မြန်မာနိုင်ငံ ဉာဏပစ္စည်းပိုင်ဆိုင်မှုဥပဒေကို လွှတ်တော်သို့ပေးပို့ပြီး ဥပဒေအဖြစ်အတည်ပြုနိုင်ရေး အတွက် ရှေ့နေချုပ်ရုံးထံ ပေးပို့ရန် စီစဉ်နေပြီဖြစ်ကြောင်း အဆိုပါဥပဒေကို ရေးဆွဲလျက်ရှိသည့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံ ဉာဏပစ္စည်းပိုင်ဆိုင်မှုဥပဒေကို လွှတ်တော်သို့ပေးပို့ပြီး ဥပဒေအဖြစ်အတည်ပြုနိုင်ရေး
အတွက် ရှေ့နေချုပ်ရုံးထံ ပေးပို့ရန် စီစဉ်နေပြီဖြစ်ကြောင်း အဆိုပါဥပဒေကို ရေးဆွဲလျက်ရှိသည့်
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
၂၀၀၁ ခုနှစ်ကတည်းက ကမ္ဘာ့ဉာဏပစ္စည်း ပိုင်ဆိုင်မှု အဖွဲ့အစည်းနှင့်ပူးပေါင်းပြီး ရေးဆွဲခဲ့သည့်
ယင်းဥပဒေသည် ၁၃ နှစ်ကျော်ကြာမြင့်ခဲ့သည့် ယနေ့တိုင် အတည်မပြုနိုင်သေးခြင်း ဖြစ်သည်။
မြန်မာနိုင်ငံသည် ဉာဏပစ္စည်းပိုင်ဆိုင်မှု ဥပဒေကို ချိုးဖောက်ပြီး ကုန်ပစ္စည်း တုပထုတ်လုပ်မှု
ပြုလုပ်ရာတွင် အဆိုးရွားဆုံး မှတ်တမ်းဝင်ဆဲဖြစ်သည့် အာဆီယံနိုင်ငံများအနက် ဥပဒေပြဋ္ဌာန်းနိုင်
ခြင်းမရှိသလို ကုန်ပစ္စည်း တုပ ထုတ်လုပ်မှု၊ မူပိုင်ခွင့်ချိုးဖောက်မှု၊ ခိုးယူသုံးစွဲမှု အများဆုံး နိုင်ငံ
တစ်ခုဖြစ်သည်။
မြန်မာနိုင်ငံသည် ၁၉၁၄ ခုနှစ်က ပြဋ္ဌာန်းခဲ့ပြီး နှစ်ပေါင်း ၁၀၀ ကျော် ရှိထားပြီးဖြစ်သည့် မူပိုင်ခွင့်
ဥပဒေကို လိုက်နာအသိအမှတ်ပြုခြင်း မရှိသလို မူပိုင်ခွင့်များလည်း ယနေ့တိုင်ချိုး ဖောက်ခံနေရဆဲ
ပင်ဖြစ်သည်။
ယနေ့တိုင် တိကျစွာ ထုတ်ပြန်နိုင်ခြင်း မရှိသေးသော တီထွင်မှုမှတ်ပုံတင်မူပိုင်ခွင့်၊ စက်မှု ဒီဇိုင်း
ဥပဒေ၊ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေများနှင့် ပတ်သက်သည့် ချိုးဖောက်တုပခံရမှုများသည်
အဆိုးရွားဆုံးပင်ဖြစ်သည်။
အထူးသဖြင့် မူပိုင်ခွင့်နှင့် ကုန်အမှတ်တံဆိပ်များ တုပခိုးယူ သုံးစွဲခံရမှုတို့ဖြစ်သည်။
ယင်းကြောင့် မြန်မာနိုင်ငံမှ ထုတ်ကုန်အများစု၌ 'အတုအပဆင်တူယိုးမှား သတိပြုပါ' စာသားကို
ယနေ့တိုင်မြင်တွေ့ရခြင်းဖြစ်သည်။
ယင်းသည် မိမိ၏ ကုန်ပစ္စည်းကို တခြားသူက တုပ ထုတ်လုပ်သဖြင့်သုံးစွဲသူတို့ သတိမူနိုင်ရန်
