"အရင်တစ်ပတ်က IP Law အကြောင်း ဆရာနဲ့ ဆွေးနွေးခဲ့ရာမှာ IP Law ရဲ့ ပထမအုပ်စုဖြစ်တဲ့ "Copyright" နဲ့ ပတ်သက်လို့ အဓိကအချက်တွေကို ဆရာပြောခဲ့ပြီးပါပြီ။ ဒုတိယအုပ်စုဖြစ်တဲ့ "Industrial Property" အကြောင်းဆက်ပါဦး ဆရာ"
"အရင်တစ်ပတ်က IP Law အကြောင်း ဆရာနဲ့ ဆွေးနွေးခဲ့ရာမှာ IP Law ရဲ့ ပထမအုပ်စုဖြစ်တဲ့
"Copyright" နဲ့ ပတ်သက်လို့ အဓိကအချက်တွေကို ဆရာပြောခဲ့ပြီးပါပြီ။ ဒုတိယအုပ်စုဖြစ်တဲ့
"Industrial Property" အကြောင်းဆက်ပါဦး ဆရာ"
"IP Law ရဲ့ဒုတိယအုပ်စုဖြစ်တဲ့ "Industrial Property" လို့ဆိုရာမှာ တီထွင်မှုတွေ (Invention)၊
စက်မှုလုပ်ငန်းဆိုင်ရာ ဒီဇိုင်းတွေ (Industrial Design) နဲ့ ကုန်အမှတ်တံဆိပ်တွေ (Trademarks)
ပါ၀င်ကြောင်းနဲ့ တီထွင်မှုပိုင်ဆိုင်ခွင့်ကို "Patent" လို့ခေါ်တဲ့အကြောင်းကိုလည်း ဒို့ဆွေးနွေးခဲ့ပြီးပြီ"
"ဟုတ်ပါတယ် ဆရာ"
"တီထွင်မှုနဲ့ စက်မှုဒီဇိုင်းတွေမှာ အမျိုးမျိုး ရှိသလို "Trademark" (ကုန်အမှတ်တံဆိပ်)နဲ့
အလားတူဖြစ်တဲ့ "trade name" (ကုန်ပစ္စည်း တစ်ခုခုသို့မဟုတ် ကုမ္ပဏီတစ်ခုခုရဲ့ အမည်)နဲ့
"Service Mark" (၀န်ဆောင်မှုလုပ်ငန်းရဲ့ အမှတ်တံဆိပ်)ဆိုတာတွေလည်း ရှိသေးတယ်။
ရေကြောင်း/ လေကြောင်းကုမ္ပဏီတွေ၊ ဟိုတယ်တွေ၊ ခရီးသွားလုပ်ငန်းတွေ၊ စားသောက်ဆိုင်တွေ၊
မော်တော်ကားငှားရမ်းခြင်းနဲ့ Taxi လုပ်ငန်းတွေမှာ သုံးတဲ့ တံဆိပ်မျိုးတွေပေါ့။ ဒါပေမဲ့ နိုင်ငံ
တစ်နိုင်ငံရဲ့ နိုင်ငံတော်တံဆိပ်နဲ့ အလံ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတစ်ခု (ဥပမာ -
ကုလသမဂ္ဂ၊ အပြည်ပြည်ဆိုင်ရာ အိုလံပစ် ကော်မတီ)ရဲ့ တံဆိပ်နဲ့အလံတွေကိုတော့ ကုန်အမှတ်
တံဆိပ်၊ သို့မဟုတ် လုပ်ငန်း/ကုမ္ပဏီရဲ့ အမည်အဖြစ် အသုံးပြုခွင့် မရှိဘူး"
"ဟုတ်ကဲ့ပါ ဆရာ"
"'Intellectual Property' ရဲ့ ဒုတိယအုပ်စုဖြစ်တဲ့ 'Industrial Property' ကိစ္စတွေကို
ထိန်းချုပ်တဲ့ Convention ကတော့ ၁၈၈၄ ခုနှစ်က ပါရီမြို့မှာ ချုပ်ဆိုခဲ့ပြီး ၁၉၆၇ ခုနှစ်က
စတော့ဟုမ်းမှာ (၁၀) ကြိမ်မြောက်အဖြစ် နောက်ဆုံး ပြင်ဆင်ထားတဲ့ 'The Paris Convention
for the protection of Industrial Property' ဖြစ်တယ်။ အတိုကောက်ခေါ်ကြတာကတော့
