ဥပဒေပြဿနာတွေ ဆွေးနွေးဖက် တပည့် ရှေ့နေရောက်လာပြီး ပြောပြန်တယ်။ "အရင်တစ်ခေါက်လာတုန်းက ဆရာပြောခဲ့တာ ရှိပါတယ်။ ငါ့မှာ ရေးစရာအကြောင်းအရာတွေရှိပေမယ့် 'ငုပ်'နေတတ်တယ်။ မင်းက အစဖော်ပေးလို့သာ ဆောင်းပါးကလေးတွေ ဖြစ်လာတာလို့"
ဥပဒေပြဿနာတွေ ဆွေးနွေးဖက် တပည့် ရှေ့နေရောက်လာပြီး ပြောပြန်တယ်။
"အရင်တစ်ခေါက်လာတုန်းက ဆရာပြောခဲ့တာ ရှိပါတယ်။ ငါ့မှာ ရေးစရာအကြောင်းအရာတွေ
ရှိပေမယ့် 'ငုပ်'နေတတ်တယ်။ မင်းက အစဖော်ပေးလို့သာ ဆောင်းပါးကလေးတွေ ဖြစ်လာတာလို့"
"အဲဒါ အမှန်ပဲလေ"
"ဒီတော့ အဲဒီလို 'ငုပ်' နေတာလား၊ ဆရာ တမင်လက်ရှောင်နေတာလားတော့ မသိဘူးပေါ့ ဆရာ။
ဆရာ မရေးဖြစ်သေးတဲ့ အကြောင်းအရာ တစ်ရပ်ရှိသေးတယ် ဆရာ။ အဲဒီဘာသာရပ်နဲ့
ပတ်သက်လို့ သူများတကာတွေက သူတို့ အမြင်တွေကို အတော်ရေးကြ၊ ပြောကြပေမယ့်
ဆရာရေးတာတော့ မတွေ့ရသေးလို့ပါ ဆရာ"
"ဘာအကြောင်းများပါလိမ့်"
"IP Law အကြောင်းပါ ဆရာ"
"အေးကွာ။ အဲဒီဘာသာရပ်နဲ့ ပတ်သက်လို့ မရေးဖြစ်တဲ့ အကြောင်းကို နောက်မှ ပြောကြတာပေါ့။
မင်းတို့ ငါတို့ ဥပဒေသမားတွေကတော့ ဒီဘာသာရပ်အကြောင်း ပြောရင် 'ဗိုလ်' လို ပြောလေ့ရှိကြ
တာက "နှုတ်ကျိုး"နေကြတာရယ်၊ ဒီဘာသာရပ်အတွက် တညီတညွတ်တည်း လက်ခံထားကြတဲ့
မြန်မာဘာသာဝေါဟာရကလည်း အတည်တကျ မရှိသေးတာရယ်ကြောင့် ဖြစ်မယ်။ ဒီတော့
ဒီနေရာမှာ ဥပဒေသမား မဟုတ်တဲ့ စာဖတ်သူတွေလည်း သိရအောင် အဲဒီဥပဒေဝေါဟာရရဲ့
အဓိပ္ပာယ်ကို ရှင်းပြဖို့ လိုမယ်ထင်တယ်"
"ဟုတ်ပါတယ် ဆရာ။ IP Law ဆိုတာက အင်္ဂလိပ်ဘာသာနဲ့ "Intellectual property law" ကို
ပြောတာပါ ဆရာ။ "Intellectual property" ကို မြန်မာလိုသုံးစွဲကြရာမှာတော့ ဆရာပြောသလိုပဲ
ကွဲပြားခြားနားမှုရှိတာကို တွေ့ရပါတယ် ဆရာ။ 'အသိဉာဏ်ပစ္စည်း' လို့ ဘာသာပြန်တာ ရှိသလို
'ဉာဏပစ္စည်း' ဆိုပြီး ဘာသာပြန်ကြတာကိုလည်း တွေ့ရပါတယ် ဆရာ"
"ဟုတ်တယ်။ အဲဒီ 'အသိဉာဏ်ပစ္စည်း'ဆိုတာက ရှေ့နေချုပ်ရုံးမှာ ညွှန်ချုပ်အဖြစ် ငါ တာဝန်ယူ
နေတုန်းက ဒို့ရုံးက စတင်သုံးစွဲလိုက်တဲ့ ဘာသာပြန်ဝေါဟာရပဲကွ။ နောက်မှ သိရတာက အဲဒီ
အင်္ဂလိပ်ဥပဒေဝေါဟာရကို 'ဉာဏ ပစ္စည်း' ဆိုပြီး အတော်စောစောကပဲ ဘာသာပြန် သုံးစွဲခဲ့တာ