ဖော်ပြထားခြင်းဖြစ်သည်။
သို့သော် ကုန်ပစ္စည်း တုပထုတ်လုပ်မှုသည် မြန်မာနိုင်ငံတွင် သမားရိုးကျ ကိစ္စတစ်ခုအဖြစ်
ယနေ့တိုင် မြင်တွေ့ နေရဆဲဖြစ်သည်။
'အတုအပ ဆင်တူယိုးမှားသတိပြုပါ' စာသားသည်ပင် အတုလား အစစ်လား ခွဲခြားရန်
ခက်ခဲနေသည့် အခြေအနေကို ရင်ဆိုင်နေရဆဲဖြစ်သည်။
ထို့ကြောင့် ယခုနှစ် ဧပြီလက ထုတ်ပြန်ခဲ့သည့် ဥရောပကော်မရှင်၏ အာဆီယံဉာဏပစ္စည်း
ပိုင်ဆိုင်မှုဥပဒေနှင့် အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများဆိုင်ရာ ကူညီထောက်ပံ့ရေး၊
မူပိုင်ခွင့်ဆိုင်ရာ ကာကွယ်ပေးရေးလမ်းညွှန် စာတမ်းတွင် မြန်မာနိုင်ငံသည် အခြားသော ပြည်ပနိုင်ငံ
များ၏ မူပိုင်ခွင့်များကာကွယ်ပေးရန် ထောက်ပံ့သူ မရှိသလို အသိအမှတ်ပြု လေးစားခြင်းလည်း
မရှိသည့် နိုင်ငံတစ်ခုအဖြစ် ရေးသား ဖော်ပြခဲ့သည်။
ထို့အတွက် အသားကျထားပြီးဖြစ်သည့် ကုန်ပစ္စည်းများ တုပထုတ်လုပ်ခြင်း၊ ကူးယူခြင်း၊ ခိုးယူ
သုံးစွဲခြင်းများအတွက် ဉာဏပစ္စည်းပိုင်ဆိုင်မှုဥပဒေ ထွက်ပေါ်လာလျှင် မည်ကဲ့သို့ဆောင်ရွက်မည်
လဲ၊ အမှန်တကယ် အကာအကွယ်ဖြစ်မည်လားဆိုသည်က မေးခွန်းထုတ်စရာပင်ဖြစ်သည်။
အထူးသဖြင့် ဉာဏပစ္စည်းပိုင်ဆိုင်မှုနှင့် ပတ်သက်ပြီး ပြည်သူများကို အသိပညာပေးမှု အားနည်း
နေဆဲဖြစ်သည့် မြန်မာနိုင်ငံတွင် အဆိုပါဥပဒေအတည်ပြု ပြဋ္ဌာန်းပြီးပါက အဓိက ကြံုတွေ့ရမည့်
ပြဿနာသည် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ပြဿနာပင်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ဥပဒေမရှိသေးသော်လည်း ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်နှင့်ပတ်သက်ပြီး ဥပဒေ
ကြောင်းအရ ကာကွယ်ပေးမှုမှာ မူရှိထားပြီးဖြစ်သည်။
သို့သော် ကုန်ပစ္စည်းအမှတ်တံဆိပ် အပေါ် ကာကွယ်ပေးခြင်းမဟုတ်ဘဲ မှတ်ပုံတင် စနစ်ကို
ကာကွယ်ပေးခြင်းသာဖြစ်သည်။
ကုန်ပစ္စည်းအမှတ်တံဆိပ်ကို ကာကွယ်ပေး ခြင်းမဟုတ်သဖြင့် ဦးစွာမှတ်ပုံတင်နိုင်သူသည်
ကုန်ပစ္စည်းပိုင်ဆိုင်သူအဖြစ် ခံစားခွင့်ရရှိခြင်း ဖြစ်သည်။
