လာဘ်ပေးလာဘ်ယူ တိုက်ဖျက်မလား မှောင်ခိုဖမ်းတာကိုပဲ အားပေးမလား

လာဘ်ပေးလာဘ်ယူ တိုက်ဖျက်မလား မှောင်ခိုဖမ်းတာကိုပဲ အားပေးမလား

ပြီးခဲ့တဲ့ မေလ ၂၇ ရက်နေ့က နေပြည်တော် စီးပွားကူးသန်း ၀န်ကြီးဌာနမှာ တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီရဲ့ ဆုကြေးတိုးမြှင့်ပေးနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲ တစ်ခု ကျင်းပခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၇ ရက်နေ့က နေပြည်တော် စီးပွားကူးသန်း ၀န်ကြီးဌာနမှာ တရားမဝင်ကုန်သွယ်မှု
တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီရဲ့ ဆုကြေးတိုးမြှင့်ပေးနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲ တစ်ခု
ကျင်းပခဲ့ပါတယ်။

အဲဒီဆွေးနွေးပွဲကို စီးပွားကူးသန်းဝန်ကြီး ဦးဝင်းမြင့်ကိုယ်တိုင် တက်ရောက်ပြီး တရားမဝင်
မှောင်ခိုကုန် ဖမ်းဆီးတဲ့ Mobile Team အဖွဲ့တွေက ရတဲ့ ဆုကြေးငွေ အချိုးအစား ရာခိုင်နှုန်း
နည်းနေတဲ့အကြောင်း၊ ဒါကြောင့် မှောင်ခိုသမားတွေဟာ အဲဒီထက်များတဲ့ ငွေနဲ့ ညှိနှိုင်းလာဘ်
ပေးပြီး ကုန်ပစ္စည်းတွေကို ဆက်ပြီး ခိုးသွင်းခိုးထုတ် လုပ်နေကြတဲ့အကြောင်း၊ အဲဒီပြဿနာကို
ကုစားဖို့ မှောင်ခိုဖမ်းတဲ့ အဖွဲ့တွေကိုပေးတဲ့ ဆုကြေး တိုးမြှင့်ပေးဖို့ လိုတဲ့အကြောင်း ပြောဆို
ဆွေးနွေးခဲ့ပါတယ်။

၀န်ကြီး ဦးဝင်းမြင့်နဲ့အဖွဲ့ ဘာတွေ ဆွေးနွေးခဲ့ကြသလဲ၊ မှောင်ခိုဖမ်းတဲ့ အဖွဲ့တွေကို ဝေစုပိုခွဲပေးရင်
တရားမဝင် ကုန်သွယ်မှုတွေ လျော့နည်းကျဆင်းသွားမလားဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။

အားလုံးသိကြတဲ့အတိုင်း မြန်မာနိုင်ငံရဲ့ နယ်စပ်ကုန်သွယ်ရေး စာရင်းဇယားတွေကို ကြည့်လိုက်ရင်
သက်ဆိုင်ရာ အိမ်နီးချင်းနိုင်ငံတွေက စာရင်းဇယားတွေနဲ့ အမြဲလိုလို ကွာဟနေတာ တွေ့နိုင်ပါ
တယ်။

ဒါက တစ်နှစ် နှစ်နှစ် ဖြစ်နေတာ မဟုတ်ပါဘူး။ နှစ်ပေါင်းများစွာ ဖြစ်လာတဲ့ကိစ္စပါ။ တစ်ဆ နှစ်ဆ
ကွာတာမဟုတ်ပါဘူး။ အဆပေါင်းများစွာ ကွာဟနေတာပါ။

အဓိပ္ပာယ်ကတော့ မြန်မာနိုင်ငံဘက်ခြမ်းမှာ တရားမဝင် ကုန်သွယ်မှု အလွန်များနေတယ်။
တစ်နည်းအားဖြင့် မှောင်ခိုကုန်သွယ်မှု ပမာဏ အလွန်များနေတယ် ဆိုတာပါပဲ။

နောက်တစ်နည်း ထပ်ပြောရရင် မြန်မာ့နယ်စပ် ကုန်သွယ်ရေးမှာ လာဘ်ပေးလာဘ်ယူမှုတွေ
အလွန့်အလွန် များနေတယ်ဆိုတာပြတဲ့ လက္ခဏာလည်း ဖြစ်ပါတယ်။