ရှိတယ်ဆိုတာပဲ။ နောက်လွန်ခဲ့တဲ့ ၁၅ နှစ်လောက်တုန်းက စာပေအနုပညာဆိုင်ရာ မူပိုင်ခွင့်
(Copyright) နဲ့ ပတ်သက်ပြီး အဲဒီတုန်းက 'စာပေဗိမာန်' မှာ ပြုလုပ်လေ့ရှိတဲ့ 'သုတဘဏ်'
စာတမ်းဖတ်ပွဲမှာ 'မူပိုင်ခွင့် ပြဿနာများနှင့် ဥပဒေအမြင်' ဆိုတဲ့ ခေါင်းစဉ်နဲ့ စာတမ်းငယ်တစ်စောင်
ငါဖတ်ခဲ့ဖူးသေးတယ်။ အဲဒီစာတမ်းမှာ "Intellectual property" ကို ငါတို့ အရင်က သုံးခဲ့တဲ့
'အသိဉာဏ်ပစ္စည်း' အစား 'စိတ်ကူးဉာဏ်ပစ္စည်း' လို့ ဘာသာပြန်ဆိုချင်ကြောင်း ပြောခဲ့ဖူးသေး
တယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီအင်္ဂလိပ်ဥပဒေဝေါဟာရမှာ အကျုံးဝင်တဲ့ အရာတွေအားလုံးကို
လူတွေရဲ့ စိတ်ကူးမှု၊ ကြံစည်မှုနဲ့ ပြုလုပ်ရတာ၊ တီထွင်ရတာကြောင့်ပဲ။ အဲဒီလို ဘာသာပြန်
ဝေါဟာရ ကွဲပြားနေတဲ့ ပြဿနာကတော့ သက်ဆိုင်တဲ့ ဥပဒေအသစ်ပြဋ္ဌာန်းပြီးရင် အလိုလို
ပြေလည် သွားပါလိမ့်မယ်။ ဥပဒေပြဋ္ဌာန်းချက်အတိုင်း လိုက်နာသုံးစွဲကြရတော့မှာကိုး"
"ဟုတ်ပါပြီ ဆရာ။ အခုကျွန်တော်တို့ ဆွေးနွေးတာတွေက ဆရာ့ဆောင်းပါး ဖြစ်သွားမှာဆိုတော့
"Intellectual property" ဆိုတာ ဘယ်လို ပစ္စည်းတွေလဲဆိုတာကို ဥပဒေသမားမဟုတ်တဲ့
စာဖတ်သူတွေအတွက် ရှင်းပြပါဦးဆရာ"
" "Intellectual property" ဆိုတာက ပစ္စည်း ဆိုပေမယ်လို့ ကိုယ်ကာယအစိတ်အပိုင်း တစ်ခုခုနဲ့
ထိတွေ့လို့ရတဲ့ ပစ္စည်းမျိုး မဟုတ်ဘူး။ လူတို့ရဲ့ စိတ်ကူးဉာဏ်နဲ့ ဖန်တီးမှုတွေကို ခေါ်တာ၊
ထိတွေ့လို့ ရနိုင်တဲ့ အကောင်အထည် မရှိဘူးပေါ့။ အင်္ဂလိပ်ဘာသာမှာတော့ "intangible
property" လို့ ခေါ်တယ် မဟုတ်လား"
"ဟုတ်ပါတယ် ဆရာ"
" "Intellectual property" မှာ အကျုံးဝင်တဲ့ ပစ္စည်းတွေကို အုပ်စုအားဖြင့် နှစ်ခုခွဲခြားပြီး
ပြောလေ့ရှိကြတယ်။ ပထမအုပ်စုက စာပေနဲ့ အနုပညာဆိုင်ရာ ဖန်တီးမှုတွေဖြစ်ပြီး စာပေ၊ ပန်းချီ၊
ပန်းပု၊ ဗိသုကာနဲ့ လက်မှုအတတ်ပညာ၊ ဇာတ်သဘင်နဲ့ ဂီတဆိုင်ရာ ဖန်တီးမှုတွေ၊ အသံလွှင့်
လုပ်ငန်းတွေ ပါ၀င်တယ်။ အဲဒါတွေ အားလုံး Copyright မှာ အကျံုးဝင်တယ်။ ဒါပေမဲ့ ပြင်သစ်
ဦးဆောင်တဲ့ ဥရောပနိုင်ငံ တွေကတော့ ဖျော်ဖြေသူအနုပညာရှင်တွေရဲ့ အခွင့်အရေး၊ အသံသွင်း