ယင်းအတွက် ဉာဏပစ္စည်းပိုင်ဆိုင်မှုဥပဒေပေါ်ထွက်လာချိန်တွင် ကုန်အမှတ်တံဆိပ်နှင့်
ပတ်သက်ပြီး ယခင်ရှိထားပြီး မှတ်ပုံတင်စာရင်း အရ ဆောင်ရွက်မည်လား၊ ကုန်အမှတ်တံဆိပ်
မှတ်ပုံတင်ထားခြင်းမရှိဘဲ အောင်မြင်နေသည့် လုပ်ငန်းများကို မှတ်ပုံတင်စာရင်း မရှိခြင်းကြောင့်
အသိအမှတ်မပြုဘဲဆောင်ရွက်မည်လား၊ လုပ်ထုံးလုပ်နည်းအရ လုပ်ဆောင်သွားမည်လား၊
လုပ်ငန်းလုပ်ကိုင်ခြင်းမရှိဘဲ မှတ်ပုံတင်ထားသည့် ကုန်အမှတ်တံဆိပ်များကို အသိအမှတ်ပြု
မည်လားဆိုသည်က အဆိုပါ ဥပဒေပေါ်ထွက်လာသည့်တိုင် အငြင်းပွားရဦးမည့် ကိစ္စရပ်များ
ဖြစ်ကြောင်း အမ်အင်န်အကျိုးတူ နှင့်ဉာဏပစ္စည်းပိုင်ဆိုင်မှုဥပဒေအကျိုးဆောင် လုပ်ငန်း
ဒါရိုက်တာ ဦးမင်းတေဇညွှန့်တင်က ပြောသည်။
'ဒါတွေနဲ့ ပတ်သက်လို့ အကူးအပြောင်းကာလ ပေးထားတယ်ဆိုပေမယ့် အကူးအပြောင်းကာလက
သိပ်ကြာလို့မကောင်းဘူး။ အကူးအပြောင်းကာလကြာရင် ပြဿနာတွေ ပိုကြီးလာနိုင်တယ်။
ဖြစ်နိုင်ရန် အကူးအပြောင်းကာလ မရှိတာကောင်းတယ်။ အဲဒီအတွက် အမှန်တကယ် အလုပ်
လုပ်ကိုင်နေတဲ့ ကုန်အမှတ် တံဆိပ်တွေအနေနဲ့ အသစ်တွေရော အဟောင်းတွေပါ ဥပဒေ
မပေါ်ထွက်မီ ဒီကြားကာလမှာ မှတ်ပုံကြိုတင်ထားသင့်တယ်။ အမြန်မှတ်ပုံတင်နိုင်ရင် အခွင့်အရေး
ပိုရမယ်။ ဒါက နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ ၀င်ရောက်လာချိန်မှာ မြန်မာ့ထုတ်ကုန်အမှတ်တံဆိပ်
နဲ့ ပစ္စည်းတွေကို ကြိုတင်အကာအကွယ်ရရှိနိုင်အောင်ဖြစ်ပါတယ်"ဟု ၎င်းက မြန်မာတိုင်း(မ်)ကို
ပြောသည်။
၎င်းတို့သည် ဉာဏပစ္စည်းပိုင်ဆိုင်မှုဥပဒေ ပေါ်ထွက်လာပြီး ဥပဒေသစ်နှင့် မူလရှိထားပြီး
အခြေအနေကြား အကူးအပြောင်းကာလတွင် ကြံုတွေ့ရမည့် ပြဿနာများဖြစ်ပြီး မျှော်လင့်ထား
သည့် ပြဿနာများ ကြံုတွေ့ရနိုင်သလို မမျှော်လင့်ထားသည့် ပြဿနာများလည်း ကြံုတွေ့လာ
နိုင်သည်။
ဉာဏပစ္စည်းပိုင်ဆိုင်မှု ဥပဒေနှင့်ပတ်သက်သော အသိပညာပေးလုပ်ငန်းများ လုပ်ဆောင်မှု
အားနည်းခြင်းက ပြဿနာများကို ပိုမိုဖြစ်ပွားစေမည်ဖြစ်သည်။
ထို့နည်းတူ မူပိုင်ခွင့်နှင့်ပတ်သက်သည့် ကာကွယ်ပေးနိုင်မှုသည် ဉာဏပစ္စည်းပိုင်ဆိုင်မှုဥပဒေ
