ္ဌာန်းထားတယ် မဟုတ်လား။
တရားလွှတ်တော်က ရာဇဝတ်မှုတွေမှာ စီရင်ချက်ချမှတ်ရာမှာတော့ စီရင်ချက်ကို အဲဒီလိုဖတ်ပြ
ကြေညာရမယ်လို့ ပြဋ္ဌာန်းမထားဘူး။ စီရင်ချက်မှာ သက်သေခံ လက်မှတ်ရေးထားပြီး
သက်ဆိုင်ရာအောက်ရုံးကို ပြန်ပို့ရမယ်။ သက်ဆိုင်ရာအောက်ရုံး အနေနဲ့လည်း တရားလွှတ်တော်
ရဲ့ အမိန့်နဲ့ညီညွတ်တဲ့ အမိန့်ကို ချမှတ်ရမယ်လို့ ပြဋ္ဌာန်းထားတော့ တရားလွှတ်တော်ရဲ့
အမိန့်အတိုင်း အောက်ရုံးက အကောင်အထည်ဖော်ဆောင်ရွက်ပေးရတဲ့ သဘောပေါ့။ ပြင်ဆင်မှု
ကိစ္စမှာလည်း ပုဒ်မ ၄၄၂ မှာ အလားတူပဲ ပြဋ္ဌာန်းထားတယ်"
"ဒါကတော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၂၀ လောက်က အခြေအနေတွေအရ ပြဋ္ဌာန်းခဲ့တာတွေပေါ့
ဆရာ။ အခုခေတ်အခါမှာ အမှုသည်တွေ၊ ရှေ့နေတွေရဲ့ အဆင်ပြေမှုအတွက် ရာဇဝတ်အယူခံမှု
တွေမှာ အမိန့်ချမှတ်မယ့်ရက်ကို ရက်သတ္တတစ် ပတ်ကြိုတင် ကြေညာတဲ့အမှုခေါ်စာရင်းမှာ
ထည့်သွင်းကြေညာပေးရင်ရော ဥပဒေနဲ့ ဆန့်ကျင်မှာပါလား ဆရာ။ မဖြေရှင်းနိုင်တဲ့ တခြား
အခက်အခဲတွေတော့ မရှိလောက်ဖူးလို့ ထင်တာပဲ"
"အဲဒီလိုလုပ်တဲ့အတွက် ဥပဒေနဲ့ ဆန့်ကျင်တယ်လို့တော့ မဆိုနိုင်ပါဘူး။ ဒါက ရုံးတွင်း စီမံခန့်ခွဲရေး
ဆိုင်ရာ လုပ်ထုံးလုပ်နည်းပဲ ဥစ္စာ၊ အခက်အခဲရှိ မရှိဆိုတာကတော့ တာဝန်ယူဆောင်ရွက်နေသူ
တွေက စဉ်းစားရမှာပေါ့။ ဒါပေမဲ့ မင်းတို့လို နယ်က ရှေ့နေတွေအနေနဲ့ စီရင် ချက်နာခံဖို့
သက်သက်အတွက် နေပြည်တော်ကို သွားကြမယ် မထင်ဘူး"
"ဒါကတော့ တရားလွှတ်တော်ချုပ်အမှုဆိုရင် နေပြည်တော်မှာ အမြဲရှိနေတဲ့ ရှေ့နေတစ်ဦးဦးကို
ကိုယ်စားဆောင်ရွက်ပေးဖို့ စီစဉ်လို့ ရပါတယ် ဆရာ။ အယူခံ/ပြင်ဆင်မှုအများစုကတော့
သက်ဆိုင်ရာဒေသ တရားလွှတ်တော်တွေမှာဆိုတော့ ရှေ့နေ၊ သို့မဟုတ် အမှုသည်ကိုယ်တိုင်
တက်ရောက်ပြီး စီရင်ချက်ကို နာခံနိုင်ပါတယ်။ တရားမမှုနဲ့ ပတ်သက်လို့ ပြောပါဦး ဆရာ"
"တရားမအယူခံမှုတွေမှာ စီရင်ချက်ချမှတ်ခြင်းနဲ့ ပတ်သက်လို့ တရားမကျင့်ထုံးဥပဒေ၊ အမိန့် ၄၁၊
နည်းဥပဒေ ၃၀ မှာ အတိအလင်း ပြဋ္ဌာန်းထားတယ် မဟုတ်လား"
"ဟုတ်ပါတယ် ဆရာ။ အဲဒီပြဋ္ဌာန်းချက်အရ၊ တရားမအယူခံမှုတစ်မှုကို စစ်ဆေးပြီးလို့ရှိရင် နှစ်ဖက်
အမှုသည်တွေ၊ သို့မဟုတ် သူတို့ရှေ့နေတွေရဲ့ လျှောက်လဲချက်ကို ကြားနာပြီး ချက်ချင်း အမိန့်ချ
နိုင်ရင်လည်း ချ၊ မချနိုင်ရင်လည်း အမိန့်ချမယ့်ရက်ကို သတ်မှတ်ပြီး အမှုသည်တွေ၊ သို့မဟုတ်
