နိုင်ငံတကာ စာနယ်ဇင်းလွတ်လပ်ခွင့် စောင့်ကြည့်ရေးအဖွဲ့အစည်းအချို့က ထုတ်ပြန်ခဲ့သည့် စာနယ်ဇင်းလွတ်လပ်မှု အခြေပြုဇယားတွင် မြန်မာနိုင်ငံ၏ စာနယ်ဇင်းလွတ်လပ်မှုသည် လုံးဝမလွတ်လပ်သေးဘဲ ခက်ခဲသည့် အခြေအနေကို ဖြတ်သန်းနေရဆဲ အခြေအနေ၌ ရှိသည်ဟု ဖော်ပြခဲ့ကြသည်။
နိုင်ငံတကာ စာနယ်ဇင်းလွတ်လပ်ခွင့် စောင့်ကြည့်ရေးအဖွဲ့အစည်းအချို့က ထုတ်ပြန်ခဲ့သည့်
စာနယ်ဇင်းလွတ်လပ်မှု အခြေပြုဇယားတွင် မြန်မာနိုင်ငံ၏ စာနယ်ဇင်းလွတ်လပ်မှုသည် လုံးဝ
မလွတ်လပ်သေးဘဲ ခက်ခဲသည့် အခြေအနေကို ဖြတ်သန်းနေရဆဲ အခြေအနေ၌ ရှိသည်ဟု
ဖော်ပြခဲ့ကြသည်။
အကောင်းဆုံးအခြေအနေကို အဆင့်တစ်သတ်မှတ်ပြီး၊ အဆိုးရွားဆုံးအခြေအနေကို အဆင့် ခုနစ်
သတ်မှတ်ထားသည့် အမေရိကန်အခြေစိုက် Freedom House အဖွဲ့၏ မြန်မာ နိုင်ငံဆိုင်ရာ
အထူးထုတ်ပြန်ချက်၌ မြန်မာနိုင်ငံ၏ လွတ်လပ်မှုအဆင့်အတန်းသည် အဆင့် ၅ ဒသမ ၅၊
ပြည်သူ့အခွင့်အရေးရရှိမှုတွင် အဆင့်ငါး၊ နိုင်ငံရေးအခွင့်အလမ်းရရှိမှုတွင် အဆင့်ခြောက်အဖြစ်
ဖော်ပြခဲ့သည်။
အလားတူ အမေရိကန်အခြေစိုက် ဂျာနယ်လစ်များ ကာကွယ်စောင့်ရှောက်ရေးကော်မတီ
(Committee to Protect Journalists)က ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏
စာနယ်ဇင်းမီဒီယာလွတ်လပ်ခွင့်သည် စစ်အစိုးရ အုပ်ချုပ်ရေးစနစ်မှ အရပ်သားတစ်ပိုင်းအုပ်ချုပ်ရေး
စနစ်သို့ ပြောင်းလဲခဲ့ပြီးနောက်ပိုင်း ပိုမိုပွင့်လင်းလွတ်လပ်လာသည်ဟု ဆိုရမည် ဖြစ်သော်လည်း
သတင်းသမားများအပေါ် ခြိမ်းခြောက်မှုများနှင့် ဟန့်တားနှောင့်ယှက်မှုများ ဆက်လက်ရင်ဆိုင်
ကြံုတွေ့နေရဆဲဖြစ် ကြောင်းဖော်ပြခဲ့သည်။
မြန်မာနိုင်ငံ၏ စာနယ်ဇင်းလွတ်လပ်ခွင့် သည် ၁၉၆၀ ပြည့်နှစ်များက စတင်၍ ထိန်းချုပ်ခံခဲ့ရခြင်း
ဖြစ်သည်။
၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့်ထုတ်ဝေသူများ မှတ်ပုံတင် ဥပဒေကို ပြဋ္ဌာန်းပြီး စာနယ်ဇင်းထုတ်ဝေမှု
များ အပေါ်ထိန်းချုပ်ခဲ့သည်။
