မြန်မာပြည်မှာ IP Law ရှိသလား (၃)

မြန်မာပြည်မှာ IP Law ရှိသလား (၃)

"မြန်မာနိုင်ငံရဲ့ 'Intellectual property law' နဲ့ ပတ်သက်လို့ ပထမအုပ်စုဖြစ်တဲ့ 'copyright' အကြောင်းကို အရင်တစ်ပတ်က ဆွေးနွေးခဲ့ကြပြီး ဖြစ်ပါတယ်ဆရာ။ အခုဆက်လက်ပြီး ဒုတိယအုပ်စုဖြစ်တဲ့ 'Industrial property' နဲ့ ပတ်သက်လို့ မြန်မာနိုင်ငံဥပဒေတွေအကြောင်း ပြောပါဦးဆရာ။ တချို့ကလည်း မြန်မာပြည်မှာ ကုန်အမှတ်တံဆိပ်ဥပဒေမရှိဘူး၊ IP law မရှိဘူး ဆိုပြီး ပြောနေကြတာတွေလည်းရှိတော့ ..."

"မြန်မာနိုင်ငံရဲ့ 'Intellectual property law' နဲ့ ပတ်သက်လို့ ပထမအုပ်စုဖြစ်တဲ့ 'copyright'
အကြောင်းကို အရင်တစ်ပတ်က ဆွေးနွေးခဲ့ကြပြီး ဖြစ်ပါတယ်ဆရာ။ အခုဆက်လက်ပြီး ဒုတိယ
အုပ်စုဖြစ်တဲ့ 'Industrial property' နဲ့ ပတ်သက်လို့ မြန်မာနိုင်ငံဥပဒေတွေအကြောင်း
ပြောပါဦးဆရာ။ တချို့ကလည်း မြန်မာပြည်မှာ ကုန်အမှတ်တံဆိပ်ဥပဒေမရှိဘူး၊ IP law မရှိဘူး
ဆိုပြီး ပြောနေကြတာတွေလည်းရှိတော့ ..."

"မြန်မာပြည်မှာ ကုန်အမှတ်တံဆိပ်ဥပဒေ မရှိဘူးလို့ပြောတယ်ဆိုရင်တော့ မမှန်ဘူးကွ။
မြန်မာပြည်မှာ 'Trademarks Registration Act' (ကုန်အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းဆိုင်ရာ
ဥပဒေ) ဆိုပြီး အဲဒီကိစ္စအတွက် သီးခြားပြဋ္ဌာန်း ပေးတဲ့ဥပဒေသာ မရှိတာ။ အင်္ဂလန်၊ အိန္ဒိယစတဲ့
တခြားနိုင်ငံတွေမှာ ကုန်အမှတ်တံဆိပ် မှတ်ပုံတင်ခြင်းနဲ့ ပတ်သက်လို့ 'Trademarks
Registration Act' ဆိုပြီးရှိသလို မြန်မာနိုင်ငံမှာ အလားတူဥပဒေ မရှိတာတော့ မှန်တယ်။
ဒါပေမယ်လို့ မြန်မာနိုင်ငံမှာ ကုန်အမှတ်တံဆိပ်ဆိုင်ရာဥပဒေ (Trademarks law) ဆိုတာကတော့
ရှိတယ်လေ။ အင်္ဂလိပ်ဓလေ့ထုံးတမ်းဥပဒေ (English Common law) ကနေဆင်း သက်လာတာ
ဖြစ်ပြီး တရားစီရင်ထုံးတွေကို အခြေခံဆုံး ဖြတ်ရတဲ့ 'case-law' ပေါ့ ။ ပြဋ္ဌာန်းဥပဒေ (statute
law) တော့မဟုတ်ဘူး။ သူတစ်ပါးရဲ့ ကုန်အမှတ်တံဆိပ်ကို ကူးယူသုံးစွဲမှု၊ ဆင်တူယိုးမှား ပြုလုပ်မှု
တွေကို အဲဒီကိစ္စနဲ့ ပတ်သက်တဲ့ တရားစီရင်ထုံး တွေအပေါ် အခြေခံပြီး တရားမမှုစွဲဆိုခွင့်ရှိတယ်
မဟုတ်လား။ ဒီလိုအရေးယူဆောင်ရွက်လာခဲ့ကြတာ နှစ်ပေါင်း တစ်ရာတောင်ကျော် လာခဲ့ပြီပဲ"

"ဟုတ်ပါတယ်ဆရာ"

"နောက်ပြီး မိမိပိုင် ကုန်အမှတ်တံဆိပ်ဖြစ်ကြောင်း သက်သေပြနိုင်ဖို့အတွက် ကုန်အမှတ် တံဆိပ်
တွေကို စာချုပ်စာတမ်း မှတ်ပုံတင်အက် ဥပဒေအရ မှတ်ပုံတင်ခွင့်ပြုထားလို့ အဲဒီလို မှတ်ပုံတင်ပြီး
ကြောင်း သတင်းစာတွေမှာ ကြော်ငြာကြတာကိုလည်း တွေ့နေကြရတယ် မဟုတ်လား"

"အဲဒီလို ကုန်အမှတ်တံဆိပ်ကို မှတ်ပုံတင်ပြီးရင် အဲဒီကုန်အမှတ်တံဆိပ်ကို မှတ်ပုံတင်တဲ့သူက
ပိုင်ဆိုင်ခွင့်ရပြီလို့ ပြောနိုင်ပါသလားဆရာ"

