နိုင်ငံရေးမုန်တိုင်းအောက်က ဘန်ကောက်သို့ ခရီးသွားခြင်း

နိုင်ငံရေးမုန်တိုင်းအောက်က ဘန်ကောက်သို့ ခရီးသွားခြင်း

မီးခိုမထွက်သော စက်ရုံများလို့ တင်စားခေါ်ဝေါ်ရတဲ့ ခရီးသွားလုပ်ငန်းဟာ ထိုင်းနိုင်ငံရဲ့ အဓိက ပင်မစီးပွားရေး လုပ်ငန်းဆိုရင် မမှားပါဘူး။

မီးခိုမထွက်သော စက်ရုံများလို့ တင်စားခေါ်ဝေါ်ရတဲ့ ခရီးသွားလုပ်ငန်းဟာ ထိုင်းနိုင်ငံရဲ့ အဓိက
ပင်မစီးပွားရေး လုပ်ငန်းဆိုရင် မမှားပါဘူး။

ဒါပေမဲ့ "ဘန်ကောက်ကို ပိတ်ဆို့၊ ထိုင်းကို အသစ်ကပြန်စ" ဆိုတဲ့ဆောင်ပုဒ်ကို စွဲကိုင်ပြီး အစိုးရကို
ဆန့်ကျင်ဆန္ဒပြခဲ့တဲ့အတွက် နိုင်ငံခြားသားခရီးသည် ၀င်ရောက်မှုဟာ ၂၀၁၄ နှစ်ဆန်းပိုင်းမှာ
လျော့ကျခဲ့ပါတယ်။

ဒီလိုလျော့ကျခဲ့တဲ့အတွက် ထိုင်းအစိုးရဟာ နိုင်ငံခြားသားခရီးသည်တွေ ပြန်လည်ဝင် ရောက်ဖို့
အတွက် ထိုင်းခရီးသွားဌာနနဲ့ ထိုင်းအဲဝေးတို့ ပေါင်းပြီး အာဆီယံဒေသတွင်းက သတင်းဌာနတွေကို
ချစ်ကြည်ရေးခရီးစဉ်အနေနဲ့ ဖေဖော်ဝါရီလ တတိယပတ်ထဲမှာ ဖိတ်ကြားခဲ့ပါတယ်။

ကျွန်တော် သုဝဏ္ဏဘူမိလေဆိပ်ကို ရောက်သွားတဲ့အချိန်မှာ လေဆိပ်မှာ ခရီးသည်တွေနဲ့
စည်ကားနေပေမယ့် လေဆိပ်မှာလာကြိုတဲ့ ဧည့်လမ်းညွှန်ကတော့ အရင်ကဆိုရင် ခရီးသွား
အရေအတွက်ဟာ ဒီထက်များပြားပြီး လေဆိပ် အပြင်မှာ ကားတွေနဲ့ ပြည့်ကျပ်နေတယ်လို့
ပြောပါတယ်။

ဘန်ကောက်ကို ပထမဆုံးရောက်ဖူးတဲ့သူအတွက်တော့ အရာရာဟာ ဆန်းကြယ်နေပါတယ်။
အထက်အောက်ဖြတ်သန်းဆောက်လုပ်ထားတဲ့ မိုးပျံလမ်းတွေ တစ်ချစ်တစ်ချက် မိုးပျံရထား
တွေကိုမြင်လိုက်ရတော့ အရှေ့တောင်အာရှနိုင်ငံ တစ်ခုဖြစ်တဲ့ ထိုင်းနိုင်ငံက ဘန်ကောက်မြို့ကြီး
ဟာ ဒီလောက်ဖွံ့ဖြိုး လှချေလားဆိုပြီး အံ့ဩမိပါတယ်။

၁၉၉၀ ပြည့်နှစ်များ မတိုင်မီကတည်းက ဘန်ကောက်မြို့ကြီးဟာ ဖွံဖြိုးတိုးတက်နေပြီဆိုတာ
ကျွန်တော်ငယ်ငယ်က မဂ္ဂဇင်းစာအုပ်တစ်အုပ်မှာ ဖတ်ဖူးခဲ့ပါတယ်။