ပစ္စည်းထုတ်လုပ်သူတွေရဲ့ အခွင့်အရေးနဲ့ အရုပ်/အသံထုတ်လွှင့်တဲ့ အဖွဲ့အစည်းတွေရဲ့ အခွင့်အရေး
တွေကို 'မူပိုင်ခွင့်' နဲ့ နီးစပ်တဲ့ 'အခွင့်အရေး' (Neighboring rights or related rights) လို့
ခေါ်ကြတယ်။ တစ်နည်းအားဖြင့်ဆိုရင်တော့ မူပိုင်ခွင့်နဲ့ အလားတူတဲ့ အခွင့်အရေးတွေလို့ ဆိုလို
တာပေါ့။ အခုပြောခဲ့တဲ့ ဖန်တီးမှုတွေ အားလုံးနဲ့ ပတ်သက်လို့ သိရှိထားရမယ့် အရေးကြီးတဲ့
အချက်တစ်ချက်ရှိတယ်"
"ဟုတ်ကဲ့ ပြောပါဦး ဆရာ"
"အခုပြောခဲ့တဲ့ စာပေ၊ အနုပညာစတဲ့ ဖန်တီးမှုတွေကို ရုပ်ဝတ္ထုပစ္စည်းတစ်မျိုးမျိုးအဖြစ် ပြောင်းလဲ
ထားပြီး ဖြစ်ရမယ်။ ဥပမာ - စာအုပ်၊ ပန်းချီကား၊ ပန်းပု၊ ရုပ်ရှင်၊ ဗီဒီယို၊ ဓာတ်ပြားလို အသံသွင်း
ပစ္စည်းအမျိုးမျိုး၊ ဂီတသင်္ကေတ၊ ရုပ်ပုံ ကားချပ်စတာတွေပေါ့။ စိတ်ကူးသက်သက်သာဆိုရင်
မူပိုင်ခွင့် အခွင့်အရေးမရနိုင်ဘူး၊ ဆိုလိုတာက မူပိုင်ခွင့် အခွင့်အရေးဆိုတာ စာအုပ်တွေ၊ ပန်းချီကား
တွေ၊ ပန်းပုရုပ်တွေ၊ အသံသွင်းပစ္စည်းတွေ၊ အသံလွှင့်တဲ့ ပစ္စည်းစတာတွေကို ပိုင်ဆိုင်ခွင့်
မဟုတ်ဘူး။ အဲဒီပစ္စည်းတွေထဲမှာ ရှိနေတဲ့ ဖန်တီးထားတဲ့ စာပေအနုပညာစတဲ့ 'လက်ရာ'
(Works) တွေကို ဥပဒေအရပိုင်ဆိုင်ခွင့်ရှိတာကို မူပိုင်ခွင့် (Copyright) လို့ ခေါ်တာ။ အဲဒီဖန်တီးမှု
တွေ ပါ၀င်တဲ့ ပစ္စည်းတွေကတော့ ကိုယ်ကာယ နဲ့ ထိတွေ့နိုင်တဲ့ ပစ္စည်း (Tangible Property)
တွေဆိုတော့ ရောင်းနိုင်တယ်။ ၀ယ်နိုင်တယ်။ အဲဒီပစ္စည်းတွေကို ၀ယ်တဲ့ သူက ပိုင်တာပေါ့။
ဒါပေမဲ့ အဲဒီပစ္စည်းထဲမှာပါတဲ့ အနုပညာဖန်တီးမှုတွေကိုတော့ ၀ယ်သူက မပိုင်ဘူး။ ဖန်တီးသူ
လက်ရာရှင် (Author) ကသာ ပိုင်တယ်။ ရှင်းရဲ့ လား"
"ဟုတ်ကဲ့၊ ရှင်းပါပြီ ဆရာ။ "Intellectual property" ဖြစ်တဲ့ ဒုတိယအုပ်စုဝင်ပစ္စည်းတွေကို
ပြောပါဦး ဆရာ"
"ဒုတိယအုပ်စုကတော့ သိပ္ပံနှင့် နည်းပညာ (Science and Technology) ဆိုင်ရာ ဖန်တီးမှုတွေ
ဖြစ်ပြီး တီထွင်မှုတွေ (Inventions)၊ စက်မှု လုပ်ငန်းဆိုင်ရာ ဒီဇိုင်းတွေ (Industrial Designs)၊
ကုန်အမှတ်တံဆိပ်တွေ (Trademarks) ပါ၀င်တယ်။ တီထွင်မှုပြုလုပ်သူတွေရဲ့ အခွင့်အရေးတွေ
အကာအကွယ်ပေးတာကို "Patent" (တီထွင်မှုကို ပိုင်ဆိုင်ခွင့်) လို့ ခေါ်တယ်။ ဒီ ဒုတိယအုပ်စုမှာ