"အဲဒီလိုတော့ ယတိပြတ် မပြောနိုင်ဘူး။ ဥပဒေဘာသာစကားနဲ့ ပြောရမယ်ဆိုရင်တော့
ကုန်အမှတ်တံဆိပ်ကို လက်ရှိသုံးစွဲနေတဲ့ နည်းလမ်းအတိုင်း မှတ်ပုံတင်တာဟာ ကုန်အမှတ်
တံဆိပ်ပိုင်ဆိုင်ကြောင်း အပြီးသတ်သက်သေခံချက် (conclusive evidence) မဟုတ်သေးဘူး။
ကန့်ကွက်သူမရှိရင် အမှန်ဖြစ်တယ်လို့ လက်ခံနိုင်တဲ့၊ တစ်နည်းအားဖြင့် အပေါ်ယံကြောအမြင်အရ
အသိအမှတ်ပြုနိုင်တဲ့ သက်သေခံချက် (prima facie evidence) သာဖြစ်တယ်"

"အဲဒီလိုဆိုတော့ ကုန်အမှတ်တံဆိပ်ကို မှတ်ပုံတင်တဲ့အတွက် ဘယ်လိုအကျိုးထူးတွေ ရနိုင်မှာ
ပါလဲ ဆရာ"

"မှတ်ပုံတင်ထားတဲ့ ကုန်အမှတ်တံဆိပ်နဲ့ ပတ်သက်လို့ တရားမမှုမှာဖြစ်ဖြစ်၊ ရာဇဝတ်မှုမှာဖြစ်ဖြစ်
ပိုင်ဆိုင်ခွင့်အငြင်းပွားမှု ပေါ်ပေါက်လာရင် မှတ်ပုံတင်ထားသူအနေနဲ့ အဲဒီလို မှတ်ပုံတင်ထားပြီးပြီ
ဆိုတဲ့ အချက်ကို သက်သေခံ တင်ပြလိုက်ရင် ဆန့်ကျင်ဘက်အမှုသည်အနေနဲ့ အဲဒီသက်သေခံ
ချက်ကို နှုတ်သက်သေခံချက်နဲ့ လွှမ်းမိုးပယ်ဖျက်လို့ မရနိုင်ဘူး။ မှတ်ပုံတင်ထားသူအနေနဲ့
သူတစ်ပါးပိုင်ဆိုင်တဲ့၊ သူတစ်ပါး အသုံးပြုနေတဲ့ အမှတ်တံဆိပ်ကို ကူးယူထားတာ၊ ဆင်တူယိုးမှား
ပြုလုပ်ထားတာ မဟုတ်ရင် သူ့ဘက်ကအနိုင်ရဖို့က သေချာပါတယ်"

"ဥပဒေနဲ့အညီ မှတ်ပုံတင်ထားပါလျက်နဲ့ ကန့်ကွက်သူရှိလို့ အမှုဆိုင်ရမယ်ဆိုတော့ ဥပဒေရဲ့
အားနည်းချက်ဖြစ်တယ်လို့ မဆိုနိုင်ဘူးလား ဆရာ"

"ဒါမျိုးကတော့ ရှောင်လွှဲလို့ မရနိုင်ဘူး။ ဥပဒေအသစ်ပြဋ္ဌာန်းပြီးရင်လည်း ကုန်အမှတ်တံဆိပ်
ပိုင်ဆိုင်ခွင့်အတွက် အငြင်းပွားမှုကတော့ အနည်းနဲ့အများဆိုသလို ရှိနေဦးမှာပဲ။ ဒီလိုအမှုမျိုးက
အိမ်မြေအရောင်းအဝယ်လုပ်တဲ့ စာချုပ်ကို မှတ်ပုံတင်တဲ့ ကိစ္စတွေမှာလည်း ပေါ်ပေါက်တတ်တယ်
မဟုတ်လား။ အိမ်မြေအရောင်းအဝယ် စာချုပ်ပြုလုပ်ပြီး မှတ်ပုံတင်ပြီးခါမှ အဲဒီစာချုပ်ပါ ပစ္စည်းဟာ
ရောင်းသူ တစ်ဦးတည်းပိုင်တာ မဟုတ်ဘဲ အမွေဆိုင်ပစ္စည်း၊ သို့မဟုတ် နှစ်ဦးပိုင်ပစ္စည်းဖြစ်ပါတယ်
ဆိုပြီး ကန့်ကွက်တာမျိုး၊ ရောင်းသူဟာ ပိုင်ရှင် အစစ်အမှန်မဟုတ်ဘဲ ပိုင်ရှင်အဖြစ်အမည်ခံထားသူ
သာဖြစ်ပါတယ်ဆိုပြီး ကန့်ကွက်တာမျိုး၊ အဲဒီစာချုပ်ပါ ပစ္စည်းဟာ ရောင်းသူထံမှာ ပေါင်နှံထားတဲ့
ပစ္စည်းသာဖြစ်ပါတယ်ဆိုပြီး ကန့်ကွက်တာမျိုးတွေပေါ်ပေါက်ပြီး အဲဒီ အရောင်းအဝယ် စာချုပ်အား
မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်ပေးဖို့ တရားစွဲဆိုတဲ့ အမှုမျိုးတွေလည်း အများကြီးရှိတာပဲ
မဟုတ်လား၊ ဒီတော့ ဒီပြဿနာနဲ့ ပတ်သက်လို့ တခြားနိုင်ငံများရဲ့ ဥပဒေတွေမှာ ဘယ်လိုဖြေရှင်း
ထားသလဲဆိုတာ လေ့လာပြီး ယူသင့်တာကို ယူရမှာပေါ့ကွာ"