စာနယ်ဇင်း လွတ်လပ်ခွင့်ကို ကိုလိုနီခေတ် ၁၉၃၁ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်က ပြဋ္ဌာန်းအတည်ပြု
ထားသည့် စာနယ်ဇင်း (အရေးပေါ်အာဏာ) ဥပဒေဖြင့်ချုပ်ကိုင်ခဲ့သည်။
ပြည်ထောင်စုအစိုးရ၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး
အဖွဲ့၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အမျိုးမျိုးသော၊ ခေတ်အဆက်ဆက်
သော အုပ်ချုပ်မှုများအောက်တွင် နှစ်ပေါင်း ၅၀ ကျော် မြန်မာ့စာနယ်ဇင်းလွတ် လပ်ခွင့်သည်
အဆိုးရွားဆုံးအဆင့်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။
၂၀၀၃ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ ထုတ်ပြန်ခဲ့သည့် နိုင်ငံတကာစာနယ်ဇင်းလွတ်လပ်ခွင့်စောင့်ကြည့်
ရေးအဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်တိုင်းတွင် မြန်မာနိုင်ငံ၏ စာနယ်ဇင်းလွတ်လပ်ခွင့်သည်
အဆိုးရွားဆုံးလေးနိုင်ငံစာရင်းတွင် အမြဲလိုရှိနေခဲ့သည်။
သို့သော် မြန်မာ့စာနယ်ဇင်းလွတ်လပ်ခွင့်အပေါ် နှစ်ပေါင်း ၅၀ ကျော် အရိပ်မိုးထားခဲ့သော
ဆင်ဆာစနစ်ကို ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအပြီး တက်လာသည့် အရပ်သား
အစိုးရသစ်လက်ထက် ၂၀၁၂ ခုနှစ် ဩဂုတ်လ ၂၀ ရက်တွင် အပြီးတိုင် ဖျက်သိမ်းခဲ့သည်။
အလားတူ နှစ်ပေါင်းများစွာ ထုတ်ဝေခွင့် ကန့်သတ်ခံထားရသည့် နေ့စဉ်ထုတ်သတင်းစာများ
ထုတ်ဝေခွင့်ကို ပြန်လည်ခွင့်ပြုခဲ့သည်။
ယင်းသည် အဆိုးရွားဆုံးအဆင့်တွင်ရှိနေသည့် မြန်မာ့ စာနယ်ဇင်းလွတ်လပ်ခွင့်ကို ရုတ်တရက်
အဆင့် ၂၅ ဆင့်ထိ ခုန်တက်သွားစေခဲ့သည်။
သို့သော် စစ်အစိုးရ၏ အုပ်ချုပ်မှု လက်အောက်တွင် နှစ်ပေါင်းများစွာ ယိုယွင်းလာခဲ့သည့်
တရားစီရင်ရေး၊ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး မဏ္ဍိုင်အသီးသီး၏ အားနည်းချက်များက
မြန်မာ့စာနယ်ဇင်း လွတ်လပ်ခွင့်နှင့် ပတ်သက်လာလျှင် အငြင်းပွားဖွယ်ကိစ္စရပ်များကို ဖြစ်ပေါ်စေခဲ့
သည်။