လွန်ခဲ့တဲ့သုံးနှစ် သမ္မတ ဦးသိန်းစိန် အစိုးရ အဖွဲ့သစ်တက်လာတဲ့အခါ ကုန်သည်စက်မှု
လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးဝင်းမြင့်ကို စီးပွားကူးသန်းဝန်ကြီး ခန့်ပါတယ်။

သူတက်လာတဲ့အခါ ကြံုရတဲ့ပြဿနာ တစ်ခုကတော့ အဲဒီပမာဏ အလွန်များပြားလှတဲ့
တရားမဝင် ကုန်သွယ်မှု ပြဿနာပါ။

အရင်စစ်အစိုးရ လက်ထက်ကတည်းက ထားခဲ့ပြီး အစိုးရသစ် တက်လာတဲ့အချိန်ထိ ရှိနေသေးတဲ့
နယ်စပ်ကုန်သွယ်လမ်းကြောင်းက Check Point (စစ်ဆေးရေးစခန်း)တွေ ဆိုတာဟာလည်း
တရားမဝင် ကုန်သွယ်မှုကို စစ်ဆေးတဲ့နေရာတွေ မဟုတ်ဘဲ ကုန်သည်တွေ၊ ပြည်သူတွေကို
ခြိမ်းခြောက်၊ အနိုင်ကျင့် ငွေညှစ်၊ ဒုက္ခပေးတဲ့နေရာ၊ လာဘ်ပေးလာဘ်ယူလုပ်တဲ့ နေရာ၊
နာမည်ဆိုးနဲ့ ကျော်ကြားတဲ့နေရာတွေ ဖြစ်နေတာကြောင့် အားလုံးနီးပါးကို ပိတ်ပစ်ခဲ့ရပါတယ်။

ဒါပေမဲ့ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှာတော့ တရားမဝင် ကုန်သွယ်မှုတွေဟာ ပန်းပန်မြဲ၊
အောင်ပွဲခံဆဲပါပဲ။

ဒီလိုနည်းနဲ့ လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကစ ၀န်ကြီးဦးဝင်းမြင့်ဟာ မှောင်ခိုဖမ်းတဲ့ ရွေ့လျားအဖွဲ့ 
Mobile Team တွေ ဖွဲ့ပါတယ်။ တစ်နေရာတည်းမှာ မနေဘူး၊ ရွေ့လျားနေမယ်၊ မှောင်ခိုကုန်
တွေကို ဖမ်းမယ် ဆီးမယ် အရေးယူမယ်ပေါ့။

Mobile Team လို့ ပြောပေမယ့် တကယ့်တကယ် အကောင်အထည်ဖော်တဲ့အခါ နေရာတစ်ခု
သတ်မှတ်ပြီး လုပ်ကိုင်တာကြောင့် အရင် ချက်ပွိုင့်တွေနဲ့မခြား ပြန်ဖြစ်သွားပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီ Mobile Team အဖွဲ့တွေဟာ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း မှောင်ခိုကုန်တွေကို
ကျပ်ငွေ ၁၂ ဘီလျံဖိုး ဖမ်းဆီးနိုင်ခဲ့ပြီလို့ ၀န်ကြီး ဌာနက ကြေညာပါတယ်။

တစ်နှစ် ဒေါ်လာ ခြောက်သန်းဖိုးလောက်ပဲ ဖမ်းဆီးရမိတာပါ။ တရားမဝင် ကုန်သွယ်မှုပမာဏနဲ့
နှိုင်းယှဉ်ရင် အလွန်နည်းတဲ့ ပမာဏလို့ ပြောနိုင်ပါတယ်။

ဒါတောင် နယ်စပ်လမ်းကြောင်းတွေချည်း သက်သက်မဟုတ်ဘဲ ရန်ကုန်က အရက်နဲ့ ၀ိုင်
သိုလှောင်တဲ့ ဂိုဒေါင်တွေကို ၀င်ဖမ်းတာ၊ လေဆိပ်မှာ တစ်ခါတစ်ရံ ဖမ်းမိတာတွေကိုပါ
ထည့်တွက်ထားတာပါ။

ခုလို Mobile Team ဖွဲ့ပြီး မှောင်ခိုဖမ်းတာ အောင်မြင်သလားဆိုတော့ မေ ၂၇ အစည်းအဝေးမှာ
၀န်ကြီးဦးဝင်းမြင့် ပြောတာက မအောင်မြင်ဘူးဆိုတာပါပဲ။