"နောက်ပြီး 'ကုန်အမှတ်တံဆိပ်ကို စာချုပ် စာတမ်းမှတ်ပုံတင်ရုံးမှာ မှတ်ပုံတင်တာဟာ
ကုန်အမှတ်တံဆိပ်ကို မှတ်ပုံတင်တာ မဟုတ်ဘဲ စာချုပ်ကို မှတ်ပုံတင်ခြင်းသာဖြစ်တယ်'လို့
ပြောတာကိုလည်း သတင်းတစ်ပုဒ်မှာ ဖတ်လိုက် ရသေးတယ်ဆရာ၊ အဲဒါ မှန်ပါသလား"

"အဲဒါကတော့ မမှန်ဘူးကွ။ စာချုပ်ဆိုတာက နှစ်ဦးနှစ်ဖက်သဘောတူညီချက်တွေကို ရေးသား
မှတ်တမ်းတင်ထားတဲ့ စာရွက်စာတမ်းကို ဆိုလိုတာမဟုတ်လား။ မြန်မာနိုင်ငံမှာ 
The Registration Act အရ စာချုပ်စာတမ်းကို မှတ်ပုံတင်တယ်ဆိုတာ 'စာချုပ်' အပါအဝင်ဖြစ်
တဲ့ 'စာရွက်စာတမ်း' အားလုံးကို မှတ်ပုံတင်တာပဲ။ အဲဒါတွေကို အဲဒီဥပဒေပုဒ်မ ၁၇ နဲ့ ၁၈ တို့မှာ
'The following documents' (အောက်ပါ စာရွက်စာတမ်းများ) လို့ သုံးထားတယ်။ အဲဒီအထဲမှာ
'စာချုပ်' တွေပါ၀င်သလို စာချုပ်မဟုတ်တဲ့ 'စာရွက်စာတမ်း' တွေ ပါ၀င်တာကိုလည်း တွေ့ရလိမ့်
မယ်။ ကုန်အမှတ်တံဆိပ်ကို မှတ်ပုံတင်တာက အဲဒီ ဥပဒေပုဒ်မ ၁၈ (စ) အရ 'မှတ်ပုံတင်လိုမှ
တင်ရတဲ့ စာရွက်စာတမ်းအမျိုးအစား' မှာ အကျုံးဝင်တဲ့ 'ကုန်အမှတ်တံဆိပ်ကို မှတ်ပုံတင်သူရဲ့
ကြေညာချက်' (declaration)၊ တစ်နည်းအားဖြင့် ပြောရရင် သူ့ရဲ့ဝန်ခံချက်ပါတဲ့ စာရွက်စာတမ်းကို
မှတ်ပုံတင်တာဖြစ်တယ်။ အဲဒီကြေညာချက်၊ သို့မဟုတ် ၀န်ခံချက်ဆိုတာ နှစ်ဦးနှစ်ဖက်ချုပ်ဆိုတဲ့
စာချုပ်လည်းမဟုတ်ဘူး။ အဲဒီကြေညာချက်ကို ဖော်ပြထားတဲ့စာရွက် ပေါ်မှာ ဖြစ်စေ၊ အဲဒီစာရွက်နဲ့
ပူးတွဲပြီးဖြစ်စေ မှတ်ပုံတင်လိုတဲ့ ကုန်အမှတ်တံဆိပ်ကိုဖော်ပြရတယ်။ စာချုပ်စာတမ်းကို မှတ်ပုံတင်
တယ်ဆိုတာ အဲဒီစာချုပ်စာတမ်းမှာ ရေးသားထားတဲ့ အကြောင်းအရာတွေ မှန်ကန်ကြောင်း
သက်သေခံချက်ဖြစ်စေဖို့ လုပ်တာမဟုတ်လား။ ဒီတော့ 'ကုန်အမှတ်တံဆိပ်ကို မှတ်ပုံတင်တာ
မဟုတ်ဘူး၊ စာချုပ်ကို မှတ်ပုံတင်တာ' လို့ ပြောတာက ကိုယ်လိုရာကိုဆွဲပြီး ကတ်သီးကတ်သတ်
ပြောတာပဲလို့သာ သတ်မှတ်လိုက်ပါ"

"ဟုတ်ကဲ့၊ အဲဒီကိစ္စကတော့ ရှင်းသွားပါပြီဆရာ။ နောက်ပြဿနာတစ်ရပ်လည်းရှိသေးတယ်။
မော်တော်ဆိုင်ကယ်နဲ့ ဘောပင်တို့ကို ရှုထောင့်အမျိုးမျိုးကနေ ဓာတ်ပုံရိုက်ပြီး မှတ်ပုံတင်ထားပြီး
ကြောင်း ကြေညာတာမျိုးကိုလည်း တစ်လောတုန်းက သတင်းစာတွေမှာ တွေ့လိုက်သေးတယ်
ဆရာ။ အဲဒါကုန်အမှတ်တံဆိပ် မှတ်ပုံတင်တာဖြစ်နိုင်ပါ့မလား"