'Paris Convention' ပေါ့။ နောက်ပြီး တီထွင်မှုပိုင်ဆိုင်ခွင့် (Patent) နဲ့ ပတ်သက်လို့
၁၉၇၀ ပြည့်နှစ်က ၀ါရှင်တန်မှာ ချုပ်ဆိုခဲ့တဲ့ 'The Patent Cooperation Treaty (PCT)'
ဆိုတာရှိသလို၊ ကုန်အမှတ် တံဆိပ်နဲ့ ပတ်သက်လို့လည်း The Madrid Agreement
Concerning the Internati-onal Registration of Marks, 1891 နဲ့ The Protocol
Relating to the Madrid Agreement, 1989 တို့အပြင် ၁၉၉၄ ခုနှစ်က ဂျနီဗာမှာ ချုပ်ဆိုခဲ့တဲ့
'Trademark Law Treaty (TLT)' ဆိုတာလည်း ရှိသေးတယ်"
"ဟုတ်ကဲ့ပါ ဆရာ"
"နောက်ပြီး 'Intellectual Property' ကိစ္စတွေ မှာ အလွန်အရေးကြီးတဲ့ အပြည်ပြည်ဆိုင်ရာ
စာချုပ်တစ်ခုကတာ့ 'The TRIPS Agreement' ဆိုတာပဲ။ ဒီစာချုပ်ရဲ့ အမည်အပြည့်အစုံ
ကတော့ 'The Agreement on Trade-Related Aspects of Intellectual Property
Rights' လို့ ဖြစ်တယ်။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ချုပ် (World Trade Organization - WTO) က
ကမကထ ပြုလုပ်ပြီး ချုပ်ဆိုထားတဲ့ စာချုပ်ပေါ့။ ဒီစာချုပ်ကလည်း 'Intellectual Property' နဲ့
ပတ်သက်လို့ အလွန်အရေးကြီးတယ်။ ဘာကြောင့်လဲဆိုတော့ WHO အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဟာ
'Intellectual Property' နဲ့ သက်ဆိုင်တဲ့ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းတစ်ခုခုမှာ အဖွဲ့ဝင်
မဟုတ်ပေမယ့်၊ အဲဒီကွန်ဗင်းရှင်းတွေမှာပါတဲ့ ပြဋ္ဌာန်းချက်တွေကို 'TRIPS Agreement' အရ
လိုက်နာဖို့ တာဝန်ရှိလို့ ဖြစ်တယ်"
"ဟုတ်ကဲ့ပါ ဆရာ"
"ဒို့အခုပြောခဲ့တာတွေက 'Intellectual Property' ကိစ္စတွေမှာ ထိန်းချုပ်တဲ့ ကွန်ဗင်းရှင်းတွေ
အကြောင်းပဲ ဖြစ်တယ်။ အဲဒီကွန်ဗင်းရှင်း တွေအရ အဲဒီကိစ္စတွေကို ကိုင်တွယ်ထိန်းချုပ် ကွပ်ကဲတဲ့
အဖွဲ့အစည်းကြီးတစ်ခုအကြောင်းကိုလည်း သိထားဖို့ လိုသေးတယ်"
"'WIPO' ဆိုတာ မဟုတ်လား ဆရာ"
"ဟုတ်တယ်။ 'WIPO' ဆိုတဲ့ စကားလုံးကို သတင်းစာတွေမှာပါတဲ့ ရှေ့နေတွေရဲ့ ကြော်ငြာစာ
တွေမှာ ရှေ့နေရဲ့ ဘွဲ့ထူး၊ ဂုဏ်ထူးအဖြစ် ဖော်ပြလေ့ရှိကြလို့ သတင်းစာဖတ်သူတွေ အနေနဲ့တော့