သူတို့ရှေ့နေတွေကို အသိပေးရမှာ ဖြစ်ပါတယ်။ အဲဒီလိုရက်ချိန်းပေးပြီး စီရင်ချက် ချမှတ်တဲ့အခါ
မှာလည်း အများပြည်သူဝင်ထွက် သွားလာခွင့်ရှိတဲ့ တရားခွင် (in open Court) မှာ အမိန့်ချမှတ်
ရမှာ ဖြစ်ပါတယ်။ အမှုသည်တွေ/ ရှေ့နေတွေကို အသိပေးဖို့ဆိုတာနဲ့ ပတ်သက်လို့ အဲဒီအမိန့်မှာ
"notice shall be given" လို့ ပြဋ္ဌာန်းထားတဲ့အတွက် တရားရုံးက မပျက်မကွက် လိုက်နာ
ဆောင်ရွက်ရမယ့် တာဝန်ရှိပါတယ်။ အမှုသည်/ ရှေ့နေတွေကို အဲဒီလိုကြိုတင် အသိမပေးဘဲ
စီရင်ချက်ချမှတ်ခြင်းဟာ ဥပဒေကို ဆန့်ကျင်ဆောင်ရွက်ခြင်းဖြစ်တယ်လို့ လမ်းညွှန်ထားတဲ့
စီရင်ထုံးများလည်း ရှိပါတယ်။ တရားမပြင်ဆင်မှုတွေမှာလည်း တရားမအယူခံမှုမှာ ကျင့်သုံးသလို
ကျင့်သုံးတာကို တွေ့ရပါတယ် ဆရာ"
"ဒီကိစ္စနှင့် ပတ်သက်ပြီး ၁၉၇၄ ခုနှစ်မတိုင်မီနှင့် ၁၉၈၈ မတိုင်မီက အစဉ်အလာ ဘယ်လိုရှိခဲ့တယ်
ဆိုတာကတော့ တရားလွှတ်တော် အမှုတွေမှာ မလိုက်ခဲ့ဖူးလို့ ငါလည်း ကောင်းကောင်း
မမှတ်မိတော့ဘူးကွာ။ တစ်ပတ်တစ်ကြိမ် ကြိုတင်ကြေညာတဲ့ အမှုခေါ်စာရင်း (Cause list) နဲ့
တစ်နေ့တာအတွက် ကြော်ညာတဲ့ အမှုခေါ်စာရင်း (Daily list) ဆိုပြီးရှိခဲ့တာကိုတော့ မှတ်မိတယ်။
အခု အဲဒီစနစ် ရှိသေးလားတော့ မသိတော့ဘူး"
"ရှိသေးတယ် ဆရာ။ တစ်ပတ်ကြိုတင်ကပ်တဲ့ စာရင်းမှာရော၊ နေ့စဉ်ကပ်တဲ့ စာရင်းမှာပါ
အမိန့်ချမယ့်အမှုကို ဖော်ပြတာ မတွေ့မိဘူး ဆရာ။ နေ့စဉ်စာရင်းမှာ အမိန့်ချမှတ်မယ့် အမှုကို
ဖော်ပြရင်တောင် ရှေ့နေတွေက သူ့အမှု ဘယ်နေ့ အမိန့်ချမယ်ဆိုတာ ကြိုတင်ပြီးသိမထားတော့
စီရင်ချက်ချမှတ်တာကို နာခံဖို့ မသွားနိုင်ကြဘူးပေါ့ ဆရာ။ အဲဒီလို မသွားနိုင်လို့ ကိုယ့်အမှု အမိန့်
ချမှတ်ပြီးတာကို နောက်တစ်ဆင့်တက်ဖို့ ကာလစည်းကမ်းသတ်ကျော်ပြီးမှ သိရတဲ့အတွက်
နစ်နာမှုရှိတာတွေလည်း သိရပါတယ် ဆရာ"
"အဲဒီလို ဥပဒေနဲ့ မညီဘဲ တရားရုံးရဲ့ ဆောင်ရွက်ချက်ကြောင့် အမှုသည်ကို နစ်နာမှု မရှိစေသင့်
ကြောင်း၊ အဲဒီလိုနစ်နာမှုကို ကာလ စည်းကမ်းသတ်ဥပဒေအရ ကုစားနိုင်တဲ့ အကြောင်း စီရင်ထုံး
တွေရှိပေမယ့် အမှုသည်မှာတော့ အချိန်နဲ့ ငွေပါ ပိုမိုကုန်ကျခဲ့ရတာဆိုတော့ ဒီပြဿနာကို
တာဝန်ရှိသူတွေက သင့်မြတ်သလို စီစဉ်ပေးသင့်တာပေါ့ကွာ။ ဥပဒေကို ပြင်ဆင်ရမယ့် ကိစ္စတော့
မဟုတ်ဘူး။ စီမံခန့်ခွဲ ရေးနည်းလမ်းအရ လုပ်နိုင်တဲ့ ကိစ္စပဲလေ"
"ဆရာပြောသလို ဖြစ်ပါစေလို့ပဲ ဆန္ဒပြုရမှာပေါ့ ဆရာ"
