"အဲဒါက ကုန်အမှတ်တံဆိပ်မှာ အကျုံးမဝင်ဘူးလို့ထင်တယ်၊ စက်မှုဒီဇိုင်း (Industrial design) ပဲ
ဖြစ်မယ်။ စက်မှုဒီဇိုင်းကို ဓာတ်ပုံရိုက်ပြီး မှတ်ပုံတင်တာကတော့ ပြင်ပ ပုံသဏ္ဌာန်လောက်ပဲ
မြင်နိုင်တာဆိုတော့ ဒီဇိုင်း အဖြစ်မှတ်ပုံတင်နိုင်ခြင်း ရှိ မရှိဆိုတာ သံသယ ဖြစ်စရာပဲ။ စက်မှုဒီဇိုင်း
ကို မှတ်ပုံတင်တာမျိုးက မြန်မာနိုင်ငံမှာ အရင်ကမရှိခဲ့ဘူးလို့ ထင်တယ်။ အဲဒီလို ပစ္စည်းတစ်မျိုးကို
ဓာတ်ပုံရိုက်ပြီး မှတ်ပုံတင်တယ်ဆိုတာ ဘယ်ဥပဒေအရ လုပ်တာလဲလို့ ငါတော့မသိဘူး"

"မြန်မာနိုင်ငံမှာ 'patent' နဲ့ 'industrial design' ကိုမှတ်ပုံတင်နိုင်တဲ့ ဥပဒေမရှိသေးလို့ အဲဒီလို
လုပ်တာဖြစ်မှာပေါ့ ဆရာ"

"မြန်မာနိုင်ငံမှာ 'Patent and Design Act' မရှိဘူးဆိုတာကတော့ မမှန်သေးဘူးကွ။ ဒီကိစ္စ
ကလည်း 'Trademarks' ကိစ္စမှာလိုပဲ ပြောတဲ့ လူတွေက အဲဒီဥပဒေမျိုးမရှိဘူးဆိုပြီး ပြောနေကြ
ပေမယ့် ဥပဒေကတော့ရှိနေတယ်လို့ ပြောရမှာပဲ"

"ရှင်းပါဦးဆရာ"

"အခုလက်ရှိအသုံးပြုနေတဲ့ မြန်မာနိုင်ငံ ဥပဒေအတွဲ (၁၀)၊ စာမျက်နှာ (၃၄၉)မှာ 'The Burma
Patents and Designs Act, 1945' ဆိုတာရှိတယ်မဟုတ်လား"

"ဒါပေမဲ့ အဲဒီဥပဒေပုဒ်မ ၁ (၂) အရ နိုင်ငံတော်သမ္မတက သတ်မှတ်ကြေညာတဲ့ နေ့မှာ ဥပဒေ
အာဏာသက်ရောက်စေရမယ်လို့ ပြဋ္ဌာန်းထားပေမယ့် အဲဒီလိုအာဏာ သက်ရောက်ကြောင်း
ကြေညာထားတာမရှိလို့ အသက်မဝင်သေးတဲ့ ဥပဒေမဟုတ်လား ဆရာ၊ နောက်ပြီး အဲဒီဥပဒေ
ကိုလည်း ၁၉၉၃ ခုနှစ်က ရုပ်သိမ်းပြီးပြီမဟုတ်လား"

"ဟုတ်ပါတယ်၊ ဒါပေမဲ့ အဲဒီမြန်မာနိုင်ငံ ဥပဒေ အတွဲ (၁၀)မှာပဲ စာမျက်နှာ (၃၈၃) မှာ 'The
Burma Patents and Designs (Emergency Provisions) Act, 1946' ဆိုတာလည်း
ရှိသေးတယ်လေ။ ဒီဥပဒေပုဒ်မ ၂ မှာ 'မြန်မာပြည်ကို အိန္ဒိယပြည်က ခွဲထုတ်ပြီးဖြစ်စေကာမူ
အိန္ဒိယပြည်၏ အစိတ်အပိုင်းတစ်ခုအဖြစ် ဆက်လက်တည် ရှိနေဆဲဖြစ်ဘိသကဲ့သို့ မှတ်ယူပြီး
'The  India Patents and Designs Act, 1911'ကို 'The Burma Patents and Designts
Act, 1945' အာဏာသက်ဝင်သည့် အချိန်အထိ ဆက်လက် အာဏာတည်စေရမယ်' လို့
ပြဋ္ဌာန်းထားတယ်လေ။ အဲဒီတော့ မြန်မာနိုင်ငံမှာ 'Patent  and Design Act' မရှိဘူးလို့
ပြောတာမှန်ပါ့မလား"

"အဲဒီဥပဒေကို ဆရာတွေ့ဖူးလား၊ ဆရာ့ဆီ မှာရောရှိသလား"

