ဒေါ်အောင်ဆန်းစုကြည် တပ်မတော်ကို စည်းရုံးပါ

ဒေါ်အောင်ဆန်းစုကြည် တပ်မတော်ကို စည်းရုံးပါ

ပြီးခဲ့တဲ့ ရက်ပိုင်းက ဧရာဝတီတိုင်း မအူပင်မြို့ မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး ဖွဲ့စည်းပုံ ပြင်ဆင်ရေး လူထု အစည်းအဝေးပွဲကြီးတစ်ခု ကျင်းပခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ဧရာဝတီတိုင်း မအူပင်မြို့ မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး ဖွဲ့စည်းပုံ
ပြင်ဆင်ရေး လူထု အစည်းအဝေးပွဲကြီးတစ်ခု ကျင်းပခဲ့ပါတယ်။

ပြည်သူလူထု အုန်းအုန်းကျွက်ကျွက် တက်ရောက် ထောက်ခံခဲ့ ကြတဲ့ပွဲပါ။ အင်န်အယ်လ်ဒီ
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ၈၈ ပွင့်လင်းအဖွဲ့ ပူးပေါင်း အကောင် အထည်ဖော်နေတဲ့ ဖွဲ့စည်းပုံ
ပြင်ရေး၊ လူထု ရှင်းလင်းပွဲနဲ့ လက်မှတ်ကောက်ခံရေး အစည်း အဝေးပွဲတွေကို ရန်ကုန်၊ မန္တလေးနဲ့
တခြား မြို့ကြီးတွေမှာလည်း ကျင်းပကြပါဦးမယ်။

ဒီလူထု စည်းဝေးပွဲကြီးတွေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ၊ ၈၈ အဖွဲ့တွေ
အဓိကထား တင်ပြတာက ဖွဲ့စည်းပုံထဲက ပုဒ်မ ၄၃၆ ကို ပြင်ဆင်ရေးပါ။

လက်ရှိ ဒေါ်အောင်ဆန်းစုကြည် တို့ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ အဲဒီ လူထု
ရှင်းလင်းပွဲတွေ၊ ပုဒ်မ ၄၃၆ ပြင်ရေး လက်မှတ်ကောက်ခံမှုတွေ ဘယ်အခြေအနေ ရှိနေသလဲ၊
ပုဒ်မ ၄၃၆ ပြင်ရေးရဲ့ တကယ့် ရည်ရွယ်ချက်က ဘာလဲ၊ ဒီရည်ရွယ်ချက် အောင်မြင်နိုင်မလား
ဆိုတာ ခုတစ်ပတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

ပုဒ်မ ၄၃၆ ပြင်ရေးနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ ပွင့်လင်းက ဦးကိုကိုကြီးတို့
ဟောကြ၊ ပြောကြ၊ အင်တာဗျူးတွေမှာ ဖြေကြတာဟာ စကားလုံးတွေလည်း ပြောင်မြောက်၊
ဆွဲဆောင်မှုလည်းရှိ၊ ပရိသတ်ရဲ့ လက်ခုပ်သံလည်း မစဲလောက်အောင် ရကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟောပြောချက်တွေမှာ ဆိုရင် "ဒီမိုကရေစီ စံနှုန်း စံထားအရဆိုရင်
ကျွန်မတို့ အားလုံးဟာ တန်းတူညီတူမှု ရှိရမယ်၊ ပြည်သူလူထုရဲ့ဆန္ဒကသာ ဩဇာအရှိဆုံး
ဖြစ်ရမယ်၊ ပြည်သူလူထုက အမြင့်မားဆုံး ဩဇာပေးထားသူ သမ္မတကသာ ဩဇာအရှိဆုံး
ဖြစ်ရမယ်၊ ဒီလိုမှမဟုတ်ဘဲနဲ့ အစုအဖွဲ့တစ်ခုကို အဓိက အကြီးဆုံး၊ အမြင့်မားဆုံး ဩဇာပေးထား
တာဟာ ဘယ်လိုမှ ဒီမိုကရေစီ မဆန်ဘူးဆိုတာ ကျွန်မတို့အားလုံး နားလည်မယ်လို့ ကျွန်မ
မျှော်လင့်ပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။