ထွက်ပေါ်လာသည့်တိုင် ရာနှုန်းပြည့် ဆောင်ရွက်နိုင်ဦးမည်မဟုတ်ဘဲ စက်မှုထုတ်ကုန်ဒီဇိုင်းနှင့်
ပတ်သက်သည့် အသိပညာပေးမှု မရှိခြင်းက ဥပဒေပေါ်ထွက်လာပြီး ယင်းဥပဒေကို ထိထိရောက်
ရောက်အသက်ဝင်ရန် လုပ်ဆောင်နိုင်ဖို့ အခက်အခဲများရှိဦးမည်ဖြစ်ကြောင်း အာဆီယံဉာဏ
ပစ္စည်းပိုင်ဆိုင်မှုအဖွဲ့ အစည်းအဖွဲ့ဝင် တစ်ဦးလည်းဖြစ်သလို မြန်မာကုန်အမှတ်တံဆိပ်နှင့် တီထွင်မှု
မှတ်ပုံတင်မူပိုင်ခွင့်ဥပဒေ အကျိုးဆောင်လုပ်ငန်း၏ အကြံပေးတစ်ဦးလည်းဖြစ်သူ ဗဟိုတရားရုံးချုပ်
ရှေ့နေ ဦးသိန်းအောင်က ပြောသည်။
ကုန်အမှတ်တံဆပ်မူပိုင်ခွင့်ပြီးလျှင် စာပေအနုပညာမူပိုင်ခွင့် ချိုးဖောက်ခံရမှုသည် မြန်မာနိုင်ငံ၌
ကြံုတွေ့နေရသည့် ပြဿနာကြီးဖြစ်သည်။
သို့သော် စာပေထုတ်ဝေမှုအပိုင်းတွင် မြန်မာနိုင်ငံ၏ ထုတ်လုပ်ဖြန့်ချိနိုင်မှုသည် ပမာဏနည်းပါးခြင်း
ကြောင့် နိုင်ငံတကာစာပေ ထုတ်ဝေရေးလုပ်ငန်းများထံ အကူအညီ တောင်းခံလုပ်ဆောင်လျှင်
အခက်အခဲမရှိနိုင်ဟု ယူဆရမည်ဖြစ်သည်။
ရုပ်ရှင်၊ ဂီတ၊ ဖန်တီးမှုအပိုင်းများနှင့် ထုတ် လုပ်ဖြန့်ချိမှုအပိုင်းများတွင် မြန်မာနိုင်ငံ၌ ရှိထားပြီး
ဖြစ်သော အခြေအနေအရ နိုင်ငံတကာ ရုပ်ရှင်ဇာတ်ကားများ တစ်ဆင့် ကူးယူ ဖြန့်ချိမှုလုပ်ငန်းများ
တွင် အနည်းငယ် အခက်အခဲကြံုရမည်ဖြစ်သည်။
"ပြဿနာတွေကတော့ အများကြီးရှိနေဦးမှာပါပဲ။ ပိုင်ဆိုင်မှုမရှိဘူးဆိုတဲ့ မူဝါဒကနေ ပိုင်ဆိုင်မှု
ရှိတယ်ဆိုတဲ့ မူပြောင်း စနစ်ပြောင်းမှာ ပြဿနာတွေအများကြီးကို ကြံုတွေ့ရဦး မှာဖြစ်ပါတယ်။
အဲဒီအတွက် အချိန်အတိုင်း အတာတစ်ခုထိ ပေးဖို့လိုအပ်ပါတယ်။ အဲဒီအတွက်လည်း ဒီဉာဏ
ပစ္စည်းပိုင်ဆိုင်မှုနဲ့ ပတ်သက်လို့ လုပ်ဆောင်နေကြတဲ့ အဖွဲ့အစည်းက လူအားလုံးလည်း စဉ်းစားပြီး
ခေါင်းခဲနေရတဲ့ ပြဿနာဖြစ်ပါတယ်"ဟု ဦးသိန်းအောင်က ပြောသည်။
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဉာဏပစ္စည်းပိုင်ဆိုင်မှုဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ
ဒေါ်အေးသီရိဝေက ဉာဏပစ္စည်းပိုင်ဆိုင်မှု ဥပဒေ ပေါ်ပေါက်လာချိန်တွင် မူပိုင်ခွင့်ချိုး ဖောက်ခံရမှု