"ငါ့မှာရှိတဲ့အဲဒီဥပဒေက တစ်ခြမ်းပဲ့ဖြစ်နေတယ်၊ ဒီလိုကွ၊ အိန္ဒိယမှာ 'Patents and Designs Act,
1911' ဆိုတာရှိခဲ့တယ်၊ ဒါပေမဲ့ ၁၉၇၀ ပြည့်နှစ်တုန်းက အိန္ဒိယမှာ "The Patents Act" ဆိုပြီး
သီးခြားပြဋ္ဌာန်း လိုက်တဲ့အခါကျတော့ မူလရှိခဲ့တဲ့ 'The Patents and Designs Act, 1911' ပါ
'Patent' နဲ့ ပတ်သက်တဲ့ ပြဋ္ဌာန်းချက်တွေကို ဖြုတ်ပယ်ခဲ့တယ်။ အခုငါ့ဆီမှာ အဲဒီလို 'Patent'
 ကိစ္စမပါ တော့တဲ့ 'The (India) Designs Act,1911' ဆိုတာပဲရှိတယ်။ အဲဒီ 'The Patents
and Designs Act, 1911' ဆိုတာကို သိချင်ရင်တော့ လွတ်လပ်ရေးမရမီက မြန်မာနိုင်ငံ အစိုးရ
ရှေ့နေချုပ်ကြီး Sir Arthur Eggar ပြုစုခဲ့တဲ့ 'The Burma Code (old series)' ၆ တွဲထဲ
မှာရှိနိုင်တယ်။ အဲဒီမှာမတွေ့ဘူးဆိုရင်တော့ သက်ဆိုင်ရာ India Gazette ထဲမှာ ရှာကြည့်ပေါ့"

"တော်ပါပြီဆရာ၊ ဒီလိုဆိုတော့ မြန်မာပြည်မှာ 'The Patents and Designs Act' ဆိုတာ
ရှိတော့ရှိတယ်၊ ဒါပေမဲ့ မရှိဘူးလို့ ပြောရတော့ မှာပေါ့ဆရာ"

"အဲဒီဥပဒေက မြန်မာနိုင်ငံဥပဒေပေါင်းချုပ် စာအုပ်တွေမှာ မပါရှိပေမယ့် ဥပဒေမျက်စိအရ (in the
eye of law) ဆိုရင်တော့ အဲဒီဥပဒေက တည်ဆဲဥပဒေပဲကွ။ ဥပဒေစာအုပ်တွေမှာ မပါရှိလို့
မရှိဘူးလို့ပြောနေကြတာကိုး၊ ငါလည်းပဲ စောစောပိုင်းတုန်းကတော့ အဲဒီသဘောမျိုး ပြောခဲ့ဖူးသေး
တယ်။ အမှန်က အဲဒီဥပဒေက မြန်မာနိုင်ငံဥပဒေစာအုပ်တွေမှာ မပါတော့တဲ့အတွက် လူငယ်ဥပဒေ
သမားတွေအနေနဲ့ အဲဒီ ဥပဒေမျိုး မရှိဘူးဆိုပြီး ထင်ကြမှာပဲလို့ ပြောချင်ခဲ့တာကွ"

"ဟုတ်ကဲ့ပါဆရာ၊ အခုတော့ ဒီကိစ္စက ရှင်းသွားပါပြီ"

"မရှင်းသေးဘူးကွ၊ မြန်မာပြည်မှာ "Patents and Designs Act" ရှိတယ်ဆိုတာကတော့
ဟုတ်ပါပြီ။ တီထွင်သူတစ်ဦး၊ သို့မဟုတ် ဒီဇိုင်း တစ်ခုကိုတီထွင်ဖန်တီးသူတစ်ဦးက သူ့တီထွင်မှုကို
ပိုင်ဆိုင်ခွင့်ရနိုင်ဖို့အတွက် ဘယ်နေရာ၊ ဘယ်ဌာနမှာ လျှောက်ထားရမှာလဲလို့မေးရင် မင်းဘယ်လို
ဖြေမှာလဲ"

"အခုအချိန်မှာတော့ အဲဒီကိစ္စမျိုးကို ဆောင်ရွက်ပေးတဲ့ အစိုးရဌာနဆိုတာမရှိသေးဘူး မဟုတ်လား
ဆရာ"

"အဲဒါ ဒို့နိုင်ငံရဲ့ ပြဿနာပေါ့ကွ။ မြန်မာပြည်မှာ 'Patents and Designs Act' ရှိတယ်လို့
ဆိုနိုင်ပေမယ့်လို အဲဒီဥပဒေကို အသုံးချနိုင်ဖို့၊ အကောင်အထည်ဖော်နိုင်ဖို့အတွက် တာဝန်ရှိတဲ့
အစိုးရဌာနကိုမသိရဘူး၊ အဲဒီကိစ္စတွေကိုဆောင်ရွက်ခဲ့ဖူးတယ်ဆိုတဲ့ အထောက်အထားမျိုး
ကိုလည်း ငါ့အနေနဲ့ မတွေ့ဖူးဘူး။ အဲဒီတည်ဆဲဖြစ်တယ်ဆိုတဲ့ ဥပဒေမှာ 'Patent Office'၊
'Grant of Patent'၊ 'Register of Patent'၊ 'Registration of Designs' ဆိုတဲ့စကားရပ်တွေ
ပါရှိပေမယ့် အဲဒီ ရုံးက ဘယ်မှာရှိလဲဆိုတာ မသိကြဘူးမဟုတ်လား။ အဲဒီလိုပဲ 'Copyright' နဲ့  
Trademark' ဆိုင်ရာကိစ္စတွေကို ဘယ်ဌာနက စီမံအုပ်ချုပ် သလဲဆိုတာကိုလည်း အတိအကျ
မသိကြရဘူး မဟုတ်လား"

"အခုအခါမှာတော့ အဲဒီဘာသာရပ်တွေအတွက် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနနဲ့ ဦးစီးဌာနတွေ
ရှိနေပြီမဟုတ်လား ဆရာ"

"ဟုတ်ပါတယ်၊ ဒီဌာနတွေက တပ်မတော် အစိုးရလက်ထက်ရောက်မှ အသစ်ဖွဲ့စည်းတည်ထောင်
တဲ့ ဌာနတွေပဲ။ စကားစပ်မိလို့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ငါ့အတွေ့အကြံုကိုလည်း ပြောချင်သေးတယ်"

