ဧပြီလ၂၉ ရက်နေ့မှာတော့ ကေအိုင်အို ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ဟာ အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ တွေ့ဆုံဆွေးနွေးလိုကြောင်း အကြောင်းကြားစာ ပေးပို့ခဲ့ပါပြီ။
ဧပြီလ၂၉ ရက်နေ့မှာတော့ ကေအိုင်အို ကချင် ပြည်လွတ်လပ်ရေးအဖွဲ့ဟာ အစိုးရ ပြည်ထောင်စု
ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ တွေ့ဆုံဆွေးနွေးလိုကြောင်း အကြောင်းကြားစာ
ပေးပို့ခဲ့ပါပြီ။
စာထဲမှာ ကေအိုင်အို နဲ့ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ အဖွဲ့တို့
၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့က နောက်ဆုံး တွေ့ဆုံခဲ့ကြတယ်။
အဲဒီနောက်ပိုင်း ဖြစ်ပျက် ဖြစ်ပွားခဲ့တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး နှစ်ဖက် တွေ့ဆုံကာ သဘောထား
အမြင်ခြင်း ဖလှယ်တာ၊ ညှိနှိုင်းဖြေရှင်း ဆောင်ရွက်တာတွေ လုပ်ခြင်းအားဖြင့် တစ်နိုင်ငံလုံး
အတိုင်းအတာနဲ့ လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ပိုအဆင် ပြေစေနိုင်မယ်လို့
ကေအိုင်အို ဗဟိုက ယုံကြည်တယ်လို့ ဆိုပါတယ်။
ဆွေးနွေးပွဲကို လာမယ့် မေလ ၁၀ ရက်လောက် မြစ်ကြီးနားမှာ လုပ်ချင်တယ်လို့ ဖော်ပြထားပြီး
ဖိတ်ကြားချင်သူတွေ စာရင်းကိုလည်း အဆိုပြုထားပါတယ်။
အားလုံးသိကြတဲ့အတိုင်း ပြီးခဲ့တဲ့ ဧပြီလဆန်း က ရန်ကုန်မှာ အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်မှု
လုပ်ငန်းကော်မတီနဲ့ တိုင်းရင်းသား လက်နက်ကိုင် ၁၆ ဖွဲ့ ပူးပေါင်းထားတဲ့ တစ်နိုင်ငံလုံးဆိုင်ရာ
အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့ (NCCT) တို့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။
အဲဒီ ဆွေးနွေးပွဲလုပ်နေတဲ့ တစ်ချိန်တည်းမှာပဲ ကချင်ပြည်နယ်မှာ အစိုးရ တပ်ဒုတပ်ရင်းမှူး
တစ်ယောက် ကေအိုင်အေတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် ကျဆုံးပါတယ်။
ဒီပြဿနာအပေါ် အခြေခံပြီး အစိုးရတပ် နယ်မြေရှင်းလင်းရေး လုပ်ပါတယ်။
တိုက်ပွဲတွေဖြစ်ပြီး ကေအိုင်အေ က အစိုးရတပ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်လို့ ထိခိုက်သေကျေ