များ၊ ကုန်အမှတ်တံဆိပ်တုပခံရမှုများ၊ စက်မှုဒီဇိုင်းများ၊ မူလမှတ်ပုံတင်မူပိုင်ခွင့်များကို ပြန်လည်
စိစစ်နိုင်ရန် ရှိထားပြီးသား ကုန်ပစ္စည်းအမှတ်တံဆိပ်များနှင့် လုပ်ငန်းအားလုံး ပြန်လည်မှတ်ပုံတင်
စာရင်းသွင်းရမည်ဟု ပြောကြားသည်။
"ရှိထားပြီးသား ကုန်ပစ္စည်းအမှတ်တံဆိပ်တွေနဲ့ လုပ်ငန်းအားလုံးအတွက် ပြန်ပြီးမှတ်ပုံတင်
ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ ဒီအတွက်အိုင်ပီ(ဉာဏပစ္စည်းပိုင်ဆိုင်မှု) ရုံးကိုလည်း ဖွင့်လှစ်
ပေးသွားမှာဖြစ်ပါတယ်။ အိုင်ပီရုံးမှာ နည်းပညာအထောက်အကူပြုအဖွဲ့တွေနဲ့ ကုန်ပစ္စည်း
အမှတ်တံဆိပ်တွေ၊ လုပ်ငန်းတွေအားလုံးကို ပြန်စိစစ်ပြီးရင် ဥပဒေမှာပြဋ္ဌာန်းထားတဲ့အတိုင်း
ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ တူတဲ့ ထုတ်ကုန်ပစ္စည်း၊ နာမည်တွေနဲ့ ပတ်သက်လို့
လုပ်ငန်းချင်းမတူဘူးဆိုရင်ဒါက ကင်းလွတ်ခွင့်ရှိပါတယ်။ ကုန်ပစ္စည်းအမှတ် တံဆိပ်ကတော့
လုပ်ငန်းချင်းမတူလည်း ကုန်အမှတ်တံဆိပ်တူတယ်ဆိုရင် ခွင့်ပြုမှာ မဟုတ်ပါဘူး။ ကျော်ကြားတဲ့
အမှတ်တံဆိပ်တွေကတော့ ကျော်ကြားပြီးဖြစ်တဲ့အတွက် ဥပဒေအရ အလိုလိုကာကွယ်ပြီးသား
ဖြစ်သွားမှာပါ"ဟု ၎င်းက မြန်မာတိုင်း(မ်)ကိုပြောသည်။
ဉာဏပစ္စည်းပိုင်ဆိုင်မှု ဥပဒေပေါ်ထွက်လာချိန်၌ ကုန်ပစ္စည်းအမှတ်တံဆိပ်များ အပါအဝင်
ဉာဏပစ္စည်းပိုင်ဆိုင်မှုများအတွက် ပြန်လည်မှတ်ပုံတင် ဆောင်ရွက်ရမည်ဖြစ်ခြင်းကြောင့်
ဥပဒေပေါ်ထွက်ခါစတွင် ရှုပ်ထွေးသည့်အခြေအနေများကို ကြံုတွေ့နိုင်ရကြောင်း၊ အဆိုပါ ကိစ္စရပ်
များကို ဆောင်ရွက်နိုင်ရန် ဉာဏ ပစ္စည်းမှတ်ပုံတင်ရုံးနှင့်အတူ နည်းပညာအထောက်အကူပြု
ဌာနများပေါ်ထွက်လာရန် လိုအပ်ကြောင်း ဉာဏပစ္စည်းပိုင်ဆိုင်မှုဆိုင်ရာ ဥပဒေအကြံပေး
ဗဟိုတရားရုံးချုပ်ရှေ့နေ ဦးအောင်စိုးဦးက ပြောသည်။
"ဒီဥပဒေထွက်လာရင်တော့ အဓိက ကုန်အမှတ်တံဆိပ်ဆိုတဲ့အခန်းကဏ္ဍမှာတော့ သေသေချာချာ
ပြန်လုပ်ရမှာဖြစ်ပါတယ်။ ကုန်အမှတ်တံဆိပ်တွေ မှတ်ပုံတင်နိုင်ဖို့အတွက် မှတ်ပုံတင်ရုံး