"ဟုတ်ကဲ့၊ ပြောပါဦးဆရာ"

"ဈေးကွက်စီးပွားရေးစနစ် လုပ်လိုက်တဲ့ အခါကျတော့ ရင်းနှီးမြှုပ်နှံမှုကိစ္စနဲ့အတူ IP law ကိစ္စတွေ
လည်းပါလာတာပေါ့၊ ဒီဥပဒေတွေကို ဒို့ခေတ်တုန်းက ကျောင်းမှာသင်ကြားပေးခဲ့ခြင်း မရှိတော့
ဒီဘာသာရပ်နဲ့ ပတ်သက်လို့ ဒို့သိပ် မသိဘူး။ စီရင်ထုံးတွေအရ 'Copyright' နဲ့ 'Trademark'
ကိစ္စကို နည်းနည်းပါးပါးသိတာ လောက်ပဲရှိတယ်။ ဒီတော့ ဒီဘာသာရပ်နဲ့ပတ်သက်လို့ အစိုးရဌာန
တစ်ခုခုက ဥပဒေအကြံ တောင်းလာတဲ့အခါ တချို့ကိစ္စတွေမှာ သက်ဆိုင်တဲ့ စာအုပ်စာတမ်းတွေ
ဒို့ရုံးမှာမရှိတော့ ဒီကိစ္စနဲ့ သက်ဆိုင်တယ်လို့ထင်ရတဲ့ အစိုးရဌာန တစ်ခုခုဆီက တောင်းယူ
လေ့လာပြီးမှ အကြံပေးချက်ပြန်ကြားရတာတွေရှိခဲ့တယ်"

"ဟုတ်ကဲ့၊ ကျွန်တော်လည်းသိခဲ့ရပါတယ် ဆရာ"

"တစ်ခါမှာတော့ IP ဘာသာရပ်တစ်ခုနဲ့ ပတ်သက်လို့ အကြံပေးဖို့အတွက် နိုင်ငံခြားမှာ ပြုလုပ်တဲ့
အဲဒီဘာသာရပ်ဆိုင်ရာ အစည်းအဝေးတွေကို တက်ရောက်နေတဲ့ ၀န်ကြီးဌာန တစ်ခုက အရာရှိ
တစ်ဦးဆီကို ဒို့ရုံးက ဥပဒေ အရာရှိတစ်ဦးက သွားရောက်ပြီး ဆွေးနွေး မေးမြန်းတဲ့အခါ သူက
ဥပဒေသမား မဟုတ်တော့ ဒို့သိချင်တာကိုပြည့်စုံအောင် မပြောနိုင်ဘူး။ သက်ဆိုင်တဲ့
စာရွက်စာတမ်းတွေကိုလည်း မပေးဘူး။ နောက်တစ်ခါသွားမေးတဲ့အခါမှာတော့ သူလည်းမသိဘူး။
နောင်ကိုလည်း လာမမေးပါနဲ့ဆိုပြီး ခပ်ပြတ်ပြတ်ပြောလိုက်တော့ ဒို့ဥပဒေအရာရှိလည်း
အောင့်သက်သက်နဲ့ ပြန်လာပြီး ငါ့ဆီကို သတင်းပို့တာပေါ့"

"ဟုတ်ကဲ့၊ အဲဒီဥပဒေအရာရှိပြောပြလို့ ကျွန်တော်လည်း သိခဲ့ရပါတယ်ဆရာ"

"အဲဒီအခါတုန်းက နိုင်ငံခြားသွားရတယ်ဆိုတာက အခွင့်ထူးတစ်ရပ်လိုဖြစ်နေတော့ ဥပဒေ
ဘာသာရပ်နဲ့ဆိုင်တဲ့ သင်တန်းတွေ၊ အစည်းအဝေးတွေကိုတောင် တချို့အစိုးရ ဌာနတွေက သူတို့နဲ့
ဆိုင်တယ်ဆိုပြီး သွားတက် နေကြတာပေါ့ကွာ။ အဲဒီအစည်းအဝေးတွေ၊ သင်တန်းတွေကို
သွားရောက်တက်ဖို့ လူရွေးချယ်တဲ့အဖွဲ့မှာ ငါနဲ့ ဂေါက်ရိုက်ဖက်ဖြစ်တဲ့ အစိုးရ အဖွဲ့ရုံးညွှန်ချုပ်
ကလည်း အဖွဲ့ဝင်ဖြစ်နေတော့ အဲဒီအကြောင်းတွေကို သူ့ကိုပြောပြခဲ့ရတာပေါ့၊ အဲဒီနောက်ပိုင်းမှာ
ဥပဒေဘာသာရပ်နဲ့ ဆိုင်တဲ့ အစည်းအဝေးတွေကို ဒို့ဥပဒေအရာရှိတွေ တက်ရောက်ခွင့်ရရှိခဲ့ပြီး
IP law နဲ့ ပတ်သက်လို့လည်း ဒို့ရုံးက ဥပဒေအရာရှိ တစ်ဒါဇင်လောက် နိုင်ငံခြားသွားရောက်ပြီး
အဲဒီသင်တန်းတွေ၊ ဆွေးနွေးပွဲတွေကို တက်ရောက်ခွင့် ရခဲ့တယ်ပေါ့ကွာ"