နေ့စဉ်တွေ့မြင်နေရတဲ့ စကားလုံးဖြစ်ပေမယ့် တချို့လူတွေအနေနဲ့ အဓိပ္ပာယ်အပြည့်အစုံကို သိချင်မှ
သိကြမယ်။ အဲဒီအဖွဲ့အစည်းရဲ့ အမည်အပြည့်အစုံက "World Intellectual Property
Organization" လို့ ဖြစ်တယ်။ မြန်မာလိုဆိုရင်တော့ 'ကမ္ဘာ့စိတ်ကူးဉာဏ်ပစ္စည်း ဆိုင်ရာ
အဖွဲ့ချုပ်' လို့ ဆိုရမှာပေါ့။ အဲဒီအဖွဲ့ကြီးက ကုလသမဂ္ဂကအသိအမှတ်ပြုထားတဲ့ ကုလသမဂ္ဂရဲ့
လက်အောက်ခံအဖွဲ့အစည်းဖြစ်ပြီး 'TRIPS Agreement' ကို 'WTO' နဲ့ ချုပ်ဆိုထားတဲ့
အဖွဲ့အစည်းလည်းဖြစ်တယ်။ အဲဒီအဖွဲ့ကြီးမှာ မြန်မာနိုင်ငံကလည်း အဖွဲ့ဝင်အဖြစ် ပါ၀င်ထားတယ်"
"ဟုတ်ကဲ့ပါ ဆရာ။ အခုပြောခဲ့တာတွေနဲ့ ဆက်စပ်ပြီး မြန်မာနိုင်ငံရဲ့ 'IP Law' ဆိုင်ရာ အခြေအနေ
တွေကိုလည်း ပြောပြပါဦး ဆရာ"
"ဒီမှာလည်းပဲ ဒို့ဆွေးနွေးခဲ့တဲ့အတိုင်း 'Copyright' အုပ်စုနဲ့ 'Industrial Property' အုပ်စုဆိုပြီး
ခွဲခြားပြောရမှာပေါ့"
"ဟုတ်ကဲ့ပါ ဆရာ"
"စာပေနဲ့ အနုပညာဆိုင်ရာ မူပိုင်ခွင့်နဲ့ ပတ်သက်လို့ ဒို့မှာ 'The Myanmar Copyright Act,
1914' ဆိုတာ အခုထိရှိနေတယ်။ ဒီဥပဒေက မူလက အိန္ဒိယဥပဒေဖြစ်ပြီး ဒို့နိုင်ငံဟာ ၁၈၈၆ ခုနှစ်၊
ဇန်နဝါရီလ ၁ ရက်နေ့ကစပြီး ၁၉၃၇၊ မတ်လ ၃၁ ရက်နေ့အထိ အိန္ဒိယပြည်ရဲ့ ပြည်နယ်တစ်ခု
အဖြစ် သွတ်သွင်းခြင်းခံခဲ့ရတော့ အိန္ဒိယပြည်မှာ ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေတွေဟာလည်း ဒို့နိုင်ငံမှာ
အာဏာသက်ရောက်ခဲ့တာပေါ့။ ဒါပေမဲ့ မြန်မာနိုင်ငံ မူပိုင်ခွင့်ဥပဒေဆိုတာ အိန္ဒိယဥပဒေလို့
ဆိုရပေမယ့် ဒို့မြန်မာတွေက 'အင်္ဂလန်၊ အင်္ဂလိပ်' လို့ ရည်ညွှန်းပြောဆို လေ့ရှိကြပြီး 'UK' လို့
အတိုကောက်ခေါ်လေ့ရှိကြတဲ့ 'United Kingdom of Great Britain and Northern Ireland'ဋ္ဌ
မှာ ပြဋ္ဌာန်းထားတဲ့ 'The Copyright Act, 1911' တစ်ခုလုံးကို အိန္ဒိယ ဥပဒေရဲ့ နောက်ဆက်တွဲ
အဖြစ် ထည့်သွင်း ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေဖြစ်တယ်ကွ။ ထူးခြားချက် တစ်ခုကတော့ အဲဒီအင်္ဂလိပ်
ဥပဒေမှာ မပါတဲ့ 'မူပိုင်ခွင့်ချိုးဖောက်မှုအတွက် ပြစ်မှုနှင့် ပြစ်ဒဏ်များ' ကို အိန္ဒိယဥပဒေမှာ