လိုအပ်တယ်။ အဲဒီမှတ်ပုံတင်ရုံးကလည်း တိကျသေချာမှန်ကန်တဲ့ မှတ်ပုံတင်စနစ်ကို
အကောင်အထည်ဖော်ဖို့ လိုအပ်တယ်" ဟု ၎င်းက ပြောသည်။
ကုန်ပစ္စည်းအမှတ်တံဆိပ် အကောင်အထည်ဖော်ရာတွင် ခိုင်မာတိကျသည့် နည်းပညာကို
အသုံးမပြုနိုင်ပါက မြန်မာနိုင်ငံ၏ အသားကျထားပြီးဖြစ်သော အဂတိလိုက်စားမှုကြောင့်
စစ်မှန်သည့် မှတ်ပုံတင်မှု ဖြစ်ပေါ်လာရန် ခက်ခဲကြောင်း ဦးမင်းတေဇညွန့်တင်က ဆိုသည်။
"မှတ်ပုံတင်ဦးသူက ပစ္စည်းပိုင်ဆိုင်တယ်ဆိုတဲ့ အတွက် မှတ်ပုံတင်တဲ့စနစ်မှာ ကိုယ့်
ကုန်အမှတ်တံဆိပ်ကို အမှန်တကယ်စာရင်းအဖြစ် တင်နိုင်တဲ့အခြေအနေမျိုး ဖြစ်တဲ့ နည်းပညာ
လိုအပ်တယ်။ အဲဒီလိုမှ မဟုတ်ရင် ပိုင်ရာဆိုင်ရာ ဆိုတာမျိုးတွေအတွက် နံပါတ်စဉ်ကြိုဦးပေးထား
တာတို့၊ ချန်ထားပေးတာတို့၊ နံပါတ်စဉ် မှောင်ခိုရောင်းချတာတို့ ဆိုတာမျိုးတွေ ဖြစ်လာရင်
ကုန်အမှတ်တံဆိပ် မှတ်ပုံတင်စနစ်မှာတင် စပြီး ပြဿနာဖြစ်မှာသေချာတယ်"ဟု ၎င်းက
ပြောသည်။
မြန်မာနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများအနက် ယနေ့တိုင် ဉာဏပစ္စည်းပိုင်ဆိုင်မှု ဥပဒေကို
အတည်ပြုပြဋ္ဌာန်းနိုင်ခြင်းမရှိသေးသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။
ထို့ပြင် အာဆီယံဒေသတွင်း စီးပွားရေးဖွံ့ဖြိုးမှုအားနည်းသော ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား၊
မြန်မာ လေးနိုင်ငံအနက် မြန်မာတစ်နိုင်ငံတည်းသာ အဆိုပါ ဥပဒေကို အတည်မပြုနိုင်သေးခြင်း
ဖြစ်သည်။
"မြန်မာနိုင်ငံမှာက ဒီ(ဉာဏပစ္စည်းပိုင်ဆိုင် မှု) ဥပဒေနဲ့ပတ်သက်လို့ တရားစွဲအဖွဲ့တွေ၊ တရားရေး
ဆိုင်ရာ အဖွဲ့အစည်းတွေကို အသိပညာပေးမှုတွေလုပ်ဆောင်ဖို့ အများကြီး လိုသေးတယ်။
ဒီဥပဒေနဲ့ပတ်သက်ပြီး သက်ဆိုင်တဲ့ ဥပဒေရေးရာဆောင်ရွက်တဲ့ အဖွဲ့အစည်းတွေမှာပါ၀င်တဲ့
သူတွေကိုယ်တိုင် ဥပဒေကို သိရှိနားလည်မှု အားနည်းနေသေးတယ်။ ဥပဒေအရလည်း
အားနည်းချက်တွေရှိနေသေးတယ် ဆိုတော့ ဥပဒေပေါ်ထွက်လာရုံတင် မဟုတ်ဘဲ ဒါကို
ခိုင်မာအောင် လုပ်ဆောင်ပေးနိုင်ဖို့ လိုအပ်တယ်"ဟု ဦးမင်းတေဇညွှန့်တင် ကပြောသည်။