"ဟုတ်ပါတယ်ဆရာ"

"အတိုချုံးပြီးပြောရမယ်ဆိုရင်တော့ အဲဒီလို ကနေ WIPO ဌာနချုပ်နဲ့ ဒို့ရုံး အဆက်အသွယ် ရရှိခဲ့ပြီး
WIPO ကလည်း IP law နဲ့ ပတ်သက်ရင် ဒို့ရုံးကို 'focal point' (ဗဟိုအချက်အချာဌာန)
သဘောယူဆခဲ့ပုံရပါတယ်။ WIPO ရဲ့စရိတ်နဲ့ ရန်ကုန်မှာ IP law ဆိုင်ရာ ဆွေးနွေးပွဲတစ်ခု
လုပ်ပေးချင်တယ်ဆိုပြီး အကြောင်းကြားလာခဲ့တယ်။ ဒါပေမဲ့ ခက်တာက ဒို့ရုံးအနေနဲ့ IP law
မှာလည်း အတော်နှံ့စပ်အောင် သိရှိထားဖို့လိုတာ မှန်ပေမယ့် ဒီကိစ္စတွေကို လက်တွေ့
အကောင်အထည် ဖော်ဆောင်ရွက်ရာမှာ သိပ္ပံနဲ့ နည်းပညာဆိုင်ရာ ကျွမ်းကျင်သူတွေရှိမှဖြစ်မှာ
ဆိုတော့ အဲဒီ လုပ်ငန်းတွေကို ဒို့မလုပ်နိုင်ဘူးလေ။ ဒီတော့ နောင်ကို Intellectual Property
ကိစ္စနဲ့ ပတ်သက်ရင် အသစ်ဖွဲ့စည်းထားတဲ့ သိပ္ပံနဲ့ နည်းပညာဦးစီးဌာနကို focal point အဖြစ်
ဆက်သွယ်ဆောင်ရွက်ဖို့ WIPO ကိုအကြောင်း ကြားပြီး လမ်းလွှဲပေးခဲ့ရတယ်။ ရလဒ်ကတော့
၁၉၉၇ ခုနှစ်၊ အောက်တိုဘာလအတွင်းမှာ 'WIPO National Seminar on Intellectual
Property' ကိုရန်ကုန်တက္ကသိုလ်စိန်ရတုခန်းမ မှာ ကျင်းပနိုင်ခဲ့တာပဲ ဖြစ်တယ်"

"အဲဒီတုန်းက ဆရာလည်း မြန်မာနိုင်ငံ IP law အကြောင်း စာတမ်းတစ်စောင် ဖတ်ခဲ့တယ်လို့
ကျွန်တော်မှတ်မိတယ်"

"ဟုတ်တယ် 'Intellectual Property Legislation and Administration in Myanmar' ဆိုတဲ့
ခေါင်းစဉ်နဲ့ပေါ့။ သိပ်ထွေထွေ ထူးထူးတော့လည်း မဟုတ်ပါဘူး။ အခုဒို့ဆွေးနွေးခဲ့တဲ့
အကြောင်းအရာတွေကို အင်္ဂလိပ်ဘာသာနဲ့ ရေးသားဖော်ပြတာပဲ ဖြစ်ပါတယ်"

"အဲဒီနှီးနှောဖလှယ်ပွဲနောက်ပိုင်း ကျွန်တော်တို့ဆီက ရှေ့နေအတော်များများ Internet က
တစ်ဆင့် IP lawသင်ခန်းစာတွေ သင်ယူခဲ့ကြတာ တွေ့ရတော့ အဲဒီနှီးနှောဖလှယ်ပွဲရဲ့
အကျိုးဆက်လို့ ဆိုရမှာပေါ့ဆရာ"

"နောက်ပြီး IP law နဲ့ပတ်သက်လို့ ၁၉၉၆ ခုနှစ်၊ ဇူလိုင်လတုန်းကလည်းထိုင်းနိုင်ငံ၊ ဖူးခက်မြို့မှာ
ကျင်းပတဲ့ IP law ဆိုင်ရာ အာရှနိုင်ငံများရဲ့ ဆွေးနွေးပွဲမှာ 'Current Situation of Intellecutual
Property in Myanmar in Relation to Existing Relevant National Laws' ဆိုတဲ့ခေါင်းစဉ်နဲ့
စာတမ်းတစ်ခု ငါ ဖတ်ခဲ့သေးတယ်။ အဲဒီစာတမ်းရဲ့ အကြောင်းအရာကလည်း 'ထိုနည်း၎င်း' လို့ပဲ
ဆိုရမှာပေါ့။ ဒါ့ပြင် စာပေဗိမာန်၊ သုတဘဏ်စာတမ်းဖတ်ပွဲမှာလည်း မူပိုင်ခွင့်နဲ့ ပတ်သက်လို့
စာတမ်းတစ်ခု ဖတ်ခဲ့ကြောင်း ဒို့ပြောခဲ့ပြီးပြီ၊ အဲဒီစာတမ်းဖတ် ပွဲတွေမှာ မြန်မာနိုင်ငံအနေနဲ့ IP law
အသစ်တွေ ရေးဆွဲနေပါပြီလို့ ပြောခဲ့တာချည်းပဲ။ အဲဒီတော့ မင်းနဲ့ ငါဒီကိစ္စကို စဆွးနွေးကြတုန်းက
IP law အကြောင်းငါဆောင်းပါး မရေးတာ 'ငုပ်' နေလို့လား၊ တမင်'လက်ရှောင်' နေတာလားဆိုပြီး
မင်းပြောခဲ့တာနဲ့ ပတ်သက်လို့ ပြောရရင် 'ငုပ်' နေတာလည်းမဟုတ်ဘူး။ 'လက်ရှောင်' နေတာ
လည်း မဟုတ်ဘူးကွ၊ ပြောရပါများလွန်းလို့ အပ်ကြောင်းထပ်နေတော့ '၀' နေပြီ၊ 'အီ' နေပြီလို့
ဆိုရမှာပေါ့ကွာ၊ 'ဗိုလ်လို့မှုတ်' ရမယ်ဆိုရင်တော့ 'fed up' ဖြစ်သွားပြီပေါ့ကွာ"