ထည့်သွင်း ပြဋ္ဌာန်းထားခြင်းပဲ ဖြစ်တယ်။ အဲဒီတုန်းက ဆင်းရဲတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံ
မှာ မူပိုင်ခွင့်ချိုးဖောက်မှု (Infringement of Copyright) အတွက် တရားစရိတ်အကုန်အကျ
များတဲ့ တရားမမှုစွဲဆိုခြင်းမပြုဘဲ မြန်ဆန်ပြီး ထိရောက်မှုလည်းရှိတဲ့ ရာဇဝတ်ပြစ်မှုအဖြစ်
အရေးယူခွင့် ပေးခြင်းဖြစ်တယ်လို့ ပြောနိုင်တာပေါ့"
"ဟုတ်ကဲ့ပါ ဆရာ"
"ဒါပေမဲ့ ပထမအကြိမ်ပြစ်မှုကျူးလွန်မှု အတွက် အများဆုံး ဒဏ်ငွေကျပ် ငါးရာ၊ နောက်တစ်ကြိမ်
ကျူးလွန်မှုအတွက် ရိုးရိုးထောင်ဒဏ် တစ်လ၊ သို့မဟုတ် ကျပ်တစ်ထောင်အထိ ငွေဒဏ်၊
သို့မဟုတ် အဲဒီထောင်ဒဏ်နဲ့ ငွေဒဏ် နှစ်မျိုးစလုံးဆိုတာဟာ အခုခေတ်အခြေအနေအရတော့
ပြက်ရယ်ပြုစရာ ဖြစ်နေတာပေါ့ကွာ"
"ဟုတ်ပါတယ် ဆရာ။ ၁၉၁၁ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေဆိုတော့လည်း ခေတ်မမီတော့ဘူးပေါ့
ဆရာ"
"ဥပဒေတစ်ခုခေတ်မီတယ်၊ မမီဘူးဆိုတဲ့ ကိစ္စမှာ အဲဒီဥပဒေပြဋ္ဌာန်းခဲ့တဲ့ ခုနှစ်အပေါ် မူတည်ပြီး
ပြောကြတာမျိုးကိုတော့ ငါ့အနေနဲ့ လက်မခံနိုင်ဘူး။ ဒါက 'တတ်ယောင်ကား' လုပ်တတ်သူတွေရဲ့
၀ါသနာပဲကွ။ အဲဒီလိုလူမျိုးတွေနဲ့ တွေ့မယ်ဆိုရင်၊ 'ခင်ဗျားအဲဒီ ဥပဒေတွေကို ဖတ်ပြီးပြီလား' လို့
မေးကြည့်ပါ။ 'ဖတ်ပြီးပြီ' လို့ ပြောလာရင်လည်း 'အဲဒီဥပဒေကို ခေတ်မီတယ်ဆိုတဲ့ ဥပဒေတွေနဲ့
နှိုင်းယှဉ်လေ့လာပြီးပြီလား' လို့ ဆက်မေးလိုက်ပေါ့ကွာ။ သူဘယ်လိုဖြေလဲဆိုတဲ့ အချက်အပေါ်
မူတည်ပြီး သူပြောတာကို လက်ခံသင့် မသင့်ချင့်ချိန်ယူရမှာပေါ့။ ဥပဒေ တစ်ရပ်ခေတ်မီ မမီဆိုတဲ့
ကိစ္စကို ဥပဒေပြဋ္ဌာန်းတဲ့ ခုနှစ်အပေါ် မူတည်ပြီး ပြောကြကြေးဆိုရင် မြန်မာနိုင်ငံမှာ အင်္ဂခေတ်က
ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေအားလုံးကို ခေတ်မမီတော့ဘူးလို့ ပြောရတော့မှာပေါ့။ အခုထိ ကမ္ဘာ့နိုင်ငံ
အားလုံးက လက်ခံကျင့်သုံးနေကြတဲ့ ၁၈၈၄ ခုနှစ်မှာ ချုပ်ဆိုပြဋ္ဌာန်းခဲ့တဲ့ 'Paris Convention' နဲ့
၁၈၈၆ ခုနှစ်မှာ ချုပ်ဆိုပြဋ္ဌာန်းခဲ့တဲ့ 'Berne Convention' တို့ကို ခေတ်မမီတော့ဘူးလို့
ပြောရမှာလား"
"သဘောပေါက်ပါပြီ ဆရာ၊ ဒါဆိုရင် အခု မြန်မာနိုင်ငံမှာ တည်ဆဲဖြစ်တဲ့ 'The Copyright Act'
ကို ခေတ်မီသေးတယ်လို့ ဆရာက ဆိုလိုတာပေါ့နော်"