စာပေစိစစ်ရေးနှင့် ဆင်ဆာစနစ် ဖျက်သိမ်းမှုမတိုင်မီ ၂၀၀၂ ခုနှစ်၊ မေလ နှောင်းပိုင်းကစတင်ပြီး
စာနယ်ဇင်းများ၌ရေးသားဖော်ပြသည့် သတင်းများနှင့် ပတ်သက်ပြီး တရားစွဲဆိုမှုများ စတင်လာခဲ့
သည်။
ယင်းသည် ဆင်ဆာစနစ်ဖျက်သိမ်းပြီး ၂၀၁၂ နှောင်းပိုင်း၊ ၂၀၁၃ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်များတွင်
ပိုမိုလာခဲ့ပြီး ၂၀၁၄ ခုနှစ်ထိ တရားစွဲဆိုမှုပေါင်း ၁၀ မှု ကျော်ရှိခဲ့သည်။
၂၀၁၃ ခုနှစ်အထိ ဖြစ်ပွားခဲ့သည့် တရားစွဲဆိုမှုများသည် ငွေဒဏ်ပေးဆောင်ခြင်းဖြင့် ပြီးဆုံးသွားခဲ့
သော်လည်း ၂၀၁၄ ခုနှစ် အစောပိုင်းမှ စတင်၍ ထောင်ဒဏ်အပြစ်ပေး ခြင်းများရှိလာခဲ့သည်။
ငွေဒဏ်အပြစ်ပေးပေး၊ ထောင်ဒဏ်အပြစ်ပေးပေး တူညီသည့်အချက်က တရားစွဲဆိုခံရသူ
စာနယ်ဇင်းအနေဖြင့် သတင်းရယူခဲ့မှု၊ သတင်းရေးသားဖော်ပြခဲ့မှုနှင့်ပတ်သက်ပြီး အနိုင်ရသည့်
အမှုမရှိသေးခြင်းပင်ဖြစ်သည်။
"အစိုးရက ဆင်ဆာစနစ် ဖျက်သိမ်းလိုက်ပေမယ့် စာနယ်ဇင်းတွေအနေနဲ့က လွတ်လပ်စွာ
ထုတ်ဖော်ရေးသားခွင့်အကျိုးကို မခံစားရသေးပါဘူး။ ဘာကြောင့်လဲဆိုတော့ အစိုးရ ၀န်ကြီးဌာန
တွေက စာနယ်ဇင်းကတစ်ဆင့် ပြည်သူတွေ ကိုသတင်းအချက်အလက် မပေးကြသေးဘူး၊ အစိုးရ
တာဝန်ရှိသူအများစုက စာနယ်ဇင်းလွတ်လပ်ခွင့်ဆိုတာကို အသိအမှတ်မပြုသေးဘူး။
သူတို့အနေနဲ့ ပြည်သူတွေရဲ့ သိပိုင်ခွင့်ဆိုတာကို မလေးစားကြသေးဘူး။ အစိုးရပိုင်းက
အသိအမှတ်ပြုမှုမရှိဘဲနဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်ဆိုတာလည်း တန်ဖိုးတစ်ခုအနေနဲ့ အရေးပါလာ
မှာမဟုတ်ဘူး"ဟု ရန်ကုန်သတင်းစာပညာကျောင်း ဒါရိုက်တာ ဦးရဲနိုင်မိုးက ပြောသည်။
မြန်မာနိုင်ငံအခြေစိုက် နိုင်ငံခြားသတင်းဌာန တစ်ခုဖြစ်သည့် NHK သတင်းဌာနမှ သတင်းထောက်
ဦးသီဟသွယ်က "ကျွန်တော့်အမြင် ပြောရရင် ကျွန်တော်တို့ တိုင်းပြည်ထဲရှိတဲ့ မီဒီယာလုပ်ငန်း
လုပ်ကိုင်နေကြတဲ့ ပြည်တွင်း ပြည်ပ မီဒီယာသမားအားလုံးပါ၀င်တဲ့ ဆွေးနွေးပွဲတစ်ခု