အဲဒီအချိန်တွေတုန်းက ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံရေး မုန်တိုင်းတွေနိုင်ငံအနှံ့အပြားမှာ
ပြင်းထန်နေတဲ့အတွက် ဒေသဖွံဖြိုးရေး နောက်ကျရတာပါလို့ ကိုယ့်ကိုယ်ကိုယ် ဖြေတွေးတွေး
မိပါတယ်။

မြန်မာအပါအဝင် မလေးရှား၊ စင်ကာပူက သတင်းထောက်တွေကို ဖိတ်ထားတယ်ဆိုတော့
သတင်းထောက်တွေ အများကြီးရှိမယ်လို့ မျှော်လင့်ထားပေမယ့် အကြောင်းအမျိုးအမျိုးကြောင့်
တစ်နိုင်ငံကို တစ်ယောက်စီပဲ လာရောက်နိုင်တာတွေ့ရပါတယ်။

ကျွန်တော်တို့ကို အီးတက်စ်လုမ္ဗနီဟိုတယ်မှာ တည်းခိုဖို့ စီစဉ်ထားပြီး ကျွန်တော်ရောက်သွားချိန်မှာ
စင်ကာပူ က သတင်းထောက်ပဲ ရောက်ပါသေးတယ်။

ဟိုတယ်မှာ ကျွန်တော့်အတွက် နေ့လယ်စာစီစဉ် ပေးထားပြီး နေ့လယ်စာစားချိန်မှာ ထိုင်းခရီးသွား
ဌာနကနေ လာတွေ့ပါတယ်။

နေ့လယ်စာစားပြီး အနားယူချင်ရင် ယူနိုင်ပြီး စင်ကာပူသတင်းထောက် တောင်းဆိုထားတဲ့
သပိတ်စခန်းတွေကို လိုက်ချင်ရင် လိုက်နိုင်တယ် လို့ပြောတော့ ကျွန်တော် လိုက်မယ်ဆိုတဲ့
အကြောင်း ပြန်ပြောလိုက်ပါတယ်။

ကျွန်တော်ရယ်၊ စင်ကာပူသတင်းထောက်ရယ်၊ ဧည့်လမ်းညွှန်ရယ် ဟိုတယ်နားက မြေအောက်
ဘူတာက တစ်ဆင့် သပိတ်စခန်း တစ်ခုကိုသွားရောက်ခဲ့ပါတယ်။

သပိတ်စခန်းတစ်ခုကို ရောက်သွားတဲ့အခါ ကျယ်ဝန်းလှတဲ့ စင်မြင့်ထက်မှာ ဆန္ဒပြ ခေါင်းဆောင်
တစ်ဦး ဟောပြောနေတယ်။

စင်အောက်မှာ တချို့က စိတ်ပါလက်ပါ နားထောင်နေပြီး တချို့ကတော့ လဲလျောင်းနေပါတယ်။

ကျွန်တော်တို့ ဆန္ဒပြသူတွေကို ဓာတ်ပုံရိုက်တော့ သူတို့က ပြံုးရွှင်စွာနဲ့ နှုတ်ဆက်ကြပါတယ်။
ဒါပေမဲ့ ကျွန်တော့်စိတ်ထဲမှာ ရုတ်တရက် ၂၀၀၇ တုန်းက ရန်ကုန်မြို့မှာ ဂျပန်သတင်းထောက်
ဖြစ်ပျက်သွားပုံကို မဆီမဆိုင် သွားသတိရမိပါတယ်။

သပိတ်စခန်းအတွင်းမှာ ဈေးဆိုင်တွေ၊ စီတန်းလှည့်လည်သူတွေ၊ အခမဲ့ဆေးပေးခန်းတွေ
တွေ့ရပါတယ်။

အခမဲ့ ဆေးပေးခန်းမှာ လုပ်အားပေးနေတဲ့ အငြိမ်းစား အမျိုးသမီးဆရာဝန်ကြီးက ယင်လပ်
ဦးဆောင်တဲ့ အစိုးရကို အယုံအကြည် မရှိကြောင်း၊ ကြားဖြတ်အစိုးရက ကျင်းပပေးတဲ့
ရွေးကောက်ပွဲဟာ နိုင်ငံရေး ဖြေရှင်းချက် မဟုတ်ကြောင်း၊ ထိုင်းနိုင်ငံကို အသစ်က ပြန်စရမယ်လို့
ပြောပါတယ်။