"မင်းက ရှေ့နေပီပီ နိမိတ်ပြမေးခွန်းနဲ့ 'ချောင်ပိတ်' ပြီး ငါ့ကို မေးတယ်ပေါ့"
"အဲဒီလိုတော့ ဖြစ်သွားတာပေါ့ ဆရာ၊ အဓိကကတော့ အဲဒီကိစ္စအတွက် ဆရာ့အဖြေကို သိချင်
တာပါပဲ။ ဆရာက သူများ မမြင်တာလေးတွေကို မြင်တတ်သူမို့လို့ပါ"
"ငါ့ကို 'ခြောက်'နေတာလား၊ 'မြှောက်' နေတာလားဆိုတာတော့ ငါ့မသိဘူး။ အဲလေ ဒါတွေက
ငါ့အဖို့ အရေးမကြီးပါဘူး။ ထားလိုက်တော့။ ငါ့အယူအဆကိုပဲ ငါပြောမယ်"
"ဟုတ်ကဲ့ပါ ဆရာ"
"'Berne Convention' ကို ၁၈၈၆ ခုနှစ်မှာ စတင်ချုပ်ဆိုပြဋ္ဌာန်းခဲ့ပြီး နှစ်ပေါင်း ၁၃၀ အတွင်းမှာ
ငါးကြိမ် ပြင်ဆင်ခဲ့ပြီးဖြစ်တယ်လို့ အရင် တစ်ပတ်ဆွေးနွေးတုန်းက ဒို့ပြောခဲ့ပြီးပြီ။ ၁၉၀၈ ခုနှစ်
(ဘာလင်)၊ ၁၉၂၈ ခုနှစ် (ရောမ)၊ ၁၉၄၈ ခုနှစ် (ဘရပ်ဆဲလ်)၊ ၁၉၆၇ ခုနှစ် (စတော့ဟုမ်း)၊
၁၉၇၁ ခုနှစ် (ပါရီ) တို့မှာ ပြင်ဆင်ခဲ့တာ ဖြစ်တယ်။ ဒါကိုကြည့်ရင် ဒို့နိုင်ငံမှာ တည်ဆဲဖြစ်တဲ့
အင်္ဂလိပ် မူပိုင်ခွင့် ဥပဒေကို အင်္ဂလန်နိုင်ငံမှာ၁၉၁၁ ခုနှစ်က ပြဋ္ဌာန်းခဲ့တာဆိုတော့ 'Berne
Convention' ကို ၁၉၀၈ ခုနှစ်က ဘာလင်မှာ ပြင်ဆင်ခဲ့တဲ့အတိုင်း အင်္ဂလိပ်ဥပဒေကို ပြဋ္ဌာန်း
ခဲ့တာဖြစ်တယ်လို့ ပြောနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ UK နိုင်ငံဟာ အဲဒီတုန်းက Berne
Convention အဖွဲ့ဝင်ဖြစ်နေလို့ပဲ။ ဒို့နိုင်ငံက အဲဒီအချိန်မှာ ဗြိတိသျှကိုလိုနီဖြစ်တဲ့ အိန္ဒိယပြည်ရဲ့
အစိတ်အပိုင်းအဖြစ် 'Berne Convention' ကို 'လက်ခံခဲ့ရတာဖြစ်တယ်။ အဲဒီနောက်ပိုင်း
'Berne Convention' ကိုပြင်ဆင်ရာမှာတော့ ဒို့နိုင်ငံက ပါ၀င်ခဲ့တာကို မတွေ့ရဘူး။ ဒီတော့
အဲဒီနောက်ပိုင်းပြင်ဆင်ချက်တွေဟာ မြန်မာနိုင်ငံနဲ့ မဆိုင်ဘူးပေါ့"
"အဲဒီလိုဆိုတော့ ကျွန်တော်တို့ရဲ့ လက်ရှိ မူပိုင်ခွင့်ဥပဒေက ခေတ်မမီတော့ဘူးလို့ ဆိုရမှာပေါ့
ဆရာ"
"ငါ့အနေနဲ့တော့ အဲဒီလို ခေတ်မီတယ်၊ ခေတ်မမီဘူးလို့ ယတိပြတ်မပြောချင်ဘူး။ ၁၉၇၁ ခုနှစ်မှာ
နောက်ဆုံးပြင်ဆင်ထားတဲ့ 'Berne Convention' နဲ့ တိုက်ဆိုင်နှိုင်းယှဉ်ပြီးမှသာ ပြောချင်တယ်။
ဒါပေမဲ့ ငါ့အနေနဲ့ အဲဒီလို လုပ်ထားတာတော့ မရှိဘူး။ "ဟုတ်ကဲ့ မြန်မာနိုင်ငံမူပိုင်ခွင့် ဥပဒေ
အကြောင်းဆက်ပါဦး ဆရာ"