ပေါ်ထွက်လာအောင် လုပ်ဆောင်သင့်တယ်။ ပြီးတော့ ကျွန်တော်တို့အားလုံး ကြံုတွေ့နေရတဲ့
(စာနယ်ဇင်း) လွတ်လပ်ခွင့်ဆိုတာနဲ့ ပတ်သက်ပြီး ရှင်းလင်းသေချာအောင်၊ တိကျပြတ်သား
အောင်၊ တုံ့ပြန်ပြောဆိုနိုင်အောင် လုပ်ဆောင်ရမယ်။ လက်ရှိအခြေအနေအရ ဆင်ဆာစနစ်
မရှိတော့လို့ ကျွန်တော်တို့အနေနဲ့ လွတ်လပ်စွာသတင်းရေးသားခွင့် ရှိလာပေမယ့် ကျွန်တော်တို့
သတင်းတွေနဲ့ ပတ်သက်ပြီး အခြားသော အရပ်တွေ၊ အခြားသော ပုံစံတွေအနေနဲ့ ပြဿနာတွေက
ကြံုတွေ့နေရတာဖြစ်တယ်" ဟု မြန်မာတိုင်း(မ်)ကိုပြောသည်။
စာပေစိစစ်ရေးနှင့် ဆင်ဆာစနစ် ဖျက်သိမ်းလိုက်ခြင်းကြောင့် စာနယ်ဇင်းများတွင် လွတ်လပ်စွာ
ရေးသားဖော်ပြခွင့် ရှိလာခဲ့သည့်နည်းတူ ယင်းကိုအခြေခံပြီး စာနယ်ဇင်းကျင့်ဝတ်နှင့် မလျော်ညီ
သည့် ရေးသားဖော်ပြချက်လည်း ပေါ်ထွက်လာခဲ့သည်။
"ကျွန်တော်တို့ သတင်းသမားတွေဘက်ကလည်း သတင်းလွတ်လပ်ခွင့်လို့ပြောနေတဲ့ အပေါ်မှာ
ဘယ်လိုနားလည်ကြသလဲလို့ မေးခွန်းထုတ်စရာ ရှိပါတယ်။ သတင်းသမားတွေထဲမှာလည်း
လူအမျိုးမျိုး စိတ်အထွေထွေရှိကြတယ်။ နောက်တစ်ခုက သတင်းမီဒီယာလောကထဲကို
ကျွန်တော့် အယူအဆအရ တမင်သက်သက် သတင်းသမားတွေကို အရောင်ဆိုးဖို့၊
သတင်းမီဒီယာ လောကကို ရုပ်ဆိုးအောင်လုပ်ဖို့ တမင်ရည်ရွယ်ချက်နဲ့ဝင်လာတဲ့ အရေခြံုမီဒီယာ
တွေလည်းရှိတယ်" ဟု မြန်မာနိုင်ငံစာနယ်ဇင်း ကောင်စီ(ယာယီ)အတွင်းရေးမှူးနှင့် သည်ဗွိုက်စ်
သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက ပြောသည်။
လွတ်လပ်ခွင့်သည် စည်းစနစ်ကျနရန် လိုအပ်ပြီး ပရမ်းပတာ လွတ်လပ်မှုမျိုး မဖြစ်သင့်ကြောင်း
Asian Fame Media Group မှ သတင်းတည်းဖြတ်ခြင်းနှင့် နည်းပညာဆိုင်ရာ ဒါရိုက်တာ
ဦးဖိုးနိုင်လင်းက ပြောသည်။
"စာနယ်ဇင်းက သူကိုယ်တိုင်လွတ်လပ်ခွင့် မရှိဘဲ တခြားမဏ္ဍိုင် သုံးခုကို ထိန်းညှိမပေးနိုင်ဘူး။
ဒါပေမဲ့ (စာနယ်ဇင်း) လွတ်လပ်ခွင့်ဆိုတဲ့ အရာကလည်း စနစ်တကျဖြစ်သင့်တယ်။ ပရမ်းပတာမျိုး