ဖွဲ့စည်းပုံအရ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရဲ့ အနေအထား ထိုးထွက်နေတာကို ထောက်ပြခဲ့
တာပါ။ ဒေါ်စုပြောတာ သွေးထွက်အောင် မှန်သလို ပရိသတ်ရဲ့ လက်ခုပ်သံ အကြီးအကျယ်ရခဲ့ပါ
တယ်။ နောက်ထပ်လည်း လူထု ထောက်ခံမှု ရကြပါဦးမယ်။

တကယ်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ထဲက ဒီမိုကရေစီ မဆန်တာတွေကို ဖြုတ်ပယ်မယ်
ဆိုရင် အဲဒီ တစ်အုပ်လုံးနီးပါး ကုန်သွားနိုင်ပါတယ်။

မြင်သာအောင် ပြောရရင် စစ်ဘုရင် မင်းဆက် တည်ထောင်နိုင်အောင် ရေးဆွဲပြဋ္ဌာန်းထားတဲ့
ဖွဲ့စည်းပုံလို့တောင် ပြောနိုင်ပါတယ်။

ဒါပေမဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ဒီမိုကရေစီ စံနှုန်းတွေ ဒီလောက် သွေဖည်နေတာတောင်
ဘယ်သူမှ အသစ်ပြန်ရေးဆွဲမယ် မပြောကြပါဘူး။

ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်၊ အင်န်အယ်လ်ဒီ ကိုယ်တိုင်၊ အခြားသော အတိုက်အခံနဲ့
တိုင်းရင်းသား အင်အားစုတွေ ကိုယ်တိုင် 'ပြုပြင်မယ်' ဆိုတဲ့ စကားတွေပြော၊ ပြုပြင်မယ်ဆိုတဲ့
သဘောထားတွေ ပေးကြတာပဲ ရှိပါတယ်။

အလားတူ သမ္မတဦးသိန်းစိန်၊ သူရဦးရွှေမန်းနဲ့ အာဏာရ ပြည်ခိုင်ဖြိုးပါတီ ဘက်ကလည်း ခေတ်နဲ့
လျော်ညီအောင် ပြုပြင်ရမယ် ပြောပါတယ်။

ဒါပေမဲ့ မတူညီကြတာက ဖွဲ့စည်းပုံကို ဘယ်လိုပြင်မလဲ ဆိုတာမှာပါ။

သမ္မတနဲ့ ကာကွယ်ရေး ဦးစီးချုပ်ကတော့ ဖွဲ့စည်းပုံပြင်ဆင်ရေး ပြဋ္ဌာန်းထားတဲ့ ပုဒ်မ ၄၃၆ အတိုင်း
ပြင်ပါလို့ သဘောထား ပေးထားပြီးပါပြီ။

ပုဒ်မ ၄၃၆ မှာ ဖော်ပြထားတာက ဖွဲ့စည်းပုံထဲက တစ်ချို့ပုဒ်မတွေကို ပြင်ချင်ရင် တပ်မတော်သား
အမတ်တွေ အပါအဝင် အမတ် စုစုပေါင်းရဲ့ ရ၅ ရာခိုင်နှုန်း ကျော်မဲနဲ့ ပြင်နိုင်တယ်၊ တစ်ချို့ပုဒ်မတွေ
ကိုတော့ လူထု ဆန္ဒခံယူပွဲပါ လုပ်ရမယ်လို့ ဆိုထားတာပါ။

ထပ်ပြီး အဓိပ္ပာယ် ဖွင့်ရရင် ဖွဲ့စည်းပုံပြင်ဖို့ တပ်မတော်သား အမတ်တွေရဲ့ ထောက်ခံချက် တစ်နည်း
ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ထောက်ခံချက်ရမှ ပြင်နိုင်မယ်။

တပ်မတော်သား အမတ်တွေကသာ ထောက်ခံရင်၊ ရွေးကောက်ခံ အမတ်တွေရဲ့ ၆၇ ရာခိုင်နှုန်း
သဘောတူရင် ပြင်နိုင်တယ် ဆိုတာမျိုး ဖြစ်ပါတယ်။ သမ္မတနဲ့ ကာချုပ်က ဒီလိုမျိုး လိုလားပါ
တယ်။