"မူပိုင်ခွင့်ချိုးဖောက်မှုတွေကို အထက်မှာ ပြောခဲ့သလို ရာဇဝတ်ကြောင်းအရ အရေးယူနိုင်တဲ့အပြင်
တရားမကြောင်းနဲ့လည်း အရေးယူနိုင်သေးတယ်လေ။ အမှုရဲ့ အခြေအနေအပေါ် မူတည်ပြီး
တရားရုံးက တားဝရမ်း (injunction) ထုတ်ဆင့်ပြီး တားမြစ်ပေးဖို့နဲ့ လျော်ကြေးရရှိဖို့ အတွက်
တရားစွဲခွင့်ရှိတယ် မဟုတ်လား။ အခု ခေတ်တန်ဖိုးအရဆိုလျှင် သိန်းနဲ့ သန်းနဲ့ ချီပြီး လျော်ကြေး
ရနိုင်တာပေါ့"
"ဟုတ်ပါတယ် ဆရာ"
"နောက်ပြီး 'မူပိုင်ခွင့်နဲ့ နီးစပ်တဲ့ အခွင့်အရေးများ' (neighboring rights or related rights) လို့
ခေါ်ကြတဲ့ ဖျော်ဖြေသူ အနုပညာရှင်များ၊ အသံသွင်းပစ္စည်း ထုတ်လုပ်သူများနဲ့၊ အရုပ်/ အသံ
ထုတ်လွှင့်တဲ့ အဖွဲ့အစည်းများရဲ့ အခွင့်အရေးကို ဒို့မြန်မာနိုင်ငံမှာ ၁၉၉၆ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့
'ရုပ်မြင်သံကြားနဲ့ ဗီဒီယိုဥပဒေ' အရလည်း အကာအကွယ်ပေးထားသေးတယ်လေ။ ဒီဥပဒေအရ၊
တရားမဝင်ကူးယူ ဖြန့်ချိသူတွေကို ထောင်ဒဏ် သုံးနှစ်အထိ ဒဏ်ငွေကျပ်တစ်သိန်းအထိ ပြစ်ဒဏ်
ချမှတ်နိုင်တဲ့အပြင် သက်ဆိုင်တဲ့ ပစ္စည်းအမျိုးမျိုးကိုလည်း သိမ်းယူခွင့်ရှိတယ် မဟုတ်လား"
"ဟုတ်ပါတယ် ဆရာ၊ ဒါပေမဲ့ ဒီကိစ္စမှာလည်း ခိုးကူးကြလို့ဆိုပြီး သက်ဆိုင်ရာ ကာယကံရှင်တွေ
ညည်းညူနေကြတာကိုတော့ ဆရာလည်း ကြားသိနေတာပဲ မဟုတ်လား ဆရာ"
"ဒါကတော့ ဥပဒေအကာအကွယ်မရှိတာ၊ မလုံလောက်တာကြောင့်လို့ မဆိုနိုင်ဘူးကွ။ အရေးယူ
တဲ့အပိုင်း တစ်နေရာရာမှာ ချို့ယွင်းမှု ရှိနေတယ်လို့ ငါထင်တယ်။ ဒီပြစ်မှုက ရဲအရေးပိုင်တဲ့ အမှုပဲ။
ခိုးကူးထားတဲ့ ဓာတ်ပြားတစ်ချပ်ကို တွေ့ရင် အဲဒီဓာတ်ပြားကို ဘယ်သူက၊ ဘယ်နေရာမှာ
ကူးတယ်ဆိုတာအထိ စုံစမ်းထောက်လှမ်းပြီး အဲဒီပြစ်မှုကျူးလွန်တဲ့သူကို ဖမ်းဆီးနိုင်တဲ့အပြင်
ပြစ်မှုကျူးလွန်ရာမှာ အသုံးပြုတဲ့ ပစ္စည်းအားလုံးကိုပါ သိမ်းယူခွင့်ရှိတယ် မဟုတ်လား။ အဲဒီလို
လုပ်မယ်ဆိုရင် အလားတူပြစ်မှု ကျူးလွန်တာမျိုး နည်းသွားမှာပေါ့။ ဒီကိစ္စက ဒို့နဲ့ မဆိုင်လို့
ထားလိုက်ပါတော့ကွာ။ ဒီတစ်ပတ်တော့ ဒီမှာပဲ နားပြီး၊ ပြောစရာကျန်တာတွေကို
နောက်တစ်ပတ်မှပဲ ဆက်ပြောကြတာပေါ့"
"ဟုတ်ကဲ့ပါ ဆရာ"
