ဆုံးရှုံးမှုတွေ ဖြစ်ပါတယ်။
အစိုးရတပ် နယ်မြေရှင်းလင်းရေး ဆက်လုပ်ပါတယ်။
နောက်ဆုံး နိဂုံးချုပ်တော့ အစိုးရတပ်ဟာ အရင် စစ်ပွဲစဖြစ်ခါစ ၂၀၁၁ ခုနှစ်က ဆုံးရှုံးထားခဲ့တဲ့
ဗန်းမော် - မိုးမောက် - လွယ်ဂျယ် ကားလမ်းနဲ့ ဗန်းမော် - မံစီ ဈမန်ဝိန်းကြီး ကားလမ်း အပါအဝင်
တရုတ်နယ်စပ်ဂိတ်ကို ပြန်စိုးမိုးသွား နိုင်ပါတယ်။
ဒီလိုတိုက်ပွဲတွေ၊ ပြဿနာတွေဖြစ်နေစဉ်မှာပဲ ကေအိုင်အေ ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်နဲ့အဖွဲ့
အမေရိကန် ခရီးစဉ်သွားပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဖိတ်ကြားချက်၊ မြန်မာအစိုးရရဲ့ ခွင့်ပြု စီစဉ်ပေးမှုတွေအရပါ။
အမေရိကားရောက် ဗိုလ်ချုပ်ဂွမ်မော် တစ်ယောက် အမေရိကန်တာဝန်ရှိသူတွေ အပါအဝင်
တွေ့သင့်တဲ့ သူတွေနဲ့ တွေ့ပါတယ်။ အမေရိကားရောက် ကချင်တွေနဲ့လည်း တွေ့ပါတယ်။
သတင်းဌာနတွေနဲ့လည်း တွေ့ပါတယ်။
ဒီလိုတွေ့ဆုံရာမှာ လက်ရှိ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်ရပ်စဲရေး ပြဿနာ၊ ငြိမ်းချမ်းရေး
တည်ဆောက်ရေး ပြဿနာနဲ့ ပတ်သက်ပြီး ကေအိုင်အိုရဲ့ သဘောထားတွေကို ထုတ်ဖော်
ပြောဆိုခဲ့ပါတယ်။
သူပြောခဲ့တာ နှစ်ချက်ရှိပါတယ်။ တစ်ချက်ကတော့ မြန်မာနိုင်ငံက ငြိမ်းချမ်းရေး ဖြစ်စဉ်ကို
အမေရိကန်နိုင်ငံက ကူညီဖို့နဲ့ ပြည်တွင်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ် (အင်န်အယ်လ်ဒီ) အပါအဝင် အတိုက်အခံ ဗမာနိုင်ငံရေးပါတီတွေကို လုံးဝ မစဉ်းစားဘူး
ဆိုတာပါ။
ဒါဟာ ဖြစ်သင့် ဖြစ်ထိုက်ပါသလားဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။
အားလုံးသိကြတဲ့အတိုင်း အစိုးရတပ်နဲ့ ကေအိုင်အေ တိုက်ပွဲတွေ ပြန်ဖြစ်လာတဲ့အခါ ငြိမ်းချမ်းရေး
နိုဘယ်ဆုရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဟာ ပဋိပက္ခတွေ
ပြေငြိမ်းဖို့၊ ငြိမ်းချမ်းရေးရဖို့ သူတတ်နိုင်တဲဘက်က ပါ၀င်ပါ့မယ်လို့ ထုတ်ပြန် ကြေညာပါတယ်။
ဒါပေမဲ့ ငြိမ်းချမ်းရေး တည်ဆောက်ရေးမှာ ပါ၀င်ဖို့ဆိုတာဟာ နှစ်ဖက် အင်အားစုတွေက လိုလားမှ
ပါ၀င်လို့ ရနိုင်မယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။