မြန်မာနိုင်ငံသိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နှင်းနွယ်အေး
ကလည်း "ဥပဒေ ပေါ်ထွက်ရုံတင် မရပါဘူး။ ဒါကို အမှန်တကယ် ဆောင်ရွက်နိုင်ဖို့ Enforcement
လိုအပ်ပါတယ်။ Enforcement ကို အမှန်တကယ်လုပ်နိုင်မှ ဥပဒေက ခိုင်ခိုင်မာမာအသက်ဝင်မှာ
ပါ"ဟု မြန်မာတိုင်း(မ်)ကို ပြောသည်။
ဉာဏပစ္စည်းပိုင်ဆိုင်မှုဥပဒေရေးရာ ကျွမ်းကျင်သူအချို့က စီးပွားရေးဖွံ့ဖြိုးရန် အရှိန်ယူနေသည့်
မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာရင်းနှီး မြှုပ်နှံမှုပြုလိုသူများ စိုးရိမ်နေသည့် သူတို့၏ ထုတ်ကုန်
ပစ္စည်းများ မှောင်ခိုနှင့်တုပထုတ်လုပ်မှု ဈေးကွက်ထဲရောက်ရှိသွားမည်ဆိုသည့် အခြေအနေကို
ကောင်းစွာကာကွယ်ပေးရန် လိုအပ်ရှိကြောင်း ဆိုသည်။
အထူးသဖြင့် ၂၀၁၅ ခုနှစ် ပေါ်ပေါက်လာမည့် အာဆီယံစီးပွားရေး အသိုင်းအဝိုင်းတွင် စီးဝင်လာမည့်
ကုန်ပစ္စည်းများနှင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများအတွက် ကာကွယ်ပေးရန် လိုအပ်ခြင်းဖြစ်ကြောင်း
၎င်းတို့က ဆိုသည်။
"ဉာဏပစ္စည်းသတ်မှတ်ချက်က မြန်မာ့ စီးပွားရေးအဆောက်အအုံအတွက် မရှိမဖြစ် လိုအပ်ချက်
ပါပဲ။ ဒါကနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေအတွက်လည်း ပိုမိုတွန်းအားပေးရာရောက်တယ်။ ၂၀၁၅ ခုနှစ်
မှာပေါ်ပေါက်လာမယ့် အာဆီယံစီးပွားရေး အသိုက်အဝိုင်းနဲ့အတူ လွတ်လပ်စွာကုန်သွယ်ခွင့်
ကိုလည်း အကာအကွယ်ဖြစ်စေမှာဖြစ်တယ်"ဟု မြန်မာနိုင်ငံ ဉာဏပစ္စည်းပိုင်ဆိုင်မှု ဥပဒေ
ပေါ်ပေါက်ရေးအတွက် ကူညီထောက်ပံ့ပေးလျက်ရှိသည့် ဂျပန်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး
အေဂျင်စီ ပြည်သူ့ပေါ်လစီချမှတ်ရေးဌာန အကြီးအကဲ မစ္စတာမူကီအနာအိုတိုက ပြောကြားသည်။
"အခုဒီ (ဉာဏပစ္စည်းပိုင်ဆိုင်မှု) ဥပဒေကို အမြန်ဆုံးအတည်ပြုနိုင်ဖို့ ဆောင်ရွက်နေပါတယ်။
ဥပဒေပေါ်ထွက်လာရင် နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ ဥပဒေချိုးဖောက်ခံရမှုတွေအတွက်
အပြည့်အဝအကာအကွယ်ပေးသွားမှာဖြစ်ပါတယ်" ဟု ဒေါ်နှင်းနွယ်အေးက ပြောကြားသည်။

