သတင်းနဲ့ ပတ်သက်ရင် လောဘကြီးလှတဲ့ စင်ကာပူသတင်းထောက်ရဲ့ တောင်းဆိုမှုကြောင့်
နောက်ထပ် သပိတ်စခန်းတစ်ခုကို ဆိုက်ကယ်တက္ကစီနဲ့ သွားကြပါတယ်။

သွားတဲ့ လမ်းမှာ လုံခြံုရေးယူထားတဲ့ စစ်တပ်ကို တွေ့ရပေမယ့် ကျွန်တော်တို့ဆီမှာလို
တားဆီးမေးမြန်းတာတွေ မတွေ့ရပါဘူး။

တကယ်တော့ စစ်တပ်ဟာ ဆန္ဒပြသူတွေရဲ့ လုံခြံုရေးကို တာဝန်ယူထားတယ်ဆိုတာ
ဧည့်လမ်းညွှန်က ရှင်းပြလို့ သိလိုက်ရပါတယ်။

နောက်ထပ် သပိတ်စခန်းရောက်တဲ့အခါမှာ လူပိုစည်တာတွေ့ရပြီး ခပ်လှမ်းလှမ်းကနေ
သီချင်းဆိုနေတဲ့ အသံတွေကို ကြားနေရပါတယ်။

သပိတ်စခန်းက သပိတ်စခန်းနဲ့ တူမနေဘဲ စည်းကားလှတဲ့ ဈေးတစ်ခုထဲ ရောက်သွားသလို
ခံစားရမိပါတယ်။

တော်တော်ကြာ လမ်းလျှောက်မိတော့ ဆန္ဒပြသူတွေအတွက် စတုဒိတာကျွေးတဲ့ သူတွေ၊
ထမင်းဘူး၊ ရေသန့်ဝေတဲ့ သူတွေ၊ နေ့လယ်စာအတွက် တန်းစီနေတဲ့သူတွေကို တွေ့ရပါတယ်။

နောက်ပြီး ရွေ့လျားရေချိုးခန်း၊ ရွေ့လျားအိမ်သာတွေ တွေ့မိတော့ ပြီးပြည့်စုံတဲ့ သပိတ်စခန်းပဲလို့
မှတ်ချက်ချမိပါတယ်။

ကျွန်တော့်ကို တကယ်ပဲအံဩမင်တက်စေတဲ့ အရာကတော့ ဘန်ကောက်ကို ပိတ်ဆို့၊ ထိုင်းနိုင်ငံ
ကို အသစ်က ပြန်စလို့ ရေးထားတဲ့ စားသား နောက်ခံနဲ့ ကြီးမားတဲ့ စတိတ်စင်ကြီးပါပဲ။

စင်ပေါ်မှာ ထိုင်းမင်းသားတစ်ယောက် ရော့ခ်ဂီတသီချင်းကို အားရပါးရဖျော်ဖြေနေပြီး
စင်အောက်က ပရိသတ်ကတော့ ပျားအုံတစ်အုံ သို့မဟုတ် ပုရွက်ဆိပ်အုံတစ်အုံလို များပြားလှ
ပါတယ်။

ကျွန်တော်တောင်မှ သူတို့နဲ့အတူ တစ်သားလို့ခံစားမိပါတယ်။ ဒါဟာလည်း ထိုင်း ခရီးသွား
ဆွဲဆောင်မှုတစ်ခုပဲလားလို့ တွေးမိပါသေးတယ်။

ပူပြင်းလှတဲ့ နေရောင်အောက်မှာ ထိုင်းပြည်သူတွေ တစ်သားတည်းရှိနေတယ်။ လမ်းပေါ်မှာ အိပ်၊
လမ်းပေါ်မှာ စားပြီး ထိုင်းနိုင်ငံကြီး ပြောင်းလဲ ဖို့ သူတို့ရဲ့ဆန္ဒတွေကို ဖော်ထုတ်နေပါတယ်။

ဧည့်လမ်းညွှန်က သူတို့နိုင်ငံမှာ ပြည်သူတွေ ဒီလောက်ထိ တစ်ခါမှ မစည်းလုံးဖူးတဲ့ အကြောင်း၊
ဒီဆန္ဒပြမှုတွေဟာ ထိုင်းပြည်သူ တွေကို ပိုမိုစည်းလုံး စေတဲ့အကြောင်း ပြောပါတယ်။