သူ ဥပမာပေး ပြောတာကတော့ မှောင်ခိုသမားကြီးတွေဟာ အစိုးရကို အခွန် ကျပ် ၁၀ သိန်း
ဆောင်ရဖို့ရှိရင် မဆောင်ဘဲ တာဝန်ရှိသူတွေကို ကျပ်ငွေနှစ်သိန်း၊ သုံးသိန်းလောက် လာဘ်ပေးပြီး
မှောင်ခိုလမ်းကြောင်းကနေ ခိုးသွင်းနေကြဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကို သူက လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေး အာရုံစိုက် လုပ်ရမယ့်အစား မှောင်ခိုဖမ်းတဲ့
လူတွေကို ဆုကြေးငွေ တိုးမြှင့်ပေးရမယ်လို့ မရောင်ရာ ဆီလူးလုပ်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

နဂို သတ်မှတ်ချက်တွေအရ Mobile Team တွေက မှောင်ခိုဖမ်းမိရင် ဖမ်းမိပစ္စည်းရဲ့ ၈၀ ရာခိုင်နှုန်း
အစိုးရကယူမယ်။ ၁၀ ရာခိုင်နှုန်းက သတင်းပေး၊ ၁၀ ရာခိုင်နှုန်းက ဖမ်းဆီးတဲ့ အဖွဲ့က ရရမယ်လို့
ဆိုထားပါတယ်။

အဲဒီနှုန်းနဲ့ တွက်ရင်တောင် နှစ်နှစ်အတွင်း မှောင်ခိုဖမ်း သတင်းပေးသူတွေက ကျပ် သန်း ၁,၂၀၀
ကျော်၊ ရဲ၊ လဝက လို ဖမ်းဆီးသူတွေက ကျပ် သန်း ၁,၂၀၀ ကျော် ရခဲ့ပြီးဖြစ်ပါလိမ့်မယ်။
နည်းတဲ့ငွေ မဟုတ်ပါဘူး။ ဒါကိုနည်းသေးတယ်လို့ ဆိုနေတာပါ။

အစည်းအဝေးမှာ UMFCCI အတွင်းရေးမှူး ဦးအေးလွင် က ဖမ်းဆီးရမိတဲ့ မှောင်ခိုပစ္စည်းတွေအပေါ်
အစိုးရ၊ သတင်းပေးနဲ့ ဖမ်းဆီးရေးအဖွဲ့တွေကို ၅၀း၁၅း၃၅ အချိုးနှုန်း၊ မြင်းခြံ ပြည်သူ့လွှတ်တော်
အမတ် ဦးဝင်းမြင့်က ၆၀း၂၀း၂၀ အချိုး ခွဲဝေပေးသင့်တယ် စသဖြင့် အကြံပေးခဲ့ကြပေမယ့်
ပြောင်းလဲမယ့် တကယ့် နှုန်းထားအသစ်ကတော့ အစိုးရအဖွဲ့ အစည်းအဝေး တင်ပြပြီးမှ
အတည်ဖြစ်မှာပါ။

တကယ်တော့ ၀န်ကြီးဦးဝင်းမြင့်ဟာ မရောင်ရာဆီလူး လုပ်ငန်းလုပ်နေတာပါ။ နယ်စပ်တွေနဲ့
၀န်ကြီးဌာနတွေမှာ ဖြစ်ပေါ်နေတဲ့ လာဘ်ပေး လာဘ်ယူ ပြဿနာကြီးကို တိုက်ဖျက်ဖို့ လုံးဝ
မကြိုးစားဘဲ မှောင်ခိုဖမ်းဖို့လောက်ပဲ လုပ်နေတာပါ။

လာဘ်ပေးလာဘ်ယူ ဘယ်လောက်အထိ ကြီးထွားနေသလဲဆိုတာ သိချင်ရင် နယ်စပ်
အကောက်ခွန်နဲ့ အခြားဌာနဆိုင်ရာ အရာရှိတွေကနေ သူတို့မိသားစုဆွေမျိုးသားချင်းတွေဆီ
လွှဲပေးတဲ့ ငွေပမာဏ ဘယ်လောက်အထိ ရှိနေသလဲ စောင့်ကြည့်တာနဲ့တင် သိနိုင်ပါတယ်။

ဒီသုံးနှစ်အတွင်း သုံးသိန်းလောက် အရေအတွက်ရှိတဲ့ မော်တော်ဆိုင်ကယ်တွေ ခိုးသွင်းလာ
နိုင်တာကလည်း အလွန်ထင်ရှားတဲ့ နမူနာ တစ်ခုဖြစ်ပါတယ်။