အခု ဒေါ်အောင်ဆန်းစုကြည်၊ အင်န်အယ်လ်ဒီ နဲ့ ၈၈ အဖွဲ့တွေက ပုဒ်မ ၄၃၆ ပြင်ချင်တယ်ဆိုတာ
အဲဒီသဘောထားနဲ့ လုံးဝခြားနားပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေကို တပ်မတော်ရဲ့ သဘောမပါလည်း ပြင်လို့ရချင်တယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းပါ ဖော်ပြချက်တွေအရ စစ်တပ်ကို အရပ်သား အုပ်ချုပ်မှုအောက်
ထားချင်တယ်၊ စစ်တပ်၊ ဒါမှမဟုတ် ကာကွယ်ရေးဦးစီးချုပ်က ရယူထားတဲ့ အခွင့်ထူးတွေ အားလုံး
ရုပ်သိမ်းချင်တယ်လို့ ဆိုပါတယ်။

ပွင့်ပွင့်လင်းလင်း ထုတ်မပြောပေမယ့် တပ်မတော်ဟာ နိုင်ငံရေးနဲ့ မပတ်သက်ဘဲ စစ်တန်းလျား
ပြန်ရေး ဆိုတာပါပဲ။

တကယ်တော့ လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး၊
တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနဲ့ မကိုက်ညီသလို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်
လှုပ်ရှားနေတဲ့ ၄၃၆ ပြင်ရေး၊ တစ်နည်း ဖွဲ့စည်းပုံကို တပ်မတော် သဘောတူတူ မတူတူ ပြင်နိုင်ရေး၊
တပ်မတော် စစ်တန်းလျားပြန်ရေးဆိုတာဟာလည်း အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကို
ဖြစ်ပေါ်စေမယ့် တောင်းဆိုမှုမျိုး မဟုတ်ပါဘူး။

လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော် စစ်အုပ်ချုပ်ရေး ကာလတွေကို ပြန်ပြောင်းကြည့်ရင် အာဏာရှင်
တွေဟာ ပြည်သူတွေကို မတရားဖိနှိပ်အုပ်ချုပ်ခဲ့ပါတယ်။

အဲဒီကာလ ဒေါ်အောင်ဆန်းစုကြည် နဲ့ အင်န်အယ်လ်ဒီရဲ့ လမ်းစဉ်ဟာ တွေ့ဆုံ ဆွေးနွေးရေး
ကမ်းလှမ်းထားတာကလွဲပြီး တပ်မတော်ခေါင်းဆောင်တွေကို အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး
ကို အခြေခံတဲ့ တိကျတဲ့ လမ်းစဉ်နဲ့ စည်းရုံးဆွဲဆောင်တာမျိုး ရှိကို မရှိခဲ့ပါဘူး။

ဒါကြောင့်လည်း နိုင်ငံရေးအရ အောင်မြင်မှုမရခဲ့ပါဘူး။ လက်ရှိ ဖြစ်ထွန်းနေတဲ့ အခြေအနေဟာ
စစ်ခေါင်းဆောင်တွေဘက်က သူတို့သဘောနဲ့ သူတို့ လုပ်တဲ့ အပြောင်းအလဲ အခင်းအကျင်းပဲ
ဖြစ်ပါတယ်။

ဒီလိုအခြေအနေအောက်မှာ တကယ်လို့သာ ဒေါ်အောင်ဆန်းစုကြည်သာ အမျိုးသား ပြန်လည်
ရင်ကြားစေ့ရေးကို အခြေခံတဲ့ သေနင်္ဂဗျူဟာတစ်ရပ် ချမှတ်ပြီး တပ်မတော်ခေါင်းဆောင်တွေကို
စည်းရုံးမယ်ဆိုရင် တကယ့် အချိန်ကောင်းပါ။

အကြောင်းကတော့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ နိုင်ငံရေးကို လွတ်လွတ်လပ်လပ် လုပ်ခွင့်ရ
နေပြီး စာနယ်ဇင်း လွတ်လပ်ခွင့်လည်း ရှိနေတော့ သူဘာပဲပြောပြော တပ်မတော် ခေါင်းဆောင်
တွေ ကြားနိုင်၊ သိနိုင်၊ မြင်တွေ့နိုင်ကြလို့ ဖြစ်ပါတယ်။