ဒါ့ပြင် ဆန္ဒပြသူတွေထဲမှာ အထက်တန်းလွှာကသူတွေတောင်ပါ၀င်ပြီး သူတို့အသားအရေကို
ကြည့်ရင် သိနိုင်ကြောင်း၊ ထိုင်းနိုင်ငံ အတွက် သူတို့အိမ်တွေကနေထွက်လာပြီး လမ်းပေါ်မှာ
ဆန္ဒပြနေကြောင်း ဂုဏ်ယူစွာ ပြောပါတယ်။

ထိုင်းဆန္ဒပြတဲ့သူတွေနဲ့အတူ စီးမျောနေပေမယ့် ထိုင်းခရီးသွားဌာနက ကျွေးမွေးမယ့် ညစာ
အတွက် ဟိုတယ်ကို အမြန်ပြန်ရပါတယ်။

ညနေ ၅ နာရီကျော်လောက်မှာ ကျောက်ဖုရား မြစ်ဘေးက စားသောက်ဆိုင်မှာ ညစာ
ကျွေးပါတယ်။

မြစ်ပြင်ကို ဖြတ်လာတဲ့လေဟာ လတ်ဆတ်နေပြီး မြစ်ထဲမှာ မီးရောင်ထိန်ထိန် နဲ့ပြေးလွှားနေတဲ့
သင်္ဘောတွေဟာ ကျွန်တော်တို့ ညစားစားပွဲထဲက ဟင်းအမည်တစ်မျိုးလိုပါပဲ။

ညစာစားအပြီးမှာ ထိုင်းတွေတန်ဖိုးထားတဲ့ မွေထိုင်းလက်ဝှေ့ လိုက်ဖ်ရှိုး ပြပါတယ်။

မွေထိုင်းလက်ဝှေ့ပွဲလိုက်ပို့ မယ်လို့ထင်ထားပေမယ့် မမျှော်လင့်ဘဲ ကြည့်လိုက်ရတဲ့ မွေထိုင်း
လိုက်ဖ်ရှိုးဟာ အရသာ စုံလှပါတယ်။

မွေထိုင်း လက်ဝှေ့နဲ့ပတ်သက်တဲ့ ခေတ်ဟောင်း၊ ခေတ် သစ်ဇာတ်လမ်းတိုလေးတွေဟာ
ကျွန်တော်တို့ ကိုပါ လိုက်ပါစီးမျောစေပါတယ်။

ဇာတ်လမ်း တစ်ခုထဲမှာ ကောင်မလေးက သူ့ရဲ့ကောင်လေး ကို မွေထိုင်းလက်ဝှေ့က
ဘယ်လိုလဲလို့မေးတော့ ကောင်လေးက မွေထိုင်း လက်ဝှေ့ဟာ မင်းလိုပဲ လှပတယ်၊
အနုပညာဆန်တယ်လို့ ပြန်ဖြေတယ်။

ပြပွဲအပြီးမှာ လာရောက်ကြည့်ရှုတဲ့နိုင်ငံ ခြားသားတွေဟာ ကျေကျေနပ်နပ်နဲ့ လက်ခုပ်တီး
ကြတာကို တွေ့ရပါတယ်။

ဒီလိုတွေ့ရတော့ ထိုင်းနိုင်ငံရဲ့ နိုင်ငံခြားခရီးသွား ဆွဲဆောင်မှုကို မချီးကျူးဘဲ မနေနိုင်ဘူး။
တကယ်တော့ ထိုင်းနိုင်ငံဟာ ရှေးဟောင်း အဆောက်အအုံမှာရော သဘဝအခြေခံ ခရီးသွားစရာ
နေရာတွေမှာရော ကျွန်တော်တို့လောက် မရှိပါဘူး။

ဒါပေမဲ့သူတို့ရဲ့ ၀န်ဆောင်မှု အနုပညာကိုတော့ ကျွန်တော်တို့ ဘယ်လိုမှ မယှဉ်နိုင်ပါဘူး။