ပါ၀င်တဲ့ အရာအားလုံးကို စုပေါင်းပြီး "Industrial Property" (စက်မှု လုပ်ငန်းဆိုင်ရာပစ္စည်း)
လို့လည်း ခေါ်ကြသေးတယ်။ အဲဒီလိုတီထွင်မှုတွေ၊ စက်မှုဒီဇိုင်းတွေ နဲ့ ကုန်အမှတ်တံဆိပ်တွေကို
ပိုင်ဆိုင်ခွင့်ရဖို့ အတွက် သက်ဆိုင်ရာ နိုင်ငံရဲ့ ဥပဒေနဲ့အညီ လျှောက်ထားရတယ်"
"ဟုတ်ကဲ့ပါ ဆရာ"
"Copyright မှာ အကျုံးဝင်တဲ့ စာပေနဲ့ တခြားအနုပညာစတဲ့ ဖန်တီးမှုတွေကတော့ အဲဒီလို
လျှောက်ထားဖို့ မလိုဘဲ 'လက်ရာ' (Works)ကို ဖန်တီးပြီးတာနဲ့ အလိုအလျောက် မူပိုင်
အခွင့်အရေး ရရှိပြီး ဖြစ်တယ်။ ဒါပေမဲ့ တချို့ နိုင်ငံရဲ့ ဥပဒေတွေအရ အဲဒီဖန်တီးမှုတွေကို မှတ်ပုံတင်
ရတာလည်း ရှိတယ်။ အဲဒီလိုမှတ်ပုံတင် ရတာကတော့ မူပိုင်ခွင့်ရရှိဖို့အတွက် အဓိက မဟုတ်ဘူး။
'လက်ရာ' ရဲ့ မူလပိုင်ရှင်ဖြစ်ကြောင်း သက်သေခံ အထောက်အထားဖြစ်စေဖို့က အဓိက ဖြစ်တယ်။
မူပိုင်ခွင့်ကို လွှဲပြောင်းရောင်းချခွင့်လည်း ရှိတယ်"
"ဟုတ်ကဲ့ပါ ဆရာ"
"အခုပြောခဲ့တာတွေက နိုင်ငံတကာက လက်ခံကျင့်သုံးနေတဲ့ ကွန်ဗင်းရှင်း (Conventions) တွေ
အရ ပြောတာ ဖြစ်တယ်။ Copyrightနဲ့ ပတ်သက်လို့ အဓိကအကျဆုံးနဲ့ ရှေးအကျဆုံး ကွန်ဗင်းရှင်း
ကတော့ "Berne Convention" လို့ လူသိများတဲ့ "the Berne Convention for the
Protection of Literary and Artistic Works" ဆိုတာပဲ။ ၁၈၈၆ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်
နေ့က ချုပ်ဆိုခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ စာချုပ်ပေါ့။ အဖွဲ့ဝင်နိုင်ငံ ပေါင်း ၁၂၅ နိုင်ငံလောက်ရှိတယ်။
နှစ်ပေါင်း ၁၃၀ လောက်အတွင်းမှာ ဒီကွန်ဗင်းရှင်းကို ငါးကြိမ် ပြင်ဆင်ခဲ့ပြီးပြီ။ နောက်ဆုံးပြင်ဆင်ခဲ့
တာက ၁၉၇၁ ခုနှစ်က ပါရီမြို့မှာ ဖြစ်တယ်။ ဒီနေရာမှာ ကွန်ဗင်းရှင်းပြင်ဆင်ခြင်းနဲ့ ပတ်သက်လို့
လူငယ်ဥပဒေသမားတွေကို အသိပေးလိုတဲ့ အချက်တစ်ချက်ရှိတယ်"
"ဟုတ်ကဲ့။ ပြောပါဆရာ"
"ကွန်ဗင်းရှင်းဆိုတာ နိုင်ငံအများပါ၀င်ချုပ်ဆိုထားတဲ့ ပဋိညာဉ်စာချုပ် (Contract) အမျိုးအစား
ဖြစ်တယ်။ "International Convention' ကို ပြင်ဆင်တာနဲ့ နိုင်ငံတစ်နိုင်ငံရဲ့ ပြဋ္ဌာန်း ဥပဒေ