ဒါပေမဲ့ စစ်ရေးအရ တင်းမာမှုတွေ ပြန်ဖြစ်လာတဲ့ ဒီကနေ့အချိန်အထိ အစိုးရနဲ့ ကေအိုင်အို
ငြိမ်းချမ်းရေး တည်ဆောက်ရေးမှာ ဒေါ်စု ပါ၀င်နိုင်ခြင်း မရှိပါဘူး။
ဒေါ်အောင်ဆန်းစုကြည် ပါ၀င်ရေးနဲ့ ပတ်သက်ပြီး အစိုးရနဲ့ ကေအိုင်အို နှစ်ဖက် သဘောထား
ထုတ်ပြန်တာမျိုးလည်း မရှိတဲ့အတွက် ပြည်သူတွေကလည်း ရှင်းရှင်းလင်းလင်း မသိခဲ့ရပါဘူး။
အစိုးရနဲ့ ကေအိုင်အိုနှစ်ဖက်မှတ်တမ်းတွေ အရ တွေ့ဆုံဆွေးနွေးမှုအစပိုင်းမှာ ကေအိုင်အို ဘက်က
လေ့လာသူ Observer အဖြစ် တရုတ် ကိုယ်စားလှယ်၊ ကုလသမဂ္ဂ ကိုယ်စားလှယ်၊ အမေရိကန်၊
ဗြိတိန်နဲ့ ဥရောပသမဂ္ဂနိုင်ငံတွေ က ကိုယ်စားလှယ်တွေ ပါ၀င်ဖို့ အဆိုပြုခဲ့ပါတယ်။
ဒါကို တရုတ်ဘက်က လက်မခံဘူးလို့ သတင်းတွေ ထွက်ပေါ်ပါတယ်။
နောက်ဆုံး အစိုးရဘက်က တရားဝင်ဖိတ်ကြားခြင်း မရှိလို့ ဆွေးနွေးပွဲတွေမှာ အမေရိကန်၊
ဗြိတိန်နဲ့ ဥရောပ သမဂ္ဂ နိုင်ငံတွေက ကိုယ်စားလှယ်တွေ ပါ၀င်နိုင်ခြင်း မရှိခဲ့ပါဘူး။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာက မြစ်ကြီးနားမှာ အစိုးရနဲ့ ကေအိုင်အို ဆွေးနွေးပွဲတွေ လုပ်မယ်ဆိုတဲ့
အချိန်တုန်းကတော့ အစိုးရ ငြိမ်းချမ်းရေး စင်တာဘက်က ဒေါ်အောင်ဆန်းစုကြည် ကို လေ့လာသူ
အဖြစ် တက်ရောက်ခွင့်ပြုဖို့ ကေအိုင်အိုဘက်ကို ညှိနှိုင်းခဲ့ပါတယ်။
ဒါပေမဲ့ ကေအိုင်အိုဘက်က လက်မခံတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားခြင်း
မပြုနိုင်ခဲ့ဘူး ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ ပြန်ပါတယ်။
အခုတော့ ဒီကိစ္စတွေနဲ့ ဗိုလ်ချုပ်ဂွန်မော် အမေရိကား ရောက်စဉ်က ထုတ်ဖော်ပြောဆိုခဲ့တဲ့အတွက်
ရှင်းရှင်းလင်းလင်း သိခဲ့ကြရပါပြီ။
ခရီးစဉ်မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ တွေ့ဆုံစဉ် ဗိုလ်ချုပ်ဂွမ်မော်က
အမေရိကန် နိုင်ငံအနေနဲ့ ကေအိုင်အို နဲ့ အစိုးရအကြား စစ်ပွဲဖြစ်ပွားနေတဲ့ ကိစ္စ၊ လက်ရှိ တွေ့ဆုံ
ဆွေးနွေးနေတဲ့ ကိစ္စတွေမှာ ပါ၀င် အကူအညီပေးဖို့ တောင်းဆိုတာ လုပ်ခဲ့ပါတယ်။
ဒါနဲ့ ခြားနားစွာပဲ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ဒေါ်အောင်ဆန်းစုကြည် ပါ၀င်ဖို့ကိုတော့