ထိုင်းမှာရှိနေခဲ့တဲ့ သုံးရက်တာအတွင်းမှာ ထိုင်းခရီးသွားဌာနက ပတ္တရားကမ်းခြေ၊ ဆင်တိုင်းပြည်၊
အချစ်မြို့တော်၊ အနုပညာဘုံ၊ ၀ပ်ကလျာနာမစ် ဘုရား၊ ၀ပ်ပရာယွန်းဝမ်ဆာဝပ် ဘုရားတွေကို
လိုက်ပို့ပေးပါတယ်။

ဒါ့ပြင် နေ့လယ်စာနဲ့ ညစာတွေမှာ အသွင်အပြင်ဆန်း ကြယ်တဲ့စားသောက်ဆိုင်တွေမှာ ကျွေးမွေး
ပါတယ်။ အစားအသောက်တွေ ကောင်းတယ်ဆိုတာ သိပေမယ့် မြန်မာ လူမျိုးတစ်ယောက်
အတွက်တော့ အစားအသောက်တွေက တစိမ်း ဆန်လွန်းပါတယ်။

မြန်မာနိုင်ငံကို ပြန်မယ့်နေ့မှာ ကျွန်တော်တို့ ကိုဘာကြောင့် ဒီလိုလိုက်ပို့ပြီး ဘာကြောင့် ဒီလို
ကျွေးမွေးတာလဲလို့ မေးတော့သူတို့ဆီမှာ ဆန္ဒပြပွဲတွေ ပြင်းထန်းနေပေမယ့် နိုင်ငံခြားသား
ခရီးသည်တွေ လာရောက်ဆဲ ဖြစ်တယ်ဆိုတာနဲ့ ဘေးကင်းကင်းနဲ့ လာရောက်လည်ပတ်နေတယ်
ဆိုတာ ပြချင်လို့ပါလို့ ဖြေပါတယ်။

ဒီလို ဆိုပြန်တော့ ကျွန်တော်တို့ဆီမှာ ၂၀၀၇ ခုနှစ်အတွင်းက ရွှေဝါရောင်တော်လှန်ရေးကြောင့်
နိုင်ငံခြားသားခရီးသည်တွေ မဝင်တဲ့အတွက် ခရီးသွားလုပ်ငန်းနဲ့ဆက်စပ်တဲ့ လုပ်ငန်းအားလုံး
ထိခိုက်ကုန်တာကို ပြန်ပြီး မှတ်မိနေပါသေးတယ်။

ထိုင်းနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းအပေါ် အလေးထားပုံကို မချီးကျူးဘဲ မနေနိုင်ပါဘူး။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ ထိုင်းအစိုးရ ဆန့်ကျင်ရေးခေါင်းဆောင်ဆူသက်သောင်ဆူဘန်က
ဘန်ကောက်မြို့တော် ပိတ်ဆို့ရေးလှုပ်ရှားမှုကို အဆုံးသတ်လိုက်ပြီလို့ ကြေညာခဲ့ပါတယ်။

အခုတစ်ခါ ထိုင်းအစိုးရကနေ အရေးပေါ် အခြေအနေပြဋ္ဌာန်းထားတာကို ရုပ်သိမ်းလိုက်တယ်လို့
ကြေညာပြန်ပါတယ်။

ဒါပေမဲ့ အရေးပေါ်အခြေအနေ ပြဋ္ဌာန်းထားခြင်းအစား အခြားအထူးဥပဒေတစ်ရပ်ဖြစ်တဲ့
ပြည်တွင်းလုံခြံုရေး အက်ဥပဒေကို မတ်လ ၁၉ ရက်နေ့ကနေ ဧပြီလ ၃၀ ရက်နေ့အထိ
အစားထိုးသွားမှာ ဖြစ်တဲ့အတွက်ဘန်ကောက်မြို့ကြီးဟာ နိုင်ငံရေးမုန်တိုင်းအောက်မှာ ရှိနေဆဲ
ဖြစ်ပါလိမ့်မယ်။

ဘာပဲဖြစ်ဖြစ် နိုင်ငံခြားသား ခရီးသည်တွေကတော့ ဘန်ကောက်မြို့ကြီးဆီကို အနည်းနဲ့အများ
၀င်ရောက်နေဦးမယ်ဆိုတာတော့ အသေအချာပါပဲ။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021