လက်ရှိ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်လှုပ်ရှားနေတဲ့ ပုဒ်မ ၄၃၆ ပြင်ရေး၊ တစ်နည်း ဖွဲ့စည်းပုံကို
တပ်မတော် မပါဘဲ ပြင်ရေးနဲ့ ပတ်သက်ပြီး နိုင်ငံရေးသမားတွေ၊ နိုင်ငံရေး ခေါင်းဆောင်တွေက
သူတို့ အမြင်တွေကို ထုတ်ဖော်ပြောဆိုတာ ရှိပါတယ်။

ဘယ်သူ တစ်ဦးတစ်ယောက်ကမှ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် ဒီလှုပ်ရှားမှု အောင်မြင်မယ်လို့
ယူဆတာ မတွေ့ရပါဘူး။

ထူးခြားတာက ဒီလို အောင်မြင်ဖို့ မသေချာသလောက် ဖြစ်နေတဲ့ လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး
ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ထောက်ပြ ပြောဆိုတာမျိုး မရှိခြင်းပါ။

တချို့နိုင်ငံရေးသမားတွေ အမြင်မှာတော့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ပုဒ်မ ၄၃၆ ပြင်ရေး
လုပ်နေတာဟာ တပ်မတော်ကို ဆွေးနွေးပွဲ စကားဝိုင်းထဲ ရောက်လာအောင် ဖိအားပေးတဲ့
နည်းတစ်ရပ်အဖြစ် ရှုမြင်တာမျိုးလည်း ရှိပါတယ်။

တကယ်လို့ တပ်မတော်ကို ဖိအားပေးဖို့ ပုဒ်မ ၄၃၆ ပြင်ရေး လှုပ်ရှားမှု လုပ်တယ်ဆိုရင် ဒါလည်း
အောင်မြင်မှုရမှာ မဟုတ်ပါဘူး။

ဒီလှုပ်ရှားမှုဟာ တပ်မတော်ကို ဆွေးနွေးပွဲ စကားဝိုင်းနဲ့ ခပ်ဝေးဝေးမှာနေဖို့ သတိပေးသလိုပဲ
ဖြစ်စေပါလိမ့်မယ်။

ဘယ်လိုပဲဖြစ်ဖြစ် ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် ဖွဲ့စည်းပုံပြင်ရေးနဲ့ ပတ်သက်ရင် အမျိုးသား
ပြန်လည် ရင်ကြားစေ့ရေးမူကို အခြေခံပြီး အကောင်အထည် ဖော်ရပါလိမ့်မယ်။

တပ်မတော်လည်း ရပ်တည်နိုင်တဲ့၊ ပြည်သူတွေ ရွေးကောက်တင်မြှောက်လိုက်တဲ့ အစိုးရအဖွဲ့ က
တိုင်းပြည်ကို အုပ်ချုပ်နိုင်တဲ့ အနေအထားမျိုး ယှဉ်တွဲရှိနိုင်တဲ့ အခြေအနေဖြစ်အောင် ကြိုးစားဖို့
လိုပါတယ်။

နောက်တစ်ချက် အရေးကြီးတာက ဖွဲ့စည်းပုံပြင်မယ့် လွှတ်တော်ထဲမှာ အင်န်အယ်လ်ဒီဟာ
အမတ်နည်းနည်းလေးပဲ ရှိနေတယ်ဆိုတဲ့ အနေအထားကိုလည်း ထည့်တွက်ရပါလိမ့်မယ်။

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အချိန်မတိုင်ခင်၊ လွှတ်တော်ထဲမှာ လူများစု
မဖြစ်သေးခင်၊ ဒုတိယ အဆင့်အတန်းလို့ ပြောနိုင်တဲ့ အုပ်ချုပ်ရေးအာဏာ ကိုယ့်လက်ထဲ
မရောက်သေးခင် တပ်မတော်ကို တွန်းဖယ်မယ့်နည်းအစား လက်တွေ့ကျတဲ့ သေနင်္ဂဗျူဟာအသစ်
ချမှတ်ပြီး စည်းရုံးဆွဲဆောင်သင့်ပါကြောင်း သုံးသပ်လိုက်ရပါတယ်။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021