နောက်တစ်ခုက ဦးဝင်းမြင့်ရဲ့ မအောင်မြင်တဲ့ လုပ်ငန်းစဉ် တွေပါ။

နယ်စပ်လမ်းကြောင်းတွေမှာ Mobile Team အဖွဲ့က မှောင်ခိုဖမ်းတာ အရှိန်ရလာချိန် တကယ့်
အချီကြီး မှောင်ခိုသွင်းနေတဲ့ ရန်ကုန် ဆိပ်ကမ်းနဲ့ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို အလားတူ
ကိုင်တွယ်ဖို့ ကြိုးစားပါသေးတယ်။

နိုင်ငံခြားက ၀င်လာတဲ့ ကွန်တိန်နာ သင်္ဘောတွေကို ပင်လယ်ဝအထိ ထွက်ပြီး စစ်ဆေး၊
မှောင်ခိုဖမ်းဖို့ပါ။

ရဲ၊ ရေတပ်၊ ရေကြောင်း ပို့ဆောင်ရေး ဘယ်ဝန်ကြီးဌာနကမှ ကောင်းကောင်း ပူးပေါင်းဆောင်ရွက်မှု
မရှိလို့ သူ့ အစီအစဉ် ရေစုန်မျောသွားခဲ့ပါတယ်။

လေဆိပ်မှာ ၀င်ဖမ်းဖို့လည်း ဒီလိုပါပဲ။ နိုဝင်ဘာလမှာ ၀င်ဖမ်းမယ်၊ ဒီဇင်ဘာလမှာ ၀င်စစ်မယ်
ဆိုပေမယ့် အဖျားရှူးသွားပြီး ဘာမှအကောင်အထည် မဖော်နိုင်ပါဘူး။

လေဆိပ်အကောက်ခွန်ကတော့ သူ့ထက် အများကြီး ပါးနပ်ပါတယ်။ စီးပွားကူးသန်းက Mobile
Team ၀င်မလာခင် သူ့ဘာသာသူ အကောက်ခွန်မဲ့တွေဆိုပြီး ဖမ်းပြလိုက်ပါတယ်။ ဒီအခါ
တန်ဖိုးပမာဏ အလွန်များတဲ့ မိုဘိုင်းဖုန်းဟန်းဆက်တွေ၊ ကွန်ပျူတာ အပိုပစ္စည်းတွေ စသဖြင့်
ဖမ်းဆီးရမိခဲ့ပါတယ်။

ဒါပေမဲ့လည်း လေယာဉ်မှူးတွေ၊ အကောက်ခွန်မှူးတွေ၊ လေဆိပ်လုံခြံုရေးတွေ၊ လဝကတွေ
စသဖြင့် ၀န်ထမ်းတွေ ပါ၀င်ပတ်သက်တဲ့ လာဘ်ပေးလာဘ်ယူမှုကြီးတွေကိုတော့ တစ်ခုမှ
မဖော်ထုတ်နိုင်ခဲ့ပါဘူး။

ပြောရရင် မြန်မာနိုင်ငံမှာ နယ်စပ်၊ လေဆိပ်၊ ပင်လယ်ကူးဆိပ်ကမ်းတွေမှာ ဖြစ်ပေါ်နေတဲ့
တရားမဝင် ကုန်သွယ်မှု၊ တစ်နည်း မှောင်ခိုလုပ်ငန်းဟာ အလွန့်အလွန်ကြီးကျယ်ပါတယ်။

၀န်ထမ်းတွေ၊ အစိုးရ အရာရှိတွေ၊ အစိုးရထိပ်ပိုင်းတွေ အထိ ပါ၀င်ပတ်သက်မှုတွေ ရှိနေပါတယ်။

၀န်ကြီး ဦးဝင်းမြင့်အနေနဲ့ ဒီ အဂတိလိုက်စားမှု၊ လာဘ်ပေးလာဘ်ယူမှု ပြဿနာကြီးတွေကို
ကိုင်တွယ် ဖြေရှင်းဖို့ မကြိုးစားဘဲ မှောင်ခိုဖမ်းဖို့ပဲ လုပ်နေတာ၊ မှောင်ခိုဖမ်းသူတွေကို ဝေစုများများ
ပေးဖို့ပဲ တောင်းဆိုနေတာဟာ မှန်ကန်တဲ့လုပ်ရပ် မဟုတ်သလို တရားမဝင်ကုန်သွယ်မှု
လျော့နည်း ပပျောက်သွားမှာလည်း မဟုတ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021