လက်မခံဘူးဆိုတဲ့ သဘော ပြောဆိုခဲ့ပါတယ်။
ဗီအိုအေသတင်းဌာနနဲ့ တွေ့ဆုံချိန် ဗိုလ်ချုပ်ဂွမ်မော် ပြောတာက "ကေအိုင်အိုဘက်ကတော့
ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ဖို့ မဖိတ်ဖို့ ဆိုတာထက် အပစ်အခတ်ရပ်စဲရေးတွေ လုပ်ပြီးတဲ့
နောက်ပိုင်းမှာ နိုင်ငံရေးဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်၊ ခွန်ထွန်းဦးတို့လို ပုဂ္ဂိုလ်မျိုးတွေ
ပါဖို့အတွက် စီမံချက်တွေ ရှိပါတယ်။ ဒီလိုအချိန်မှာ ပါ၀င်သင့်တယ်လို့လည်း ကေအိုင်အိုက
ခံယူပါတယ်" ဆိုပြီးဖြစ်ပါတယ်။
ပြောရရင် လက်ရှိအစိုးရနဲ့ ကေအိုင်အို အကြားက ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ကေအိုင်အို အနေနဲ့
ဒေါ်အောင်ဆန်းစုကြည် ပါ၀င်ဖို့ မလိုဘူးဆိုတဲ့ သဘောထားကို အတည်ပြုပေးလိုက်တာပါ။
ဗွီအိုအေ အင်တာဗျူးမှာ ဦးကျော်ဇံသာက အခုလို မေးပါတယ်။
"ဒေါ်အောင်ဆန်းစုကြည် လန်ဒန်ရောက်တုန်းက LSE (London School of Economic) မှာ
ကချင်ကျောင်းသားတချို့ထပြီး ဆွေးနွေးတာကြားပါတယ်။ အဲဒီတုန်းက ကချင်ပြည်နယ်မှာ
စစ်ပြေးဒုက္ခသည်တွေ ဒုက္ခရောက်နေတဲ့ကိစ္စနဲ့ ပတ်သက်လို့ တစ်ခွန်းမှ မပြောပါလား" လို့
ပြောပါတယ်။ အဲဒီလိုအမြင်မျိုး ကချင်ပြည်နယ်က လူတွေမှာ တကယ်ပဲ ရှိကြပါသလား။" ဒါကို
ဗိုလ်ချုပ်ဂွမ်မော် ပြန်ဖြေတာက
"ကချင် လူထုထဲမှာ ရှိနိုင်ပါတယ်။ ကေအိုင်အိုထဲမှာတော့ မရှိဘူး။ မရှိဘူးဆိုတာ ကေအိုင်အို
အနေနဲ့ကတော့ အင်န်အယ်လ်ဒီ ကသော်လည်းကောင်း၊ တခြားသော ပါတီများကသော်
လည်းကောင်း ကချင်များအရေးကို ပြောတယ် မပြောဘူးဆိုတာ ကျွန်တော်တို့က တစ်ခါမှ
ထည့်မစဉ်းစားမိဘူး" လို့ ဆိုပါတယ်။
အဓိပ္ပာယ်ကတော့ ကေအိုင်အို အနေနဲ့ ကချင်အရေးကို ကိုယ့်ဘာသာကိုယ်ပဲ ဖြေရှင်းမယ်။
အတိုက်အခံ ဖြစ်စေ၊ တခြားသော ဗမာ နိုင်ငံရေးပါတီတွေဖြစ်စေ၊ ဘယ်လိုသဘောထားရှိတယ်၊
ဘာဘာညာညာ ထည့်သွင်းစဉ်းစားတာမျိုး မလုပ်ဘူး ဆိုတာပါပဲ။
ခရီးစဉ်အတွင်း ဗိုလ်ချုပ်ဂွမ်မော်ပြောဆိုခဲ့တာ အားလုံးကို ခြံုငုံသုံးသပ်ကြည့်ရင် အစိုးရ နဲ့
ကေအိုင်အို ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခကို ကေအိုင်အိုဘက်က နိုင်ငံတကာ ပြဿနာ