"မကြာမီကဖတ်ရတဲ့သတင်းတစ်ပုဒ်အရဆိုရင်တော့ သိပ္ပံနဲ့ နည်းပညာဦးစီးဌာနက တာဝန်ယူပြီး
IP law အသစ် မူကြမ်းရေးဆွဲ ပြီးပြီလို့ သိရပါတယ်ဆရာ။ ဆရာ့အနေနဲ့ အကြံပေးချင်တာများ
ရှိရင်လည်း ပြောပါဦးဆရာ"

"ပထမအချက်အနေနဲ့ ပြောချင်တာက IP law မှာအကျံုးဝင်တဲ့ ဘာသာရပ်အားလုံးအတွက်
တချို့နိုင်ငံတွေမှာလို တစ်ခုတည်းသော IP ရုံး (Unified IP Office) ဖွင့်လှစ်ပြီး ၀န်ကြီးဌာန
တစ်ခုတည်းက တာဝန်ယူမှာလား၊ သို့မဟုတ် ဘာသာရပ်အလိုက် ၀န်ကြီးဌာန နှစ်ခု၊ သုံးခုက
ခွဲဝေတာဝန်ယူမှာလားဆိုတာကို မူဝါဒအနေနဲ့ ဦးစွာဆုံးဖြတ်ဖို့ လိုမယ်ထင်တယ်။ အဲဒီလို IP law
ဆိုင်ရာ ရုံးတစ်ရုံးတည်းကို တည်ထောင်မယ်ဆိုရင်တော့ UK မှာလို ဥပဒေ တစ်ခုတည်းမှာ IP law
အားလုံးပါတဲ့ ဥပဒေမျိုး ရေးဆွဲမလား ဒါမှမဟုတ် IP ဘာသာရပ်တစ်ခုစီ အတွက် ဥပဒေတစ်ခုစီ
ရေးဆွဲမလား ဆိုတာကို စဉ်းစားဖို့ရှိမယ်။ ဒုတိယအချက်က IP law ရေးဆွဲရတာ အခက်အခဲတွေ
ရှိတယ် ဆိုပေမယ့် တိုးတက်တဲ့နိုင်ငံကြီးများဖြစ်ပြီး ဒို့နဲ့ ဥပဒေ စနစ်ချင်းလည်းတူတဲ့ အင်္ဂလန်၊
အမေရိကန်၊ အိန္ဒိယစတဲ့နိုင်ငံတွေရဲ့  IP law တွေ နဲ့ WIPO က ထုတ်ပြန်တဲ့ 'model law' တွေ
ရှိရင်လည်း အဲဒီ law တွေထဲကဆိုင်ရာ အပိုဒ်တွေကို ယူပြီး ရေးဆွဲမယ်ဆိုရင်တော့ ခေတ်မီပြီး
ကောင်းမွန်တဲ့ ဥပဒေတစ်ခုဖြစ်လာနိုင်ပါလိမ့်မယ်။ တတိယနဲ့ အရေးကြီးဆုံးအချက်ကတော့
အဲဒီဥပဒေ အသစ်ထွက်လာရင် Trademark, Patent နဲ့ Industrial Design တွေ မှတ်ပုံတင်
ပေးဖို့ လျှောက်ထားလာတဲ့အခါ ကျွမ်းကျင်စွာ စိစစ်နိုင်ဖို့အတွက် သက်ဆိုင်ရာဘာသာရပ်မှာ
လေ့ကျင့် သင်ကြားထားပြီးဖြစ်တဲ့ ကျွမ်းကျင်သူတွေ အဆင်သင့်ရှိနေဖို့လိုမှာဖြစ်တယ်။ တီထွင်မှု
တွေနဲ့ စက်မှုဆိုင်ရာဒီဇိုင်းတွေ မှတ်ပုံတင်မယ့်သူတွေက နိုင်ငံခြားကုမ္ပဏီတွေဖြစ်မှာ ဆိုတော့၊
တစ်ချိန်တည်းမှာ စုံပုံပြီးရောက်လာကြလိမ့်မယ်၊ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်လောက်က ဖွံ့ဖြိုးဆဲ
နိုင်ငံကြီးတစ်ခုမှာ IP ရုံးဖွင့်ပေးလိုက်တော့ ခုနစ်ဆယ်ရာခိုင်နှုန်းလောက်က နိုင်ငံခြား တီထွင်မှုတွေ
ဖြစ်တယ်လို့ သတင်းတစ်ပုဒ်မှာ ဖတ်ရဖူးလို့ပြောတာပါ"

"ဟုတ်ကဲ့၊ အခုလို ပြည့်ပြည့်စုံစုံ ဆွေးနွေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာ"



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021