(Legislation or Statute Law) ကို ပြင်ဆင်တာမှာ ပြင်ဆင်ပုံနည်းလမ်းနဲ့ အကျိုးသက်ရောက်ပုံ
တွေက မတူကြဘူး"
"ဟုတ်ကဲ့ပါ ဆရာ"
"ပြဋ္ဌာန်းဥပဒေကို ပြင်ဆင်တဲ့ကိစ္စမှာ သက်ဆိုင်ရာနိုင်ငံရဲ့ ဥပဒေပြုအဖွဲ့က ဆုံးဖြတ်ပြီး ပြင်ဆင်ချက်
ဥပဒေအဖြစ် ပြဋ္ဌာန်းလိုက်ရင် အဲဒီနိုင်ငံရဲ့ နယ်နိမိတ်အတွင်းမှာ အာဏာ တည်သွားတယ်။
ကွန်ဗင်းရှင်းကို ပြင်ဆင်ရာမှာတော့ ပဋိညာဉ်ဖြစ်တဲ့အတွက် ပဋိညာဉ်ပြုလုပ်သူ နိုင်ငံများရဲ့
သဘောတူညီချက်ရှိမှသာ ပြင်ဆင်ချက်ဟာ အာဏာသက်ဝင်မှာ ဖြစ်တယ်။ အပြည်ပြည်ဆိုင်ရာ
ကွန်ဗင်းရှင်းတွေ ချုပ်ဆိုဖို့အတွက် မူကြမ်းရေးဆွဲကြရာမှာ နိုင်ငံအများအပြား ပါ၀င်ပေမယ့်
ပြဋ္ဌာန်းချက် အားလုံးကို မိမိနိုင်ငံကသဘောမတူရင် အဲဒီကွန်ဗင်းရှင်းမှာ လက်မှတ်မထိုးဘဲ
နေနိုင်တယ်။ ဒါကြောင့် ကွန်ဗင်းရှင်းတိုင်းရဲ့ နောက်ဆုံးစာပိုဒ်မှာ နိုင်ငံ ဘယ်နှနိုင်ငံက (ဥပမာ -
ငါးနိုင်ငံက) သူ့နိုင်ငံရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနဲ့ အညီ ကွန်ဗင်းရှင်းမှာ လက်မှတ်ထိုးပြီးရင်
အဲဒီ ကွန်ဗင်းရှင်းအာဏာသက်ဝင်တယ်ဆိုတဲ့ ပြဋ္ဌာန်းချက် ပါလေ့ရှိတယ်။ အဲဒီလို ပထမဆုံး
လက်မှတ်ရေးထိုးတဲ့ နိုင်ငံတွေကို "Signatories" လို့ ခေါ်တယ်။ နောင်အခါမှ ကွန်ဗင်းရှင်းမှာ
၀င်ရောက်တာကို "Accede" လုပ်တယ်လို့ ခေါ်ပြီး အဲဒီ နိုင်ငံကို "Acceding State" လို့
ခေါ်တယ်။ တာဝန်နဲ့ အခွင့်အရေးတွေကတော့ ကွန်ဗင်းရှင်း အတည်ဖြစ်ချိန် သို့မဟုတ်
ကွန်ဗင်းရှင်းဝင် ရောက်ချိန်က စပြီး အတူတူပဲ"
"ဟုတ်ကဲ့ပါ ဆရာ"
"ကွန်ဗင်းရှင်းတစ်ခုကို ပြင်ဆင်တဲ့ စာချုပ်ကို နောက်ဆက်တွဲစာချုပ် (Protocol) လို့ ခေါ်တယ်။
ကွန်ဗင်းရှင်းကို ပြင်ဆင်တဲ့ စာချုပ်ဟာလည်း ပဋိညာဉ်တစ်ရပ်သာဖြစ်တဲ့အတွက် အဲဒီပြင်ဆင်ချက်
ပဋိညာဉ်စာချုပ်မှာ ပါ၀င် လက်မှတ်ရေးထိုးတဲ့ နိုင်ငံတွေအပေါ်မှာပဲ အာဏာ သက်ရောက်မှာ
ဖြစ်တယ်။ မူလက ကွန်ဗင်းရှင်း အဖွဲ့ဝင်နိုင်ငံဖြစ်ရုံမျှနဲ့နောက် ပြင်ဆင်ချက် ကွန်ဗင်းရှင်းမှာ
လက်မှတ်မထိုးရင် မပါ၀င်ရင် အဲဒီပြင်ဆင်ချက်စာချုပ်ဟာ အဲဒီနိုင်ငံအပေါ် အလိုအလျောက်
အာဏာ သက်ရောက်မှု မရှိဘူး"