တော့ မဖြစ်သင့်ဘူး။ ကျင့်ဝတ်ပိုင်းဆိုင်ရာ အရလည်းဖြစ်သင့်တယ်။ ပြည့်စုံပြီး စနစ်ကျတဲ့
စာနယ်ဇင်းလွတ်လပ်ခွင့်မျိုးကသာ ဒီမိုကရေစီနဲ့ပြည်သူတွေရဲ့ အခွင့်အရေးခိုင်မြဲဖို့ ပံ့ပိုးပေးနိုင်မှာ
ဖြစ်တယ်" ဟု ၎င်းက ဆိုသည်။
အစိုးရဌာနပိုင်းဆိုင်ရာများ၊ စာနယ်ဇင်းသမားများ၊ စာနယ်ဇင်းအဖွဲ့အစည်းများ နည်းတူ စာနယ်ဇင်း
လွတ်လပ်ခွင့်အကြောင်းပြောဆိုရာတွင် ချန်ရစ်ထား၍မရသည့် အရာသည် စာနယ်ဇင်းထုတ်ဝေသူ
ပိုင်ရှင်များနှင့် စာဖတ်သူများပင်ဖြစ်သည်။
"ကျွန်တော်တို့ဆီမှာ ယေဘုယျအားဖြင့် အခြားလိုအပ်ချက်တစ်ခုက ထုတ်ဝေသူပိုင်ရှင်နဲ့
စာဖတ်သူတွေရဲ့ အမြင်ပါ။ ဒါတွေကိုလည်း မြှင့်တင်နိုင်ဖို့ လိုအပ်တယ်။ စာနယ်ဇင်းလောကထဲမှာ
ရှိနေတဲ့သူတွေကိုယ်တိုင် မြှင့်တင်ဖို့လိုအပ်ပါတယ်"ဟု ဦးသီဟသွယ်က ပြောသည်။
စစ်အစိုးရမှ အရပ်သားအစိုးရသို့ ပြောင်းလဲ ခဲ့ပြီးနောက်ပိုင်း မြန်မာ့စာနယ်ဇင်းဖွံ့ဖြိုး တိုးတက်ရေး
အတွက် လွတ်လပ်သော အဖွဲ့အစည်းအဖြစ် တည်ထောင်လာကြသည့် စာနယ်ဇင်းဆိုင်ရာ
အဖွဲ့အစည်းများလည်း အလျှိုအလျှို ပေါ်ထွက်လာခဲ့သော်လည်း အဆိုပါ အဖွဲ့ အစည်းအသီးသီး
တွင် ပါ၀င်ကြသူအချို့၏ စာနယ်ဇင်းကျင့်ဝတ်ဆိုင်ရာ စောင့်ထိန်းလိုက်နာမှုအပေါ်၌လည်း
မေးခွန်းများက ရှိနေဆဲ ဖြစ်သည်။
နှစ်ပေါင်း ၅၀ ကျော်အမှောင်ထဲတွင် နေထိုင်ဖြတ်သန်းခဲ့ရသည့် ကဏ္ဍအသီးသီး၏ ရပ်တည်
ရှင်သန်မှုများသည် အားနည်းချက်များစွာ ရှိနေဆဲဖြစ်ပြီး ဒီမိုကရေစီကူးပြောင်းမှုတွင် ကြီးစွာသော
အခန်းကဏ္ဍက ပါ၀င်လာခဲ့သည့် စာနယ်ဇင်းလွတ်လပ်ခွင့်၊ လွတ်လပ်စွာရေးသားဖော်ထုတ်ခွင့်၊
သတင်းရယူပိုင်ခွင့်၊ ယင်းအတွက် ကျင့်ဝတ်လိုက်နာစောင့်ထိန်းခြင်း၊ တာဝန်ယူတာဝန်ခံခြင်း၊
ရေရှည်ရပ်တည်မှုနှင့် ဈေးကွက်စီးပွားရေးကြား မြန်မာနိုင်ငံ စာနယ်ဇင်း လွတ်လပ်ခွင့်သည်လည်း
အခြားသော အာရှပစိဖိတ်နိုင်ငံများနည်းတူ လုံးဝမလွတ်လပ်သေးသော ခရမ်းရောင်၌
ရပ်တန့်နေဆဲပဲဖြစ်သည်။

