အဖြစ် ပုံဖော်လိုတာ တွေ့မြင်နိုင်ပါတယ်။
ဒီပြဿနာမှာ အမေရိကန်၊ ဗြိတိန်နဲ့ ဥရောပ နိုင်ငံတွေ ထဲထဲဝင်ဝင် ပါ၀င်လာခြင်းအားဖြင့်
အိမ်နီးချင်း တရုတ်နိုင်ငံနဲ့ မလိုလားအပ်တဲ့ ပြဿနာတွေကို ဖိတ်ခေါ်ရာ ရောက်စေမယ်ဆိုတာ
ကိုလည်း သတိမမူမိတဲ့သဘော တွေ့မြင်ရပါတယ်။
တကယ်တော့ မြန်မာနိုင်ငံကို စစ်တပ်ဘက်က လွှမ်းမိုးအုပ်ချုပ်လာတာ ရာစုနှစ် တစ်ဝက်ကျော်
ရှိနေပါပြီ။
စစ်အာဏာရှင်တွေရဲ့ မတရား ဖိနှိပ်အုပ်ချုပ်မှုဒဏ်ကို တိုင်းရင်းသားတွေသာမက ဗမာတွေရော၊
မြို့ပေါ်နေ ပြည်သူတွေပါ ခံစားကြရပါတယ်။
ဒီအတွက် တိုင်းရင်းသားတွေက လက်နက်စွဲကိုင် ပုန်ကန်ကြသလို ဒေါ်အောင်ဆန်းစုကြည်၊
အင်န်အယ်လ်ဒီနဲ့ ဗမာအများစုဖြစ်တဲ့ အတိုက်အခံတွေကလည်း ထောင်ကျခံ၊ နှိပ်စက်ခံပြီး
တွန်းလှန်ဖို့၊ အပြောင်းအလဲဖြစ်ဖို့ ကြိုးစားနေကြပါတယ်။
အခုဆိုရင် အရင်လို စစ်အာဏာရှင်စနစ် မကျင့်သုံးတော့တဲ့တိုင် စစ်ဗိုလ်ချုပ်တွေက အရပ်ဝတ်
၀တ်ပြီး ဆက်အုပ်ချုပ်နိုင်မယ့် စစ်ဘုရင်မင်းဆက် တည်ထောင်ဖို့ ကြိုးစားနေတာကိုလည်း
ရင်ဆိုင်နေရပါတယ်။
ဒါကို ကချင်တစ်ဖွဲ့တည်း တွန်းလှန်လို့ မအောင်မြင် နိုင်ပါဘူး။ တိုင်းရင်းသားလက်နက်ကိုင်တွေ
အားလုံးစုပေါင်းပြီး တွန်းလှန်တာတောင် အောင်မြင်မှုမရပါဘူး။
ဒါကို ရာစုနှစ် တစ်ဝက်ကျော် ကြာလာပြီဖြစ်တဲ့ မြန်မာ့သမိုင်းက သက်သေခံခဲ့ပြီးဖြစ်ပါတယ်။
တိုင်းရင်းသားတွေ အပါအဝင် နိုင်ငံသားအားလုံး လိုလားတဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီ
ထွန်းကားတဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ပေါက်လာရေးအတွက်ဆိုရင် တိုင်းရင်းသားတွေရော၊
ဗမာနိုင်ငံရေး ပါတီတွေနဲ့ပါ ပူးပေါင်းဆောင်ရွက်ကြဖို့ လိုပါတယ်။
စစ်အာဏာရှင်တွေကို နှစ်ပေါင်း ၂၀ ကျော် တိုက်ပွဲဝင်လာတဲ့၊ လက်ရှိလည်း အကြီးဆုံး
ဗမာအတိုက်အခံ ခေါင်းဆောင်ဖြစ်တဲ့ ငြိမ်းချမ်းရေး နိုဘယ်ဆုရင် ဒေါ်အောင်ဆန်းစုကြည် နဲ့
လက်တွဲကြဖို့လည်း လိုပါတယ်။
ဒီအတွက် ကေအိုင်အိုအဖွဲ့ရဲ့ နိုင်ငံရေး ရှုမြင်ချက်ကို ပြန်သုံးသပ်ဖို့ သင့်ပါကြောင်း။

