"ဟုတ်ကဲ့ပါ ဆရာ။ လူငယ်ဥပဒေသမားတွေ အတွက် အကျိုးရှိတဲ့ ဆွေးနွေးချက်ပါပဲ"
"Copyright နဲ့ ပတ်သက်ရင် "Berne Convention" ကိုပဲ လူအများသိကြပေမယ့်
လူသိနည်းမယ်လို့ ထင်ရတဲ့ ကွန်ဗင်းရှင်းတစ်ခုလည်း ရှိသေးတယ်ကွ"
"ဟုတ်ကဲ့၊ ကျွန်တော်လည်း မသိသေးပါဘူး။ ပြောပါဦး ဆရာ"
"၁၉၅၂ ခုနှစ်က ဂျနီဗာမှာ ချုပ်ဆိုခဲ့ပြီး ၁၉၇၁ ခုနှစ်က ပါရီမှာ ပြင်ဆင်ထားတဲ့ "Universal
Copyright Convention" ဆိုတာပဲ။ ဒီကွန်ဗင်းရှင်းမှာပါတဲ့ ပြဋ္ဌာန်းချက်တွေက "Berne
Convention" ပါ ပြဋ္ဌာန်းချက်များကို ဆန့်ကျင်ခြင်း၊ လွှမ်းမိုးခြင်း၊ ပယ်ဖျက်ခြင်းမရှိဘဲ ဖြည့်စွက်တဲ့
သဘောဖြစ်ကြောင်း တွေ့ရတယ်။ ဒါကြောင့် အဲဒီကွန်ဗင်းရှင်းမှာလည်း "Berne Convention"
မှာ ပါ၀င်ထားတဲ့ နိုင်ငံတွေလည်း ၀င်ရောက်ထားကြတယ်။ နောက်ပြီး "Intellectual Property"
ရဲ့ ပထမအုပ်စုဖြစ်တဲ့ "Copyright" မှာ အကျုံးဝင်ပေမယ့် တချို့နိုင်ငံတွေက မူပိုင်ခွင့်နဲ့ နီးစပ်တဲ့
အခွင့်အရေးများ (Neighboring rights or related rights) လို့ခေါ်ကြတဲ့ ဇာတ်သဘင်၊ ဂီတနဲ့
အသံသွင်း၊ အသံလွှင့် လုပ်ငန်းဆိုင်ရာ မူပိုင်ခွင့်အခွင့်အရေးများနဲ့ ပတ်သက်လို့ သီးခြားကွန်ဗင်းရှင်း
သုံးခုလည်း ရှိသေးတယ်"
"ဟုတ်ကဲ့၊ ပြောပြပါဦး ဆရာ"
"ပထမကွန်ဗင်းရှင်းက "The International Convention for the Protection of
Performers, Producers of Phonograms and Broadcasting Organization of 1961"
ဖြစ်ပြီး "The Rome Convention" လို့ အတိုကောက် ခေါ်ကြတယ်။ ဒုတိယက "The
International Convention for the Protection of Producers of Phonograms Against
Unauthorized Duplication of their Phonograms of 1971" ဖြစ်ပြီး "The Phonograms
Convention" လို့ အတိုကောက်ခေါ်ကြတယ်။ တတိယတစ်ခုက "The Convention Relations
to the Distribution of Programme - Carrying Signals Transmitted by Satellite of
1974" ဖြစ်ပြီး "The Satellites Convention" လို့ အတို ကောက်ခေါ် ကြတယ်။ ပြောစရာတွေ
ကျန်သေးတယ်။ နောက်ရက်ကျမှ ဆက်ပြောကြတာပေါ့"
"ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ် ဆရာ"
















